/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သားအိမ်အသားလုံး

သားအိမ်အသားလုံး

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

            အသက် ၅၀ အရွယ်မှာ အမျိုးသမီး ၁၀ ယောက်မှာ ၈ ယောက်က သားအိမ်မှာ အသားလုံးဖြစ်တတ်ကြပါတယ်။ uterine fibroids ဆိုတာ အဖြစ်များပြီး သားအိမ်ကြွက်သားတွေ ကြီးထွားလာတဲ့ ကင်ဆာမဟုတ်သော ရောဂါပဲဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်မှာ အရွယ်အစား ၁ - ၈ လက်မလောက်ရှိတဲ့ အသားလုံးတစ်လုံး (သို့) အသားလုံးလေးတွေ အများကြီးရှိတတ်ပါတယ်။ အချို့မှာတော့ ဘာရောဂါလက္ခဏာမှမပြဘဲ ရှိနေတတ်ပါတယ်။ ဒါပေမယ့် သားအိမ်အသားလုံးရှိတဲ့ အမျိုးသမီးတွေရဲ့ အနည်းဆုံး ၂၅% လောက်ကတော့ ရောဂါလက္ခဏာ အနည်းငယ် (သို့) ပြင်းထန်လာပြီး ကုသမှုခံယူရပါတယ်။

ရောဂါလက္ခဏာများ

-  ဓမ္မတာမမှန်ခြင်း၊ သွေးများများဆင်းခြင်း၊ သွေးဆင်းချိန်ကြာခြင်း

-  ရာသီလာချိန်တွင် ကိုက်ခဲခြင်း

-  သွေးအတုံး၊အခဲများဆင်းခြင်း

-  ဗိုက်ပြည့်အင့်ခြင်း

-  ဝမ်းချုပ်ခြင်း

-  ဆီးခဏခဏသွားခြင်း၊ ဆီးသွားရခက်ခဲခြင်း

-  မျိုးမအောင်ခြင်း

-  လိင်ဆက်ဆံလျှင်နာခြင်း

-  နာတာရှည်အဖြူဆင်းခြင်း

-  ပင်ပန်းနွမ်းနယ်ခြင်း

အများအားဖြင့် အမျိုးသမီးတွေက ကုသမှုခံယူဖို့ ၃နှစ်ခွဲ - ၅နှစ်ကျော်လောက်စောင့်ပြီးမှ လာလေ့ရှိကြပါတယ်။ ရောဂါသိဖို့နောက်ကျခြင်းက ရောဂါကုထုံးတွေရဲ့ အကျိုးသက်ရောက်မှုကိုနှောင့်နှေးစေပါတယ်။ စောစောသိလေလေ ကုသဖို့နည်းလမ်းများများရွေးချယ်နိုင်လေပါပဲ။

ကုထုံးများ

၁။ စောင့်ကြည့်ခြင်း - ဘာရောဂါလက္ခဏာမှမပြသေးရင်တော့ စောင့်ကြည့်နေရပါမယ်။ ကုသမှုမပြုသေးပေမယ့် ပြောင်းလဲမှုနဲ့ ရောဂါလက္ခဏာတွေကိုတော့ မျက်ခြေမပျက်စောင့်ကြည့်နေရပါမယ်။

၂။ ဟော်မုန်းဆေးများ - ကိုယ်ဝန်တားဆေး (သို့) အခြားဟော်မုန်းဆေးတွေက အသားလုံးကို ကျုံ့စေနိုင်သလို သွေးထွက်တာကိုလည်း ထိန်းချုပ်နိုင်ပါတယ်။

၃။ ဟော်မုန်းမဟုတ်သောဆေးများ - tranexemic acid ကဲ့သို့သော ဆေးတွေက သွေးဆင်းများတာကို သက်သာစေပါတယ်။

၄။ Focused ultrasound - ခွဲစိတ်ဖို့မလိုဘဲ နှှုန်းလွန်အသံလှိုင်းကို အသုံးပြုပြီး အသားလုံးတစ်သျှူးတွေကို အပူပေးဖျက်ဆီးတဲ့ နည်းတစ်မျိုးဖြစ်ပါတယ်။

၅။ Uterine fibroid embolization (UFE) - အသားလုံးကို သွေးရောက်ရှိမှုနည်းအောင် သားအိမ်သွေးကြောကို အမှုန်လေးတွေနဲ့ ပိတ်ဆို့လိုက်ခြင်းဖြစ်ပါတယ်။

၆။ Myomectomy procedures - သားအိမ်မှ အသားလုံးကို မှန်ပြောင်းသုံးပြီး (သို့) ဗိုက်ခွဲပြီး ဖယ်ထုတ်ခြင်း

၇။ Hysterectomy (ဝမ်းဗိုက် မှန်ပြောင်းဖြင့်၊ မွေးလမ်းကြောင်းမှတစ်ဆင့် မှန်ပြောင်းထည့်ပြီး၊ ဗိုက်ခွဲ) - သားအိမ်တစ်ခုလုံးထုတ်လိုက်ခြင်း၊ အခြားအသားလုံးပြန်မဖြစ်အောင်ဖယ်ရှားခြင်း

ကုထုံးတွေကို ရှင်းပြလိုက်ချိန်မှာ အမျိုးသမီး ၆၀%က ultrasound ကို ရွေးချယ်ကြပါတယ်။ ၅၅% လောက်ကတော့ နောက်ထပ်ပြန်ဖြစ်မှာကြောက်လို့ သားအိမ်ထုတ်ချင်ကြပါတယ်။

            တကယ်လို့ မိမိရဲ့သားအိမ်မှာ အလုံးအကျိတ်ဖြစ်နေတယ်လို့သံသယရှိရင် ဆရာဝန်နဲ့ ပြပြီး ကုထုံးတွေအကြောင်းကို လေ့လာပါ။ ရောဂါစောစောသိလေလေ ရွေးချယ်စရာကုထုံးတွေများပြီး ကောင်းမွန်တဲ့ ဘဝအရည်အသွေးကို ပိုင်ဆိုင်နိုင်ပါမယ်။

            သိထားသင့်တဲ့အချက်တွေကတော့ ဒီရောဂါခံစားလာရပြီဆိုရင် ကုထုံးတွေကိုသေချာရွေးချယ်ပါ။ ခွဲစိတ်မှုမလုပ်ခင်မှာ အခြားနည်းလမ်းတွေကို တစ်ခုပြီးတစ်ခု ရွေးချယ်လို့ရပါတယ်။ ခွဲစိတ်ရမယ်ဆိုရင်လည်း ဆရာဝန်တိုက်တွန်းမှုအရ မဟုတ်ဘဲ မိမိဆန္ဒနဲ့ သေချာဆုံးဖြတ်ပါ။  

 

Dr. Mya Myo Myo Swe

www.drmyanmar.com