သားအိမ်တွင်းထည့် သနေ္ဓတားပစ္စည်း
သားအိမ်တွင်းထည့် သနေ္ဓတားပစ္စည်းဟာ အလွန်အသုံးများလာပါတယ်။ T ပုံသဏ္ဌာန်ရှိပြီး ကော့ပါး သို့မဟုတ် ဟော်မုန်း ပါဝင်တဲ့ ပလတ်စတစ်ပစ္စည်း သေးသေးလေး ဖြစ်ပါတယ်။ ဒီပစ္စည်းလေးကို သားအိမ်ထဲထည့်ထားပြီး ပလတ်စတစ်ကြိုး အဖျားလေးကို သားအိမ်ခေါင်းကနေတစ်ဆင့် မိန်းမကိုယ်ထဲ ချထားရပါတယ်။
သားအိမ်တွင်းထည့် သနေ္ဓတားပစ္စည်း ၂ မျိုး ရှိပါတယ်။ ကော့ပါးနဲ့ ပြုလုပ်ထားတဲ့ သနေ္ဓတားပစ္စည်းဟာ အသုံးပြုတဲ့ အမျိုးအစားပေါ်လိုက်ပြီး ၃ နှစ်မှ ၁၀ နှစ်ထိ ခံနိုင်ပြီး ဟော်မုန်းအမျိုးအစားကတော့ အသုံးပြုတဲ့အမျိုးအစားပေါ် မူတည်ပြီး ၃ နှစ်မှ ၅ နှစ်ထိ ခံပါတယ်။ နှစ်မျိုးလုံးဟာ အမျိုးသားသုတ်ကောင်ကို သေစေနိုင်ပြီး သားအိမ်အတွင်းသားမှာ သားဥ လာကပ်မတွယ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဟော်မုန်းပါတဲ့ အမျိုးအစားကတော့ ဓမ္မတာ သွေးဆင်းခြင်းနဲ့ ဗိုက်အောင့်ခြင်းတို့ကိုပါ သက်သာစေနိုင်ပါသေးတယ်။
ကိုယ်ဝန်ဆောင်ဖူးသူတွေမှာ ပိုအဆင်ပြေပြီး ကိုယ်ဝန်မဆောင်ဖူးသူတွေမှာ ထည့်ရ ခက်တာ၊ ထည့်ပြီး အလွန်ကိုက်ခဲ နာကျင်တာမျိုး ဖြစ်နိုင်ပါတယ်။
ထည့်ပြီးနောက် ရက်ချိန်းပြန်ပြဖို့ အရေးကြီးပါတယ်။ ပြဿနာတစ်ခုခု ဖြစ်လာရင် ဆရာဝန်၊ ဆရာမတွေနဲ့ တိုင်ပင်ပြသပါ။
>> အိမ်မှာ ဘာလုပ်သင့်သလဲ?
၁ ရက်၊ ၂ ရက်ခန့် အနည်းငယ် ဗိုက်အောင့်ခြင်း၊ သွေးဆင်းခြင်းဖြစ်တတ်ပြီး အနာသက်သာအောင် ဗိုက်ပေါ် အပူကပ်ပေးနိုင်ပါတယ်။
အကိုက်အခဲပျောက်ဆေးတွေလည်း သောက်နိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးကို ၂ လုံး၊ ၃ လုံး တစ်ပြိုင်နက်သောက်ခြင်းကိုတေ့ာ ရှောင်ပေးပါ။
ရာသီလာပြီးတိုင်း မိန်းမကိုယ်ထဲ လက်ချောင်းတစ်ချောင်းထည့်ပြီး သားအိမ်ခေါင်းအဝမှာ သားအိမ်တွင်းထည့်ပစ္စည်းကြိုးစလေး ရှိ၊ မရှိ စမ်းကြည့်ပါ။ စမ်းမမိရင် သနေ္ဓတားဆေး နောက်တစ်မျိုးသုံးပြီး ဆရာဝန်နဲ့ အမြန်ဆုံး ပြသပါ။
သားအိမ်ထဲထည့် သနေ္ဓတားပစ္စည်း ထွက်ကျလာခဲ့ရင် သိမ်းထားပြီး ဆရာဝန်နဲ့ ပြသပါ။ ကြားထဲ သနေ္ဓတားဆေး နောက်တစ်မျိုး သုံးပေးပါ။
ဒီပစ္စည်းတွေဟာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကို မကာကွယ်နိုင်တဲ့အတွက် ကွန်ဒုံး သုံးပေးသင့်ပါတယ်။ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဟာ ကူးစက်ရောဂါတွေ ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။
>> ဘယ်အချိန်မှာ အရေးပေါ် ခေါ်သင့်သလဲ?
● သတိမူးမေ့လဲသွားခြင်း
● ခါးအောက်ပိုင်းမှာ ရုတ်တရက် နာကျင်လာခြင်း
>> ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသသင့်သလဲ?
● အလွန်အမင်း ဗိုက်အောင့်ခြင်း၊ ချက်အောက်ပိုင်း ကိုက်ခဲခြင်း
● သွေးဆင်းများခြင်း (နှစ်နာရီခြားတစ်ခါလောက် လစဉ်သုံးပစ္စည်း Pad လဲရခြင်း)
● ခေါင်းမူးပြီး မူးလဲမလိုဖြစ်ခြင်း
● ဖျားခြင်း၊ ခါးအောက်ပိုင်း နာကျင်ခြင်း၊ အဖြူဆင်းခြင်း
● ခါးအောက်ပိုင်း နာကျင်ခြင်း ပိုပိုဆိုးလာခြင်း
● ကြိုးစလေး စမ်းမမိတော့ခြင်း၊ ထွက်ကျလာခြင်း
● ဗိုက်အောင့်ခြင်း၊ အန်ခြင်း
● ကိုယ်ဝန်ရှိနေသည်ဟု သံသယရှိခြင်း။
Dr. Emerald (www.drmyanmar.com)




























