/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သားဥအိမ်ကင်ဆာနဲ့-ပတ်သက်ပြီး-သိထားသင့်တဲ့အချက်တွေ

သားဥအိမ်ကင်ဆာနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်တွေ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

အမျိုးသမီးတွေမှာ အဖြစ်များပြီး သတိထားရတဲ့ ကင်ဆာတွေထဲမှာ သားဥအိမ်ကင်ဆာလည်း အပါအဝင်ဖြစ်ပါတယ်။ သဘာဝတရားက လက်ဆောင်ပေးထားတဲ့ သားဥအိမ်ဟာ အမျိုးသမီးတို့အတွက် အကျိုးကျေးဇူးတွေ အများကြီးပေးပေမယ့် ရောဂါဖြစ်ပြီဆိုလျှင်လည်း အန္တရာယ်များတဲ့အတွက် သေသေချာချာ ကုသဖို့လိုအပ်ပါတယ်။ သားဥအိမ်ကင်ဆာနဲ့ ပတ်သတ်ပြီး သိကိုသိထားရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
သားဥအိမ်ကင်ဆာကို ရိုးရိုး ဗိုက်မကောင်းတာနဲ့ မှားတတ်ပါတယ်။
ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ ဝမ်းချုပ်တာ၊ ဗိုက်အောင့်တာ၊ ရာသီမမှန်တာ စတာတွေဟာ ရောဂါရဲ့ရှေ့ပြေးလက္ခဏာတွေ ဖြစ်နိုင်တာကြောင့် မပေါ့ဆဘဲ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
သန္ဓေတားဆေး သောက်တာ၊ ကလေးမွေးတာတွေက သားဥအိမ်ကင်ဆာ ဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။
သားဥအိမ်ကင်ဆာ ဖြစ်ပွားနှုန်းက သားဥကြွေနှုန်းများလေ တက်လာလေ ဖြစ်ပါတယ်။ စောစောရာသီလာတဲ့ အမျိုးသမီးတွေ၊ အသက် ၅၅ နောက်ပိုင်းမှ သွေးဆုံးတဲ့အမျိုးသမီးတွေဟာ ရောဂါဖြစ်နိုင်ချေ ပိုများပါတယ်။
သားဥအိမ်ကင်ဆာကို တိတိကျကျ စစ်ဆေးနိုင်တဲ့ စစ်ဆေးချက် မရှိပါဘူး။
သားအိမ်ခေါင်းကင်ဆာကို လွယ်လွယ်ကူကူ အချွဲယူပြီး စစ်ဆေးနိုင် သလိုမျိုး သားဥအိမ်ကင်ဆာကို မစစ်ဆေးနိုင်ပါဘူး။ အကောင်းဆုံး နည်လမ်းကတော့ နှစ်စဉ်မှန်မှန် ကွန်ပျူတာဓာတ်မှန် (အယ်ထရာစောင်း) ရိုက်ပြီး စစ်ဆေးကြည့်တာပါပဲ။
ဖြစ်တာရှားပေမယ့် သေဆုံးနှုန်းများပါတယ်။
သင့်မှာရှိခဲ့ရင် သင့်မိသားစု၊ ဆွေမျိုးတွေကို ကြိုတင်ကာကွယ်နိုင်ပါတယ်။
တကယ်လို့ သင့်ဟာ မျိုးရိုဗီဇကြောင့်ဖြစ်တဲ့ သားဥအိမ်ကင်ဆာ ရှိတာဆိုရင် သင့်ရဲ့သမီးတွေ၊ ညီအစ်မတွေကိုပါ မျိုးရိုးဗီဇ စစ်ဆေးမှုကို ပြုလုပ်ခိုင်းဖို့ လိုပါတယ်။
ရောဂါရှိပြီဆိုတာနဲ့ သေမိန့်ကျသွားတာမျိုး မဟုတ်ပါဘူး။
ဆေးပညာတွေ တိုးတက်လာတာနဲ့အမျှ ရောဂါရှိသူ အမျိုးသမီးတွေဟာ သက်တမ်းရှည်ရှည်၊ သက်သက်သာသာ နေလာနိုင်ပါပြီ။
သားဥအိမ်ကင်ဆာဟာ အူမကြီးကင်ဆာ ဖြစ်ပွားမှုနဲ့ ဆက်စပ်နေပါတယ်။
မိသားစုထဲမှာ အူမကြီးကင်ဆာ ဖြစ်ပွားသူရှိခဲ့ရင် သားဥအိမ်ကင်ဆာနဲ့ သားအိမ်ကင်ဆာဖြစ်နှုန်း များတာမို့ ဆရာဝန်ကို ပြောပြဆွေးနွေးသင့်ပါတယ်။
လေ့ကျင့်ခန်းလုပ်ပါ၊ ကျန်းမာရေးနဲ့ ညီညွတ်တာတွေ စားပါ၊ သားဥအိမ်ကင်ဆာသာမက နှလုံးရောဂါကိုပါ ကာကွယ်ပေးပါတယ်။
သားဥအိမ်ကင်ဆာကို အဆင့် ၃ လောက်ရောက်မှ သိကြတာများပါတယ်။ နောက်ကျမှသိတဲ့အတွက် ကုသမှုက အောင်မြင်မှု နည်းပါတယ်။ ဒါကြောင့် လက္ခဏာတွေကို သိထားပြီး မိမိကိုယ်ကို ဆန်းစစ်ကာ စောစော ကုသမှု ခံယူသင့်ပါတယ်။
ဒါကြောင့်မို့ နှစ်စဉ် အမျိုးသမီးရောဂါကို သေချာစစ်ဆေးဖို့ လိုပါတယ်။
လေထိုး၊ လေပွတာ၊ လေအောင့်တာမျိုးတွေကလည်း သားဥအိမ်ကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်တတ်တာကြောင့် မပေါ့ဆသင့်ပါဘူး။
အဝလွန်တာကလည်း ရောဂါဖြစ်နှုန်းကို တက်စေလို့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းသင့်ပါတယ်။
ခွဲစိတ်ကုသနည်းတစ်မျိုးပဲရှိတာ မဟုတ်ပါဘူး။ တခြားနည်းလမ်းတွေလည်း အများကြီး ရှိတာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီး ရွေးချယ်ကုသနိုင်ပါတယ်။

Dr. Htar (www.drmyanmar.com)