သားအိမ်ခေါင်းကင်ဆာ
ကြောက်စရာကောင်းတဲ့ သားအိမ်ခေါင်းကင်ဆာကြီးကို ကြိုတင်ကာကွယ်လို့ရပြီနော်။
မီးယပ်ဆရာဝန်တွေအတွက် အဓိကရည်မှန်းချက်ကတော့ မျိုးပွားအင်္ဂါစုမှာရှိတဲ့ ရောဂါတွေကို ကာကွယ်ဖု့ိပါပဲ။ အဓိကကတော့ သားအိမ်ခေါင်းကင်ဆာပေါ့။ သားအိမ်ခေါင်းဆိုတာ သားအိမ်အောက်ပိုင်း မိန်းမကိုယ်နဲ့ အဆက်ကြားမှာရှိတဲ့ အင်္ဂါအစိတ်ပိုင်းလေးပါ။
တခြားကင်ဆာတွေလိုပဲ ကင်ဆာကုထုံး အောင်မြင်၊ မမြင်ဟာ ဘယ်လောက်စောစောသိပြီး ဘယ်လောက်စောစော ကုသလဲဆိုတာပေါ် မူတည်နေပါတယ်။ ဒီလိုစောစောသိ စောစောကုနိုင်ဖို့ အမြဲတမ်းမှန်မှန် စစ်ဆေးကြည့်နေဖို့ လိုအပ်ပါတယ်။ ဒီလိုသိနိုင်ရင် ကုသမှု ပိုလွယ်ပြီး ကုန်ကျစရိတ်လည်း သက်သာစေတဲ့အပြင် သက်တမ်းကိုလည်း ပိုရှည်စေနိုင်ပါတယ်။
>> သားအိမ်ခေါင်းကင်ဆာ အမျိုးအစားတွေကတော့ -
● Squamous cell carcinoma လို့ခေါ်တဲ့ သားအိမ်ခေါင်းပြင်ပက ဆဲလ်တွေကနေဖြစ်တဲ့ ကင်ဆာအမျိုးအစားနဲ့
● Adenocarcinoma လု့ိခေါ်တဲ့ သားအိမ်ခေါင်းအတွင်း ဂလင်းဆဲလ်တွေကနေဖြစ်တဲ့ ကင်ဆာဆိုပြီး ၂ မျိုး ရှိတယ်။
>> ရောဂါလက္ခဏာတွေကတော့ -
အများစုကတော့ အစောပိုင်းမှာ ဘာလက္ခဏာမှ ပြလေ့မရှိဘူး။ ဒါကြောင့်လည်း စောစောသိဖို့ ခဲယဉ်းတာပေါ့။ နောက်ပိုင်းမှာဆိုရင် -
● ပုံမမှန် သွေးဆင်းခြင်း : အမျိုးသားနဲ့ အတူနေပြီးချိန်၊ ရာသီလာချိန်ကြားကာလ၊ သွေးဆုံးအပြီးတွေမှာ သွေးဆင်းခြင်း
● အတူနေချိန် သွေးဆင်းခြင်း
● အနံ့ဆိုးဆိုး အဖြူဆင်းခြင်း
စတဲ့ လက္ခဏာတွေ ဖြစ်တတ်တယ်။
>> ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ -
၁၀၀% တော့ အသေအချာ မသိသေးပေမယ့် အများစုမှာတော့ Human papillomavirus လို့ခေါ်တဲ့ သားအိမ်ခေါင်း ကြွက်နု့ိပိုးကနေ ဖြစ်တာကို တွေ့ရတယ်။ ဒီပိုးဟာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ပိုးတစ်မျိုးဖြစ်ပြီး ပုံမှန်ဆိုရင် ခုခံအားစနစ်က တားဆီးပေးပေမယ့် တချို့မှာ အကြာကြီး ခိုအောင်းနေပြီး ကင်ဆာဖြစ်လာစေနိုင်တယ်။ ဒီပိုးကို ကာကွယ်ဖို့ ကာကွယ်ဆေးတွေလည်း ရှိနေပြီမို့ အမျိုးးသားတွေရော အမျိုးသမီးတွေပါ ထိုးထားသင့်တယ်နော်။
နဂိုဆဲလ်အကောင်းတွေဟာ ပုံသဏ္ဌာန်ပြောင်းလဲပြီး ကင်ဆာအဖြစ် ပြောင်းလဲသွားတယ်။ ဒီလို ပုံသဏ္ဌာန်ပြောင်းလဲစေတဲ့ အကြောင်းရင်းတွေကတော့ -
● ငယ်ရွယ်စဉ် လိင်ဆက်ဆံသူတွေ
● လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ
● လိင်ဆက်ဆံဖော်များသူတွေ
● ဆေးလိပ်သောက်သူတွေ
● ခုခံအားစနစ်မကောင်းသူတွေ
● ပြင်ပကနေ ခုခံအားစနစ်ကျစေတတ်တဲ့ အကြောင်းရင်းတွေပါပဲ။
မဖြစ်ခင်ကတည်းက ကာကွယ်တာကတော့ အကောင်းဆုံးပါပဲ။ ဒီလိုဖြစ်စေတဲ့ အကြောင်းရင်းတွေကို သေချာဂရုစိုက် ရှောင်ကျဉ်ပြီး ကာကွယ်ဆေးထိုးဖို့ လိုအပ်တယ်။
>> သားအိမ်ခေါင်းကင်ဆာကို သိနိုင်ဖို့ -
အသက် ၂၁ နှစ်ကနေစပြီးပဲဖြစ်ဖြစ်၊ တချို့မှာ ဒီ့ထက်ပိုစောစောပဲဖြစ်ဖြစ် အမျိုးသမီးတိုင်း သားအိမ်ခေါင်းကင်ဆာလက္ခဏာတွေကို ရှာဖွေဖို့ လိုတယ်။ အသုံးအများဆုံး ရှာဖွေနည်း နှစ်နည်းကတော့ -
● သားအိမ်ခေါင်းချွဲစစ်ဆေးနည်းနဲ့
● HPV ကြွက်နို့ပိုး ရှာဖွေနည်းတွေပါပဲ။
>> ကင်ဆာ ဖြစ်နေနိုင်ခြေများသူတွေမှာတော့ ထပ်ပြီးတော့ -
● အသားစယူ စစ်ဆေးခြင်း
● သားအိမ်ခေါင်းအတွင်းသား ခြစ်ယူခြင်း
● လျှပ်စစ်ဝိုင်ယာကြိုးနဲ့ ဖြတ်ယူခြင်း
● မေ့ဆေးပေးပြီး အသားစနက်နက်ယူခြင်း
စတာတွေ လုပ်ပေးပါ။
>> ကုသနည်းတွေကတော့ -
အရင်ဆုံး ကင်ဆာအဆင့်ကို ခွဲဖို့ိအတွက် MRI တွေ၊ CT တွေလိုမျိုး ဓာတ်မှန်တွေ ရိုက်ဖို့လိုတယ်။
အဆင့် ၄ ဆင့် ရှိတယ်။
● အဆင့် ၁ : သားအိမ်ခေါင်းထဲမှာပဲရှိပြီး ဘေးမပြန့်သေးတဲ့ကင်ဆာ
● အဆင့် ၂ : သားအိမ်ခေါင်းနဲ့ မိန်းမကိုယ်အပေါ်ပိုင်းကို ပြန့်နေတဲ့ကင်ဆာ
● အဆင့် ၃ : မိန်းမကိုယ်နဲ့ တင်ပါးဆုံရိုးဘေးနားတွေ ပြန့်နေတဲ့ကင်ဆာ
● အဆင့် ၄ : အဆုတ်၊ အသည်း၊ ဆီးအိမ်၊ ဝမ်းအိမ် စသဖြင့် တခြားအင်္ဂါအစိတ်အပိုင်းတွေကို ပြန့်သွားတဲ့ကင်ဆာ
>> သားအိမ်ခေါင်းကင်ဆာကုထုံး အဓိကအားဖြင့် ၃ မျိုး ရှိတယ်။
● ခွဲစိတ်ခြင်း : သားအိမ်ကို ခွဲစိတ် ဖြတ်ထုတ်ပစ်လု့ိရတယ်။ ကင်ဆာအစောပိုင်းတွေမှာဆိုရင် သားအိမ်နဲ့ သားအိမ်ခေါင်းကိုပဲ ကင်ဆာနဲ့အတူ ဖြတ်ထုတ်လိုက်ရုံပဲပေမယ့် နောက်ပိုင်းအဆင့်တွေမှာတော့ မိန်းမကိုယ်နဲ့ လင့်ပြန်ကျိတ်တွေကိုပါ အကုန်ဖြတ်ထုတ်ပစ်ဖို့ လိုတယ်။
● ဓာတ်ရောင်ခြည်ကုသခြင်း
● ကင်ဆာဆေးသွင်းကုသခြင်း
ဘယ်နည်းနဲ့ ကုသရမလဲ ဆိုတာကတော့ ပြနေတဲ့ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)




























