/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သားအိမ်ထုတ်ပြီးတဲ့အခါ-လိင်ဆက်ဆံလို့-ရပါ့မလား

သားအိမ်ထုတ်ပြီးတဲ့အခါ လိင်ဆက်ဆံလို့ ရပါ့မလား

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          သားအိမ် ခွဲစိတ်ထုတ်ပြီးတဲ့အခါ အကြောင်းတစ်ခုခုကြောင့် သားဥအိမ်တွေပါ ထုတ်ရတဲ့အခါ အမျိုးသမီးတွေဟာ မိမိကိုယ်ကို မိန်းမမပီသတော့ဘူးထင်ပြီး အထူးစိတ်ပူ ဝမ်းနည်းနေတတ်ကြပါတယ်။ အဲဒီအခြေအနေတွေကို မေ့လိုက်ပါတော့။ သားအိမ်ထုတ်ပြီးလည်း သင့်မှာ လိင်ကိစ္စရှိတဲ့အခါ တောင့်တင်းမှုဖြစ်နိုင်တဲ့ အဂါအစိတ်အပိုင်းတွေ ရှိနေပါသေးတယ်။ တချို့တွေက မွေးလမ်းကြောင်းပါ တစ်ပိုင်းတစ်စ ဖြတ်ထုတ်ရပေမယ့် ဒါကလည်း လိင်ဆက်ဆံလို့မရဘူးလို့ မဆိုလိုပြန်ပါဘူးတဲ့။  အမျိုးသမီးတွေ အနေနဲ့ အားငယ်စရာမလိုဘဲ ကျန်းကျန်းမာမာ ဖိုမဆက်ဆံရေးကို ရနိုင်ပါသေးတယ်။

●        အချိန်ကိုတော့ သိရပါမယ်။ သားအိမ်ထုတ်ပြီး နှစ်ပတ်ကနေ ခြောက်ပတ်အတွင်း အမျိုးသားနဲ လုံး၀အတူမနေပါနဲ့တဲ့။ အနာမကျက်သေးတာကြောင့် သွေးဆင်းတာ၊ အနာစုတ်ပြဲတာတွေ ဖြစ်လာနိုင်လို့ပါ။

●        လိင်ဆန္ဒ - သားအိမ်ထုတ်ပြီးတဲ့အခါ လိင်ဆန္ဒ အလိုလိုနည်းသွားတတ်တယ်လို့ ထင်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ မိမိရဲ့ကျန်းမာမှု အမြန်နလန်ထူလာတာ စိတ်ရောကိုယ်ပါ ပြန်လည်ကျန်းမာလာတာနဲ့ အမျိုးသားနဲ့ အတူနေချင်စိတ် ပြန်ပေါ်လာမှာပါ။

●        မြန်မြန်နလန်ထူဖို့ မိမိရဲ့ ဆရာဝန်၊ ဆရာမကို ခံစားရသမျှ ပြောပြပါ။ အာဟာရပြည့်ဝစွာ စားပါ။ လမ်းလျှောက်ပါ။ မကြာခဏပြုံးပါ။ မိမိဘဝကို သာယာကျေနပ်ဖို့ ကောင်းကောင်း နားထောင်နှစ်သိမ့်ပေးနိုင်သူကို ရှာပါ။ စိတ်ဖိစီးမှုရယ်၊ ခွဲစိတ်ထားတဲ့ ဒဏ်ရယ်ကြောင့် ကာမစွမ်းအား နည်းနေတတ်တာ ဖြစ်ပါတယ်။ အမှန်တကယ် အားနည်းနေရင်တောင် နေကောင်း၊ စိတ်ပျော်လာတာနဲ့အမျှ အမျိုးသားနဲ့ အတူပြန်နေနိုင်ပါပြီ။

●        တစ်ခါတလေ မိမိရဲ့ မိန်းမကိုယ်က ခြောက်သွေ့နေတာ၊ နာကျင်တာတွေ ရှိနေတတ်ပါတယ်။ KY gel လိုမျိုး ဆေးဆိုင်တွေမှာ ဝယ်လို့ရပါတယ်။ ဂျယ်လ်များများသုံးပြီး ချောမွေ့စေခြင်းဖြင့် သာယာကြည်နူးတဲ့ လိင်အတွေ့အကြုံကို ခံစားနိုင်ပါတယ်။

●        လိင်ဆက်ဆံနေတုန်း အပြင်းအထန် နာကျင်တာ၊ သွေးဆင်းတာတွေကတော့ ဖြစ်တောင့်ဖြစ်ခဲပါ။ ဖြစ်ခဲ့ရင်တော့ အထဲက အနာ ကျက်၊ မကျက်ကို ဆရာဝန်နဲ့ ပြန်လည်စစ်ဆေးပါ။

          သားအိမ်ထုတ်ထားပေမယ့် ကျန်းမာပြီး ဆွဲဆောင်မှုရှိရှိ ဘဝကိုဖြတ်သန်းနိုင်သေးတာမို့ သားအိမ်ထုတ်ထားတဲ့ အမျိုးသမီးရော သူမရဲ့အဖော်အမျိုးသားပါ အိပ်ရာပေါ် ဆက်ဆံရေးကို ဆရာ၀န် ညွှန်ကြားချက်နဲ့ ယခင်လို သာသာယာယာ ဆက်လက်လုပ်ဆောင်နိုင်ကြောင်း အားပေးလိုက်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)