/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သားအိမ်ထုတ်တယ်ဆိုတာ

သားအိမ်ထုတ်တယ်ဆိုတာ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

        သားအိမ်နဲ့ ရံဖန်ရံခါ သားအိမ်ခေါင်းကို ခွဲထုတ်တာကို သားအိမ်ထုတ်လိုက်တယ်လို့ ပြောတတ်ကြပါတယ်။ ခွဲထုတ်လိုက်ရာမှာ သားဥအိမ်နဲ့ သားဥပြွန်ပါ တစ်ခါတလေ ပါတတ်ပါတယ်။
        သားအိမ်ဆိုတာ သစ်တော်သီးဇောက်ထိုးပုံစံရှိပြီး ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသမီးအင်္ဂါအစိတ်အပိုင်းတစ်ခုပါ။ သားအိမ်ရဲ့အတွင်းနံရံဟာ တဖြည်းဖြည်းနဲ့ထူထူလာပြီး သားဥကြွေပြီးနောက်မှာ သားဥကလေး လာတွယ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။
        တကယ်လို့ သန္ဓေမ‌အောင်ခဲ့ရင် အတွင်းနံရံကြွေကျပြီး ရာသီလာတော့တာပေါ့။ တကယ်လို့ သန္ဓေအောင်ခဲ့ရင် သန္ဓေသားကလေးဟာ ၉ လလုံးလုံး သားအိမ်အတွင်းမှာ တဖြည်းဖြည်းချင်း ကြီးထွားလာပါတယ်။
        သားအိမ်ဖြတ်ထုတ်လိုက်တဲ့ အမျိုးသမီးတစ်ယောက်မှာတော့ ရာသီလာတော့မှာ မဟုတ်သလို ကလေးလည်း ယူနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် သန္ဓေတားဆေးလည်းသောက်ဖို့ မလိုတော့ပါဘူး။

>>    သားအိမ်ထုတ်ပြီးနောက်မှာ ...
         သားအိမ်ထုတ်ထုတ်ပြီးပြီးချင်းမှာ -
●      ခွဲစိတ်လူနာစောင့်ကြည့်ခန်းမှာ နိုးထလာပါလိမ့်မယ်။
●      ခွဲခားတဲ့နေရာမှာ နည်းနည်းနာလာပါလိမ့်မယ်။ လှုပ်ရှားနိုင်အောင် အကိုက်အခဲပျောက်ဆေးတွေတော့ ပေးထားပါလိမ့်မယ်။
●      ရက်အနည်းငယ်မျှ လေထလေပွတာကို ခံစားရပါလိမ့်မယ်။
●      ပြုလုပ်ထားတဲ့ခွဲစိတ်မှုနဲ့ လူနာအခြေအနေပေါ် မူတည်ပြီး ပထမရက်ပိုင်းအတွင်းမှာတင် လက်ကအပ်ကို ဖြုတ်လို့ရနိုင်ပါတယ်။
●      ခွဲစိတ်နေတုန်း ဆီးအိမ်ကို ထိခိုက်မိတာမျိုး မရှိဘူးဆိုရင် ခွဲပြီး ၂၄ နာရီအတွင်း ဆီးပိုက်ကို ထုတ်ပစ်လို့ရပါပြီ။
●      ခွဲပြီးနောက် တတ်နိုင်သလောက်စောစော အိပ်ရာထဲကထွက်ပြီး ဆေးရုံပတ် လမ်းလျှောက်နိုင်ပါပြီ။
●      ခွဲစိတ်မှုအမျိုးအစားပေါ် မူတည်ပြီး ဆေးရုံမှာ ၂ ရက်ကနေ ၄ ရက်လောက်ထိ နေရနိုင်ပါတယ်။ တစ်ခါတလေလည်း ကြာနိုင်တာမျိုး ရှိနိုင်ပါတယ်။
        နာတာကို ကောင်းကောင်းထိန်းနိုင်ရင် သားအိမ်ခွဲထုတ်တဲ့ ခွဲစိတ်မှုတိုင်းဟာ နာလန်ထူနှုန်း အတူတူပါပဲ။ မိန်းမကိုယ်ကနေ ခွဲထုတ်တဲ့ သားအိမ်ခွဲထုတ်နည်းမှာတော့ တင်ပါးဆုံအောက်ပိုင်း ကြမ်းခင်းကြွက်သားတွေ၊ ဆီးသွားတာနဲ့ ဝမ်းသွားတာတွေကိုတော့ သေချာဂရုစိုက်ဖို့ လိုပါတယ်။
        ခွဲပြီးပထမရက်သတ္တပတ်အတွင်းမှာ တင်ပါးဆုံအောက်ပိုင်းကြမ်းခင်းကြွက်သားနဲ့ ဝမ်းဗိုက်ကြွက်သားလေ့ကျင့်ခန်းတွေ ပြုလုပ်ပြီး ပုံမှန်ဆီးအိမ်လုပ်ငန်း လုပ်ဆောင်နိုင်အောင်၊ မိန်းမကိုယ်ကြွက်သား ပုံမှန်ပြန်ဖြစ်အောာင် လေ့ကျင့်သင့်ပါတယ်။ ဘယ်အချိန်လောက်မှာ စလုပ်သင့်တယ်ဆိုတာကို ဆရာဝန်နဲ့တိုင်ပင်ပါ။

>>    သားအိမ်ထုတ်ခြင်းရဲ့နောက်ဆက်တွဲများ ...
●       ခွဲစိတ်နေချိန်မှာ မေ့ဆေးထုံဆေးနဲ့ ဓာတ်မတည့်ခြင်း
●       မေ့ဆေးရဲ့ ဒါမှမဟုတ် ဆေးရဲ့နောက်ဆက်တွဲအနေနဲ့ ပထမ ၁ ရက်ကနေ ၃ ရက်အတွင်း ပျို့ခြင်း၊ အန်ခြင်း
●       ပိုးဝင်ခြင်း
●       အတွင်းသွေးထွက်ခြင်း
●       ခွဲကြောင်းမှာဖြစ်စေ၊ ဝမ်းဗိုက်ထဲမှာဖြစ်စေ သွေးထွက်ပြီး စုပုံလာခြင်း
●       ကိုယ်တွင်းအမာရွတ်တစ်သျှူး‌‌တွေဖြစ်ခြင်း
●       သွေးခဲခြင်း (ခြေသလုံးသွေးကြော သွေးခဲခြင်း၊ အဆုတ်သွေးခဲပိတ်ခြင်း)
●       ဆီးသွားရ ခက်ခဲခြင်း
●       အူလမ်းကြောင်း၊ ဆီးအိမ်၊ ဆီးပိုက်တွေကို ထိခိုက်မိခြင်း (ရှားပါတယ်။)
●       ကိုယ်တွင်းအင်္ဂါတွေကြားလမ်းကြောင်းအသစ်ဖြစ်ခြင်း(ရှားပါတယ်။)
●       မိန်းမကိုယ်နံရံကျွံကျခြင်း
●       လိင်စိတ်ဆန္ဒ လျော့နည်းလာခြင်း
●       တင်ပါးဆုံအောက်ပိုင်း တောက်လျှောက်နာနေခြင်း (ရှားပါတယ်။) ခွဲပြီးနောက်မှာ သက်သာလာတတ်ပါတယ်။
●       တစ်ခုခုဆုံးရှုံးသွားသလို ခံစားရခြင်း

>>    သားအိမ်ထုတ်ပြီးနောက် ကိုယ့်ကိုယ်ကို ဘယ်လိုစောင့်ရှောက်ကြမလဲ?
●       အနားယူခြင်း : အနည်းဆုံး ၂ ပတ်လောက်တော့ ကောင်းကောင်း အနားရအောင်နေပါ။ ဒီအတောအတွင်းမှာ ကားမမောင်းပါနဲ့။ လှဲနေပါ။
●       လေ့ကျင့်ခန်း : ဆေးရုံမှာ သင်ပေးထားတဲ့အတိုင်း လေ့ကျင့်ခန်းဆက်လုပ်ပါ။ ဆရာဝန်က မတားမြစ်ထားရင် နေ့တိုင်းလမ်းလျှောက်ပါ။
●       မတ်တတ်ရပ်ခြင်း : အစောပိုင်းကာလအတွင်းမှာ မိနစ်ပိုင်း အတော်ကြာကြာ မတ်တတ်ရပ်တာမျိုးကို ရှောင်ပါ။ တဖြည်းဖြည်းချင်း တိုးတိုးပြီး ရပ်ပေးလို့ ရပါတယ်။
●       အလေးအပင် မခြင်း : အလေးအပင်မတာ၊ အကြောလျှော့တာမျိုးကို ရှောင်ပေးပါ။
●       ဝမ်းချုပ်ခြင်း : ဝမ်းမချုပ်ပါစေနဲ့။ အရည်တွေ အများကြီးသောက်ပြီး အသီးအရွက်တွေ အများကြီးစားပါ။ ပထမရက်ပိုင်းအတွင်းမှာ ဝမ်းပျော့ဆေးသောက်ပေးပါ။
●       ဆေး : ပိုးသတ်ဆေး သောက်ထားရင် နေကောင်း‌နေရင်‌တောင် ရက်ပြည့်အောင်သောက်ဖို့ လိုပါတယ်။
●       အိမ်ထောင်ဖက်နှင့်အတူနေခြင်း : မိန်းမကိုယ်ကောင်းကောင်း အနာကျက်၊ မကျက် သေချာအောင် ခွဲစိတ်ပြီး ရက်ချိန်းပြန်ကြည့်ချိန် (ခွဲပြီး ၄ ပတ်မှ ၆ ပတ်) အထိ အိမ်ထောင်ဖက်နဲ့ အတူနေတာကို ရှောင်ပေးပါ။ မိန်းမကိုယ်ခြောက်သွေ့နေရင် ချောဆီတစ်မျိုးမျိုး သုံးနိုင်ပါတယ်။

>>    သားအိမ်ခွဲထုတ်ပြီးနောက် ...
         သားအိမ်ခွဲထုတ်ပြီးနောက်မှာ သန္ဓေတားဆေး သုံးစရာမလိုတော့သလို ဓမ္မတာလည်း လာတော့မှာ မဟုတ်ပါဘူး။ သားဥအိမ်ပါ ထုတ်လိုက်ရင်တော့ ခွဲပြီးများမကြာမီမှာတင် သွေးဆုံးလက္ခဏာတွေပါ ခံစားလာရပါလိမ့်မယ်။
         သွေးမဆုံးသေးတဲ့အရွယ်ဆို အီစထရိုဂျင်ဟော်မုန်းပြန်ပေးဖို့ ဆရာဝန်က အကြံပြုပါလိမ့်မယ်။ အီစထရိုဂျင်ဟော်မုန်း ဘယ်လောက်ကြာကြာ သောက်ဖို့လိုတယ်ဆိုတာကတော့ အသက်ပေါ်မူတည်ပါတယ်။
         မီးယပ်ရောဂါတွေဖြစ်တဲ့ အသားလုံး၊ သားအိမ်အတွင်းသား နေရာလွဲမှားခြင်း၊ သားအိမ်ဂလင်းများ နေရာလွဲမှားခြင်း စတဲ့ရောဂါမျိုးမှာတော့ သားအိမ်ထုတ်လိုက်တာဟာ အကျိုးရှိတဲ့ကုထုံးတစ်မျိုးပါပဲ။ တစ်ခါတလေတော့ သားအိမ်အတွင်းသားနံရံ နေရာလွဲမှားခြင်းက ပြန်ပြန်ဖြစ်တတ်တာတော့ ရှိပါတယ်။
         ကင်ဆာအဆင့်‌‌ပေါ်မူတည်ပြီး ကင်ဆာကိုကုသဖို့ သားအိမ်ဖြတ်ထုတ်လိုက်ပြီဆိုရင် ကင်ဆာ တကယ်ပျောက်၊ မပျောက်ကို မှန်မှန်ပြန်လည်စစ်ဆေးဖို့ လိုအပ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာအတွက် သားအိမ်ခေါင်းချွဲ စစ်ဆေးသလိုပဲ မိန်းမကိုယ်ထိပ်ကချွဲကိုယူပြီး စစ်ဆေးဖို့ လိုပါတယ်။
         သားအိမ်ခေါင်းမပါဘဲ သားအိမ်ကိုပဲဖြတ်ထုတ်တဲ့ ခွဲစိတ်မှုမျိုးမှာတော့ သားအိမ်ခေါင်းချွဲကိုပါ စစ်ဆေးဖို့ လိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)