/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှု-ဘယ်အချိန်မှာ-လုပ်သင့်သလဲ

သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှု ဘယ်အချိန်မှာ လုပ်သင့်သလဲ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

သားအိမ်ခေါင်းကင်ဆာဟာ အမျိုးသမီးများတွင် အဖြစ်များသောကင်ဆာတစ်မျိုးဖြစ်တဲ့အပြင် အသက်ကိုပါ ခြိမ်းခြောက်နိုင်တဲ့ရောဂါဆိုလည်း မမှားပါဘူး။ အိမ်ထောင်သည်များတင်မကပဲ အရွယ်ရောက်ပြီးသော အမျိုးသမီးများဟာလည်း သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုကို စတင်ပြုလုပ်ထားသင့်ပါတယ်။
သားအိမ်ခေါင်းကင်ဆာကို စစ်ဆေးတဲ့နေရာမှာ စမ်းသပ်မှု (၂) မျိုး ရှိပါတယ်။
ဒါကတော့ -
(၁)  Pap Test (သားအိမ်ခေါင်းချွဲ စစ်ဆေးခြင်း)
Pap Smear ယူတယ်လို့လည်း ခေါ်ဝေါ်ပါတယ်။ သားအိမ်ခေါင်းမှာရှိတဲ့ အချွဲကို တုတ်တံအသံလေးနှင့်ယူပြီး စစ်ဆေးခြင်း ဖြစ်ပါတယ်။ ကသိကအောင့် အနည်းငယ် ဖြစ်နိုင်ပေမယ့် သိပ်မနာကျင်ပါဘူး။ ဒါဟာ ကင်ဆာမဖြစ်မီ အဆင့်များအတွက် စစ်ဆေးခြင်းဖြစ်ပြီး သားအိမ်ခေါင်းရှိ ဆဲလ်တွေရဲ့ ပြောင်းလဲမှုကို သိရှိနိုင်ပါတယ်။

(၂)  HPV Test (ဗိုင်းရပ်စ်ပိုး စစ်ဆေးခြင်း)
Human Papilloma Virus လို့ခေါ်တဲ့ သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ ဗိုင်းရပ်စ် ရှိ၊ မရှိကို စစ်ဆေးတာပါ။
အထက်ပါနှစ်ခုလုံးကို သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ပြီး စစ်ဆေးနိုင်ပါတယ်။

>>  စမ်းသပ်မှုတွေ မပြုလုပ်ခင် ဘာတွေပြင်ဆင်မလဲ?
●  သင် ရာသီလာနေစဉ်  မစစ်ဆေးသင့်ပါဘူး။
●  မစစ်ဆေးခင် နှစ်ရက်မှာ မိန်းမကိုယ်ကို ရေနဲ့ တခြားအရည်များဖြင့် ဆေးခြင်း၊ tampon သုံးခြင်း၊ အမျိုးသားနဲ့ လိင်ဆက်ဆံခြင်း၊ မိန်းမကိုယ်အတွင်း ဆေးများ ခရင်မ်များ၊ ဂျယ်လ်များ ထည့်ခြင်းကို ရှောင်ပါ။

>>  ဘယ်အရွယ်တွေမှာ စစ်ဆေးသင့်လဲ?
(၁)  အသက် ၂၁ - ၂၉ နှစ်အတွင်း
သင့်အသက် ၂၁ မှာ ပထမအကြိမ်  သားအိမ်ခေါင်းချွဲကို စတင်စစ်ဆေးသင့်ပါတယ်။ စစ်ဆေးမှုရလဒ်က ပုံမှန်ဖြစ်တယ်ဆိုရင်တော့ နောက် ၃ နှစ်နေရင် တစ်ခါ ထပ်မံစစ်ဆေးရမှာ ဖြစ်ပါတယ်။

(၂)  အသက် ၃၀ - ၆၅ နှစ်အတွင်း
ဆရာဝန်နဲ့တိုင်ပင်ပြီး အောက်ဖော်ပြပါ စစ်ဆေးမှုများအနက် သင့်တော်တာကိုစစ်ရမှာ ဖြစ်ပါတယ်။
●  သားအိမ်ခေါင်းချွဲ စစ်ဆေးမှု - အဖြေက ပုံမှန်ဆိုရင်တော့ နောက်သုံးနှစ်နေရင် နောက်တစ်ကြိမ် ထပ်စစ်ရပါမယ်။
●  ဗိုင်းရပ်စ်စစ်ဆေးခြင်း - သင့်အဖြေက ပုံမှန်ဆိုရင်တော့ နောက် ၅ နှစ်နေရင် တစ်ကြိမ် ထပ်စစ်ရပါမယ်။
●  သားအိမ်ခေါင်းချွဲနှင့် ဗိုင်းရပ်စ်စစ်ဆေးခြင်း - နှစ်ခုပေါင်းစစ်ဆေးခြင်းဖြစ်ပြီး အဖြေနှစ်ခုလုံး ကောင်းမွန်နေရင်တော့ နောက်ထပ် ၅ နှစ်နေရင် တစ်ခေါက်ထပ်စစ်ရမှာပါ။

(၃)  အသက် ၆၅ နှစ်အထက်ဖြစ်လျှင်
အောက်ပါအချက်တွေရှိနေရင် ထပ်မံစစ်ဆေးဖို့ မလိုတော့ပါဘူး။
●  စစ်ဆေးခဲ့တဲ့ အကြိမ်တိုင်းမှာအဖြေက ပုံမှန်သာဖြစ်ခြင်း
●  သားအိမ်ထုတ်ထားသူဖြစ်ခြင်း

ဒါဆိုရင်တော့ အရွယ်ရောက်ပြီး အမျိုးသမီးတွေအနေနဲ့လည်း အသက် ၂၁ မှာ သင်တို့ရဲ့ ပထမဆုံးအကြိမ် သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုကို စတင်သင့်သလို အိမ်ထောင်သည်အမျိုးသမီးများအနေနဲ့လည်း ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)