/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သားအိမ်နံရံ-ထူလာခြင်း

သားအိမ်နံရံ ထူလာခြင်း

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          သားအိမ်နံရံ (endometrium) ထူလာတာဟာ ကင်ဆာ မဟုတ်သော်ငြားလည်း တစ်ခါတစ်ရံမှာတော့ သားအိမ်ကင်ဆာနဲ့ ဆက်စပ်နေလေ့ ရှိပါတယ်။

 

>>    သားအိမ်နံရံထူလာခြင်း အကြောင်းအရင်းများ

          ခန္ဓာကိုယ်ထဲမှာ အီစထရိုဂျင်ဟော်မုန်းတွေ များလာပြီး ပရိုဂျက်တွေနဲ့ ဟော်မုန်းနည်းလာရခြင်းက သားအိမ်နံရံကို ထူလာစေပါတယ်။ သားအိမ်နံရံထူလာရတဲ့ ဖြစ်စဉ်ကို နားလည်ဖို့အတွက် ဓမ္မတာစက်၀န်းအတွင်း ဟော်မုန်းပြောင်းလဲမှုများဟာ သားအိမ်အတွင်းနံရံအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိတယ်ဆိုတာ ဦးစွာသိထားဖို့ လိုအပ်ပါတယ်။

          ရာသီစက်၀န်းအစမှာ သားဥအိမ်မှာ အီစထရိုဂျင်ဟော်မုန်းတွေကို ထုတ်ပေးခြင်းဖြင့် သားအိမ်နံရံတွေကို ထူလာစေပြီး သနေ္ဓတည်နိုင်ရန် အသင့်အနေအထားကို ရောက်ရှိစေပါတယ်။ ဒါပေမဲ့ သားဥကြွေပြီးတဲ့အချိန်မှာ မျိုးအောင်တဲ့သားဥကို အထောက်အပံ့ပေးနိုင်ရန် ပရိုဂျက်စရုန်းဟော်မုန်း တက်လာပါတယ်။ အကယ်၍ သနေ္ဓမတည်ပါက ဟော်မုန်း 2 ခုလုံးရဲ့ ပမာဏဟာ ပြန်လည်နိမ့်ဆင်းသွားပါတယ်။ ပရိုဂျက်စရုန်းဟော်မုန်းကို လျှော့ချလိုက်ခြင်း အကြောင်းအရင်းကတော့ သားအိမ်နံရံတွေ ကြွေကျပြီး ရာသီလာစေဖို့ပဲဖြစ်ပါတယ်။

          သားဥမကြွေပါက ပရိုဂျက်စရုန်းလည်း ထွက်လာမှာ မဟုတ်သလို နံရံတွေကလည်း ကြွေကျမှာ မဟုတ်ပါဘူး။ ဒါကြောင့် သားအိမ်နံရံတွေဟာ အီစထရိုဂျင်ရဲ့အရှိန်နဲ့ ဆက်လက်ကြီးထွားနေမှာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ နံရံအတွင်းမှာရှိတဲ့ ဆဲလ်တွေဟာ တဖြည်းဖြည်း ပုံမှန်မဟုတ်တော့ပါဘူး။

          အချို့သော အမျိုးသမီးတွေမှာတော့ ဆဲလ်တွေဟာ ပုံမမှန်ဘဲ ပွားလာတဲ့အတွက် ကင်ဆာရောဂါ ဖြစ်လာနိုင်ပါတယ်။

 

>>    ဖြစ်ပွားမှုနှုန်းကို မြင့်တက်စေတဲ့ အချက်များ

          သားအိမ်နံရံ ထူလာနိုင်ခြေကို မြင့်တက်စေတဲ့အကြောင်းအရင်း များစွာရှိသော်လည်း ထိုအချက်တစ်ခုခုရှိရုံနဲ့ ဖြစ်လာမယ်လို့တော့ တပ်အပ်ပြောလို့ မရပါဘူး။ ဖြစ်လေ့ဖြစ်ထရှိတဲ့ အချက်တွေကတော့ -

•        အသက် 35 နှစ်အထက်ဖြစ်ခြင်း

•        အသားဖြူခြင်း

•        အပျိုဖော်၀င်တာ စောခြင်း (သို့) သွေးဆုံးတာ နောက်ကျခြင်း

•        အ၀လွန်ခြင်း

•        ဆေးလိပ်သောက်ခြင်း

•        မိသားစုမျိုးရိုးထဲ၌ သားအိမ်ကင်ဆာ၊ အူမကြီးကင်ဆာနှင့် သားဥအိမ်ကင်ဆာဖြစ်ဖူးခြင်း

•        ဆီးချိုရောဂါ၊ သားဥအိမ်၌ အရေအိတ်များတည်သောရောဂါ၊ သည်းခြေရောဂါ (သို့) သိုင်းရွိုက်ရောဂါများ ရှိခြင်း

 

>>    ရောဂါလက္ခဏာများ

          ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း (ရာသီလာချိန် တစ်ခုနဲ့တစ်ခုကြားမှာ ပုံမှန်ထက် ပို၍သွေးဆင်းခြင်း) သည် အဖြစ်အများဆုံး ရောဂါလက္ခဏာတစ်ခု ဖြစ်ပါတယ်။ မိမိရဲ့ရာသီစက်၀န်းက 21 ရက်ထက် တိုနေပါက ဆရာ၀န်နဲ့ ဆွေးနွေးတိုင်ပင်ဖို့လိုပါတယ်။ ရာသီလာတဲ့ ပထမဆုံးနေ့မှစတင်ကာ နောက်တစ်ကြိမ် ရာသီလာတဲ့ ပထမဆုံးနေ့အထိ ရေတွက်ရမှာ ဖြစ်ပါတယ်။

          အကယ်၍ သွေးဆုံးပြီး အမျိုးသမီးဖြစ်ပါက ဘယ်လိုအကြောင်းကြောင်းကြောင့် သွေးဆင်းသည်ဖြစ်စေ ဆရာ၀န်နဲ့ သွားရောက်ပြသဖို့ လိုအပ်ပါတယ်။

 

>>    ရောဂါရှာဖွေခြင်း

          ပုံမှန်မဟုတ်ဘဲ သွေးဆင်းပါက အောက်ပါစစ်ဆေးမှုများ ပြုလုပ်ရန် ဆရာ၀န်မှ ညွှန်ကြားပါလိမ့်မယ်။

•        မိ်န်းမကိုယ်မှတစ်ဆင့် တယ်လီဗွီးရှင်း ဓာတ်မှန်ရိုက်ခြင်း

•        အသားစယူ၍ စစ်ဆေးခြင်း

•        မိန်းမကိုယ်အ၀ကို ချဲ့၍ သားအိမ်ခြစ်ခြင်း

•        သားအိမ်မှန်ပြောင်း ကြည့်ခြင်း

 

>>    သားအိမ်နံရံထူခြင်း အမျိုးအစားများ

          ဘယ်အမျိုးအစားလဲဆိုတာ တိတိကျကျ မပြောနိုင်ခင်မှာ ဆဲလ်တွေ ပြောင်းလဲခြင်းရှိမှုကို ဆရာ၀န်မှ ဦးစွာစစ်ဆေးပါလိမ့်မယ်။

          အကယ်၍ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုမျိုးတွေ တွေ့ရှိရပါက မူမမှန်ခြင်းလို့ အမည်တပ်ပါလိမ့်မယ်။ အမျိုးအစားတွေကတော့ -

•        ရိုးရှင်းသော သားအိမ်နံရံထူခြင်း အမျိုးအစား (များသောအားဖြင့် ကင်ဆာဖြစ်လေ့မရှိ)

•        ရှုပ်ထွေးသော သားအိမ်နံရံထူခြင်း အမျိုးအစား

•        ရိုးရှင်း၍ မူမမှန်သော သားအိမ်နံရံထူခြင်း အမျိုးအစား

•        ရှုပ်ထွေး၍ မူမမှန်သော သားအိမ်နံရံထူခြင်း အမျိုးအစား

 

>>    ကုသမှုခံယူခြင်း

          သားအိမ်နံရံထူခြင်းကို ပရိုဂျက်စတုန်းဟော်မုန်း အစားထိုးပေးခြင်းဖြင့် ကုသနိုင်ပါတယ်။ ထိုကဲ့သို့ ဖန်တီးထားတဲ့ဟော်မုန်းကို သောက်ဆေး အနေနဲ့သော်လည်းကောင်း၊ မိန်းမကိုယ်လိမ်းဆေး အနေနဲ့သော်လည်းကောင်း၊ ထိုးဆေး အနေနဲ့သော်လည်းကောင်း၊ သားအိမ်ထဲထည့်တဲ့ ပစ္စည်းအနေနဲ့သော်လည်းကောင်း အသုံးပြုနိုင်ပါတယ်။

          ရိုးရှင်းတဲ့အမျိုးအစားဟာ အဖြစ်အများဆုံးဖြစ်ပြီး ကင်ဆာဖြစ်နိုင်ချေဟာလည်း အလွန်မှပင် နည်းပါးပါတယ်။

          မူမမှန်တဲ့ အမျိုးအစားဖြစ်ပါက ကင်ဆာဖြစ်နိုင်ဖို့ အခွင့်အလမ်း ပိုမိုများပြားပါတယ်။

          ရိုးရှင်း၍ မူမမှန်တဲ့ အမျိုးအစားဖြစ်ပါက ကုသမှုမခံယူလျှင် ကင်ဆာဖြစ်နိုင်ပြီး 8 ရာခိုင်နှုန်းရှိ၍ ရှုပ်ထွေး၍ မူမမှန်သော အမျိုးအစားဖြစ်ပါက ကင်ဆာဖြစ်နိုင်ခြေ 29% ရှိပါတယ်။

          အကယ်၍ မူမမှန်တဲ့ အမျိုးအစားဖြစ်တယ်ဆိုတာ သေချာတဲ့အပြင် မိသားစုဘ၀လည်း ပြည့်စုံနေပြီဆိုပါက ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ကာကွယ်ရန် ဆရာ၀န်မှ သားအိမ်ထုတ်ပစ်ရန် အကြံပေးပါလိမ့်မယ်။

 

Dr. Thinzar Wynn (www.drmyanmar.com)