သားဥအိမ်တွင် ရေအိတ်များရှိသောရောဂါလက္ခဏာစုကြောင့် ကိုယ်အလေးချိန်တက်လာနိုင်ပါသလား
PCOS (သားဥအိမ်တွင်ရေအိတ်တည်သောရောဂါလက္ခဏာစု) နဲ့ပတ်သက်ရင် အများစုသိထားကြ တာက ရာသီမမှန်ခြင်း၊ ရာသီသွေးပျောက်ခြင်း၊ အချို့မိန်းကလေးများတွင် ရာသီသွေးအဆင်းများခြင်း တို့တွေဖြစ်ပေမယ့် ဝလာခြင်းကဲ့သို့သောအခြားပြဿနာတွေကိုလည်း ကြုံတွေ့ရတတ်ပါတယ်။
PCOSက အမေရိကန်အမျိ်ုးသီး 5 သန်းလောက်မှာကြုံတွေ့နေရပြီး အသက် 11 နှစ်အရွယ် ကတည်းက ရောဂါလက္ခဏာတွေစပြီးပြနေပါပြီ။
ဒီရောဂါက ကိုယ်အလေးချိန်အပေါ်ဘယ်လိုအကျိုးသက်ရောက်မှုရှိတယ်ဆိုတာကိုသိရင် ဒီရောဂါနဲ့ ဆီးချိုကဲ့သို့သော အခြားကျန်းမာရေးပြဿနာတွေကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာကိုပါ ကူညီပေးပါလိမ့်မယ်။
ရောဂါလက္ခဏာများနှင့် ရောဂါဖော်ထုတ်ခြင်း
ဟော်မုန်းဓာတ်တွေမညီမျှခြင်းကြောင့် PCOS ဖြစ်တတ်ပါတယ်။ PCOS ရှိတဲ့အမျိုးသမီးတွေ မှာ ယောကျာ်းဟော်မုန်းတစ်မျိ်ုးဖြစ်တဲ့ Androgen ပုံမှန်ထက်ပိုများနေပါတယ်။ Androgen ဟော်မုန်းထုတ်တာ နည်းနည်းလေးများလာရင်တောင် သားဥအိမ်လုပ်ငန်းတွေကို ပုံမမှန်ဖြစ်စေပြီး ရာသီသွေးပုံမှန်မလာခြင်း၊ သားဥမကြွေခြင်းနဲ့ ယောကျာ်းဟော်မုန်းများတဲ့လက္ခဏာတွေဖြစ်တဲ့ ဝက်ခြံထွက်ခြင်းနဲ့ အမွှေးအမျှင်အလွန်အကျွံထွက်ခြင်းတွေဖြစ်လာစေပါတယ်။
ရောဂါအမည်သတ်မှတ်နိုင်ဖို့အတွက် ဆရာဝန်က အောက်ပါလက္ခဏာ 3 မျိုးအနက် 2 မျိုး ရှိ/မရှိ ကြည့်ပါလိမ့်မယ်။
- နာတာရှည်ရာသီသွေးပုံမှန်မပေါ်ခြင်း (သို့) ရာသီသွေးမပေါ်ခြင်း (Androgen များခြင်းကြောင့်)
- ယောကျာ်းဟော်မုန်းများသော ရောဂါလက္ခဏာများဖြစ်တဲ့ ဝက်ခြံပေါက်ခြင်းနှင့် အမွှေးအမျှင်ထူလာခြင်း (မျက်နှာနှင့် ကိုယ်လုံးရှိအမွှေးများ ပုံမှန်ထက်ပို၍ပေါက်ခြင်း)
PCOS (သားဥအိမ်တွင် ရေအိတ်များစွာရှိခြင်း) ရောဂါကြောင့် အောက်ပါ လက္ခဏာများကို လည်းဖြစ်စေပါတယ်။
- ကလေးမရနိုင်ခြင်း
- အဆီဓာတ်များခြင်း
- ဆီးချိုရောဂါဖြစ်နိုင်ချေများခြင်း
- စိတ်ကျခြင်း
အဝလွန်တဲ့အမျိ်ုးသမီးတွေ၊ ဆီးချိုရောဂါရှိသူတွေနဲ့ ကိုလက်စထရောလ်များတဲ့သူတွေမှာ နောက်ဆက် တွဲအနေနဲ့ နှလုံးရောဂါဖြစ်နိုင်ချေ များပါတယ်။
အင်ဆူလင်ခုခံမှုနှင့် ကိုယ်အလေးချိန်တက်ခြင်း
PCOS ရောဂါရှိတဲ့ အမျိ်ုးသမီးတွေရဲ့ ခန္ဓာကိုယ်က အင်ဆူလင်ပမာဏကို ပုံမှန်ထက်ပိုပြီးထုတ်တဲ့အတွက် အကျိုးဆက်အနေနဲ့ Androgen လို့ခေါ်တဲ့ ကျားဟော်မုန်းတွေပါ ပိုထွက်လာစေပြီး လူကိုလည်းဝလာစေပါတယ်။
PCOS ရောဂါရှိတဲ့အမျိုးသမီးတွေက အခြားသူတွေထက်ပိုပြီး ဝလာတတ်ပြီး ဒီလိုပိုပြီးဝလာလေလေ ဆီးချိုရောဂါလိုမျိုး အခြားရောဂါတွေဖြစ်ဖို့ အခွင့်အရေးများလေလေပါပဲ။ PCOS ရောဂါရှိတဲ့ အမျိ်ုးသမီးတစ်ဝက်ကျော်လောက်က အဝလွန်နေကြပါတယ်။
မျိုးရိုးဗီဇနှင့် သက်ဆိုင်ပါသလား?
မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် PCOS ရောဂါဖြစ်နိုင်ချေများပါတယ်။ အမေ (သို့) အစ်မမှာ PCOS ရောဂါရှိတယ် (သို့) အမျိုးအရင်းတစ်ယောက်ယောက်မှာ ဆီးချိုရောဂါရှိတယ်ဆ်ိုရင် ဒီရောဂါပိုဖြစ်နိုင်ပါတယ်။ PCOS က အဖေဘက်ကနေလည်း မျိုးရိုးလိုက်တတ်ပါတယ်။
သိထားသင့်တဲ့အချက်များ
PCOS ရောဂါကို ပျောက်အောင်ကုသနိုင်တဲ့ နည်းလမ်းမရှိသော်လည်း သူ့ရဲ့ရောဂါလက္ခဏာတွေကို လျော့အောင်လုပ်နိုင်တဲ့အချက်တွေရှိပါတယ်။
1. ကိုယ်အလေးချိန်ကိုအမြဲစမ်းစစ်ပါ။ အဝလွန်နေမယ်ဆိုရင်တော့ အစားအစာနဲ့လေ့ကျင့်ခန်းနှစ်မျိ်ုးပေါင်းပြီး ခန္ဓာကိုယ်အလေးချိန်ရဲ့ 5-10% လောက်လျှော့ချခြင်းဖြင့် ကိုလက်စထရောလ်များခြင်း၊ ဆီးချိုရောဂါအကြိုလက္ခဏာများနှင့် မျိုးပွားနိုင်ခြင်း စတာတွေလျော့ကျစေဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။
2. အင်ဆူလင်ပမာဏကို ထိန်းချုပ်ပါ။ ဆရာဝန်က ဆီးချိုရောဂါကိုထိန်းချုပ်ဖို့အတွက် Metformin ဆေးသောက်ဖို့ ညွှန်ကြားပါလိမ့်မယ်။ ဒီဆေးက အင်ဆူလင်ခုခံမှုကို တိုက်ဖျက်ပေးတဲ့အတွက် PCOS ရောဂါကိုလည်းကုသနိုင်ပါတယ်။
3. ကလေးလိုချင်တဲ့ အမျိုးသမီးတွေအနေနဲ့ သားဥကြွေစေတဲ့ဆေးတွေ သောက်နိုင်ပါတယ်။
4. ဟော်မုန်းညီမျှမှုရှိပါစေ။ ကိုယ်ဝန်ဆောင်ဖို့ရည်ရွယ်ချက်မရှိတဲ့အမျိုးသမီးတွေအတွက် သနေ္ဓတားဆေးသောက်ခြင်းဖြင့် ဟော်မုန်းညီမျှစေပြီး ရာသီစက်ဝန်းကိုပုံမှန်အတိုင်းဖြစ်စေပါတယ်။ ဒီဆေးတွေက ကင်ဆာရောဂါဖြစ်နိုင်ချေကိုလျော့ကျစေပြီး အမွှေးအမျှင်များထူထဲစွာပေါက်ခြင်းနဲ့ ဝက်ခြံပေါက်ခြင်းတို့ကိုလည်း သက်သာစေပါတယ်။
ကိုယ်အလေးချိန်လျှော့ကျခြင်းက PCOS ရောဂါကိုသက်သာစေတဲ့အကြောင်းအရင်း တစ်ခုဖြစ်တဲ့အတွက် အစားစာ၊ လူနေမှုပုံစံတွေကိုပြောင်းလဲပြီး ကိုယ်အလေးချိန်ကိုထိန်းချုပ်ဖို့လိုပါတယ်။
Dr. Mya Mya Myo Swe






























