/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သိုင်းရွိုက်ဟော်မုန်းများခြင်းက-ကိုယ်၀န်ရနိုင်ခြေကိုထိခိုက်နိုင်

သိုင်းရွိုက်ဟော်မုန်းများခြင်းက ကိုယ်၀န်ရနိုင်ခြေကိုထိခိုက်နိုင်

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

           သနေ္ဓအောင်ခြင်းဖြစ်ဖို့အတွက် မမျိုးဥနဲ့ သုတ်ပိုးပေါင်းစပ်ရပါတယ်။ ဒီလိုပေါင်းစပ်နိုင်ဖို့အတွက် ခန္ဓာကိုယ်ထဲမှာ ပံ့ပိုးပေးရတဲ့ လုပ်ငန်းစဉ်တွေရှိပါတယ်။ ဒီပံ့ပိုးပေးတဲ့လုပ်ငန်းစဉ်တွေထဲမှာ လည်ပင်းမှာရှိတဲ့ သိုင်းရွိုက်ဂလင်းရဲ့ကဏ္႑လည်း တစ်စိတ်တစ်ဒေသပါဝင်ပါတယ်။ သိုင်းရွိုက်ဂလင်းကထွက်တဲ့ ဟော်မုန်းတွေက ခန္ဓာကိုယ်ရဲ့စွမ်းအင်အသုံးပြုမှုကိုထိန်းချုပ်ပေးပါတယ်။ သိုင်းရွိုက်ဟော်မုန်းထုတ်တာများသွားရင် ခန္ဓာကိုယ်က စွမ်းအင်တွေကို လျင်မြန်စွာသုံးစွဲလိုက်ပါတယ်။ သိုင်းရွိုက်ရောဂါကြောင့် ကိုယ်ဝန်ရရှိနိုင်မှုကို နှောင့်နှေးစေနိုင်သလို အခြားရောဂါလက္ခဏာတွေကိုလည်းဖြစ်စေနိုင်ပါတယ်။

          သိုင်းရွိုက်ဂလင်းတက်ကြွလွန်းတာကြောင့်ဖြစ်တဲ့ ရောဂါတစ်ခုဖြစ်တဲ့ Graves’ disease ကြောင့် အိပ်မပျော်ခြင်း၊ လက်တုန်ခြင်း၊ ဆံပင်ကြွတ်ဆတ်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း စတဲ့ရောဂါလက္ခဏာတွေ ခံစားရတတ်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေမှာ ရာသီမကြာခဏလာခြင်း၊ အမျိုးသားတွေမှာ သုတ်ပိုးထွက် နည်းခြင်း ဖြစ်စေတဲ့အတွက် ကိုယ်ဝန်ရဖို့အခက်အခဲဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဆေးကုသမှု ခံယူပြီး ဟော်မုန်းပမာဏပုံမှန်ပြန်ဖြစ်လာရင်တော့ ကိုယ်ဝန်အလွယ်တကူရနိုင်ပါတယ်။ တစ်ခါတလေ ရောဂါ နည်းနည်းပိုပြီးပြင်းထန်ရင်တော့ ရေဒီယိုသတ္တိကြွအိုင်အိုဒင်းဖြင့် ကုသခြင်း၊ ခွဲစိတ်ခြင်းတွေပြုလုပ်ဖို့ လိုပါတယ်။ ရေဒီယိုသတ္တိကြွအိုင်အိုဒင်းနဲ့ကုသမှုပြီးရင်တော့ 6 လကြာမှကိုယ်ဝန်ဆောင်ဖို့ ဆရာဝန်က ညွှန်ကြားပါတယ်။

          Graves’ disease ရောဂါအတွက်ဆေးတွေသောက်နေရတယ်ဆိုရင် ဆရာဝန်နဲ့သေချာ တိုင်ပင်ဆွေးနွေးပြီးမှ ကိုယ်ဝန်ဆောင်ပါ။ မထင်မှတ်ဘဲရသွားရင် ဆေးတွေရဲ့ဆိုးကျိုးကြောင့် သနေ္ဓသား (သို့) မိခင်ရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ်ရှိတယ်ဆိုရင် ဆရာဝန်နဲ့သေချာတိုင်ပင်ခြင်းဖြင့် သောက်နေတဲ့ဆေးတွေကို ဆရာဝန်က ပြန်စစ်ဆေးပြီး လိုအပ်ရင် ဆေးပမာဏလျှော့ပေးပါလိမ့်မယ်။ ဒါမှသာ လည်ပင်းကြီးဟော်မုန်းများရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ ကိုယ်ဝန်ပျက်ကျခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်း၊ လမစေ့ဘဲကလေးမွေးခြင်း စတာတွေကိုလည်း လျော့နည်းစေနိုင်ပါမယ်။

          ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ခန္ဓကိုယ်က ခုခံအားစနစ်ကို ဖိနှိပ်ထားပါတယ်။ ကိုယ်ဝန်ဆောင်ချိန် မှာ ဖြစ်တဲ့အပြောင်းအလဲတွေကြောင့် ဆေးလိုအပ်မှုပမာဏက ကိုယ်ဝန်မဆောင်မီအချိန်နဲ့ တူချင်မှ တူတော့မှာပါ။ (သို့) ဆေးပြောင်းပေးဖို့လိုချင်လိုပါလိမ့်မယ်။ ကိုယ်ဝန်နဲ့သင့်တော်တဲ့ ဆေးတွေ ကို ပြောင်းသောက်ဖို့လိုပါတယ်။

          ကလေးမွေးပြီးချိန်မှာလည်း ဟော်မုန်းက ပုံမှန်ပြန်ဖြစ်သွားတဲ့အတွက် ဆရာဝန်နဲ့ပြန်ပြပြီး ဆေးတွေပြန်ညှိရပါတယ်။ ကလေးနို့တိုက်နေတယ်ဆိုရင်လည်း ဆရာဝန်ကိုပြောပြဖို့ လိုပါတယ်။

Dr. Mya Myo Myo Swe

www.drmyanmar.com