သွေးဆုံးကိုင်လက္ခဏာတွေ သက်သာအောင်
အမျိုးသမီးအများစုဟာ အသက် ၄၀ နှောင်းပိုင်း၊ ၅၀အစောပိုင်းကာလတွေမှာ သွေးဆုံးတတ်ကြပါတယ်။ ဒီအချိန်မှာ အမျိုးသမီး ၃ပုံ၂ပုံ ဟာ ပူလိုက်အေးလိုက်ဖြစ်ခြင်း၊ ချွေးစေးပြန်ခြင်း၊ နုံးခြင်း၊ စိတ်တိုစိတ်ဆတ်စိတ်အပြောင်းအလဲမြန်ခြင်း စတဲ့လက္ခဏာတွေကို ခံစားရတတ်ပါတယ်။
သွေးဆုံးပြီးသူအမျိုးသမီးတွေမှာ အရိုးပွခြင်း၊ အဝလွန်ခြင်း၊ နှလုံးရောဂါ၊ ဆီးချိုစတဲ့ ရောဂါမျိုးစုံဖြစ်နှုန်း ပိုများလာပါတယ်။ ဒီလိုသွေးဆုံးကိုင်လက္ခဏာတွေကို သက်သာစေဖို့ နည်းလမ်းကောင်းလေးတွေကို ပြောပြပါရစေ။
၁။ ကယ်လ်ဆီယမ်နဲ့ဗီတာမင်ဒီသောက်ပါ။
သွေးဆုံးချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် အရိုးပွနှုန်းများလာနိုင်ပါတယ်။ ကယ်လ်ဆီယမ်နဲ့ဗီတာမင်ဒီဟာ အရိုးအဆစ်တွေကို သန်မာစေတဲ့အတွက် အရိုးမကျိုးအောင် တားဆီးပေးနိုင်ပါတယ်။
ဒိန်ချဉ်၊ ချိစ်စတဲ့နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ဟင်းနုနွယ်စတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေနဲ့ တိုဖူး၊ ပဲ၊ ဆာဒင်းငါးစတဲ့အစားအသောက်တွေအားလုံးဟာ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ကယ်လ်ဆီယမ်ဓာတ်ထပ်ဖြည့်ထားတဲ့ အချိုရည်တွေ၊ နို့တွေ၊ Cerealမနက်စာတွေကိုလည်း စားသုံးနိုင်ပါတယ်။
ဗီတာမင်ဒီကို အဓိကရရှိနိုင်တဲ့နေရာကတော့ နေရောင်ပဲဖြစ်ပါတယ်။ ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ အရေပြားက နေရောင်ကိုစုပယူနိုင်မှု ပိုပိုနည်းလာပါတယ်။
ဒါကြောင့် နေရောင်ထိတွေ့မှုနည်းပါးရင်၊ နေရောင်ထဲမှာ အကာအကွယ်နဲ့အသွားများရင် ဗီတာမင်ဒီများတဲ့အစားအသောက်တွေစားပေးဖို့ လိုလာနိုင်ပါတယ်။
အဆီများတဲ့ငါး၊ ဥ၊ ငါးကြီးဆီ၊နဲ့ ဗီတာမင်ဒီဖြည့်စွက်ထားတဲ့အစားအသောက်တွေကို စားပေးနိုင်ပါတယ်။
၂။ သင့်တင့်လျောက်ပတ်တဲ့ကိုယ်အလေးချိန်ကိုထိန်းသိမ်းပါ။
သွေးဆုံးချိန်မှာ ကိုယ်အလေးချိန်တိုးတတ်ပါတယ်။ ဒါဟာ ဟော်မုန်းအပြောင်းအလဲ၊ အသက်ကြီးလာခြင်း၊ နေထိုင်မှုပုံစံနဲ့ မျိုးရိုးဗီဇတို့အပေါ်မှာ မူတည်နေပါတယ်။ ကိုယ်တွင်းအဆီတွေ၊ အထူးသဖြင့် ဗိုက်အဆီတက်လာခြင်းက နှလုံးနဲ့ဆီးချိုရောဂါကို ပိုဖြစ်လာစေနိင်ပါတယ်။
ဒါ့အပြင် ကိုယ်အလေးချိန်က သွေးဆုံးကိုင်ခြင်းလက္ခဏာတွေအပေါ်အကျိုးသက်ရောက်မှု ရှိနေပါတယ်။
သွေးဆုံးပြီးအမျိုးသမီး ၁၇,၄၇၃ ယောက်ကို လေ့လာထားတဲ့ လေ့လာမှုတစ်ခုမှာ တစ်နှစ်အတွင်း ကိုယ်အလေးချိန်၁၀ပေါင် သို့မဟုတ် ၁၀%ချနိုင်သူတွေဟာ ပူလိုက်အေးလိုက်ဖြစ်တာတွေ၊ ညဘက်ချွေးစေးပြန်တာတွေ အဖြစ်နည်းတယ်လို့ သိရပါတယ်။
၃။ ဟင်းသီးဟင်းရွက်များများစားပါ။
သစ်သီးသစ်ဥ၊ ဟင်းရွက်တွေများများစားခြင်းက သွေးဆုံးခြင်းလက္ခဏာတွေကို လျော့နည်းစေနိုင်ပါတယ်။ အသီးအရွက်တွေဟာ ကယ်လိုရီနည်းပါးပြီး ဗိုက်ပြည့်စေနိုင်တာကြောင့် ကိုယ်အလေးချိန်ထိန်းသိမ်းရာမှာ အထောက်အကူပြုပါတယ်။ ဒါ့အပြင် နှလုံးရောဂါကိုလည်း ဟန့်တားပေးနိုင်ပါတယ်။
သွေးဆုံးပြီးချိန်မှာ အသက်အရွယ်ကြောင့်သော်လည်းကောင်း၊ ကိုယ်အလေးချိန်တက်လာခြင်းကြောင့်သော်လည်းကောင်း၊ အီစထရိုဂျင်ဓာတ်လျေ့နည်းခြင်းကြောင့်သော်လည်းကောင်း၊ နှလုံးရောဂါဖြစ်နှုန်းနည်းပါးလာပါတယ်။ နောက်ဆုံးအနေနဲ့ ဟင်းသီးဟင်းရွက်တွေဟာ အရိုးပွခြင်း၊ ဆုံးရှုံးခြင်းတို့ကိုလည်း တားဆီးပေးပါတယ်။
၄။ ရောဂါပိုဆိုးစေနိုင်တဲ့အစားအသောက်တွေကို ရှောင်ပါ။
ကဖိန်း၊ အရက်၊ အချို၊ အစပ်တွေဟာ ပူရှိန်းရှိန်းဖြစ်ခြင်း၊ ညဘက်ချွေးစေးပြန်ခြင်း၊ စိတ်အပြောင်း အလဲမြန်ခြင်းစတဲ့ သွေးဆုံးကိုင်လက္ခဏာတွေကို ဖြစ်စေနိုင်ပြီး အထူးသဖြင့် ညဘက်မှာစားမိရင် ပိုဆိုးတတ်ပါတယ်။
ရောဂါပိုဆိုးစေနိုင်တဲ့အစားအသောက်ကို သေချာမှတ်သားထားပြီး ရှောင်ကြဉ်သင့်ပါတယ်။
၅။ လေ့ကျင်ခန်းပုံမှန်ပြုလုပ်ပါ။
လေ့ကျင့်ခန်းပြုလုပ်ခြင်းက သွေးဆုံးကိုင်ခြင်း လက္ခဏာတွေကို သက်သာစေနိုငိကြောင်း ပြသထားတဲ့ လေ့လာမှုတွေတော့မရှိပေမယ့် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းက အကျိုးရှိကြောင်းတော့ တွေ့ရပါတယ်။
အင်အားနဲ့ဇီဝကမ္မဖြစ်စဉ်တွေ ပိုမြန်ဆန်ကောင်းမွန်လာပြီး အရိုးအဆစ်တွေသန်မာကာ စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်တာကြောင့် ကောင်းကောင်းအိပ်ပျော်စေနိုင်ပါတယ်။
တစ်ပတ်ကို ၃ နာရီခန့် တစ်နှစ်ဆက်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်းက စိတ်ရောကိုယ်ပါကျန်းမာစေနိုင်ပါတယ်။
၆။ Phytoestrogen များတဲ့အစားအသောက်တွေ စားပေးပါ။
Phytoestrogen ဆိုတာ ကိုယ်ခန္ဓာကထုတ်လုပ်တဲ့ အီစထရိုဂျင်နဲ့တူတဲ့ အပင်ထွက်ပစ္စည်းတစ်ခုဖြစ်ပါတယ်။
ဒါကြောင့်ကိုယ်တွင်းဟော်မုန်းညီမျှအောင် ထိနး်ညှိပေးပါတယ်။
Phytoestrogenများတဲ့အစားအသောက်တွေကတော့ ပဲနဲ့ပဲပိစပ်၊ တိူ့ဖူး၊ နှမ်းစတာတွေပဲ ဖြစ်ပါတယ်။ ဒီလိုသဘာဝအစားအစာတွေမှာပါတဲ့ Phytoestrogenဓာတ်ဟာ ဖြည့်စွက်အားဆေးတွေနဲ့ ပြုပြင်ပြောင်း လဲထားတဲ့အစားအသောက်တွေထက် ပိုကောင်းပါတယ်။
၇။ ရေများများသောက်ပါ။
သွေဆုံးချိန်မှာ ဟော်မုန်းတွေလျော့နည်းသွားခြင်းကြောင့် ခြောက်သွေ့လာတတ်ပါတယ်။
တစ်နေ့ကိုရေ ၈ ခွက်မှ ၁၂ ခွက်လောက်ထိသောက်ခြင်းဖြင့် ဒီလိုလက္ခဏာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ရေများများသောက်ခြင်းဖြင့် ရင်ပြည့်ရင်ကယ်မဖြစ်အောင် ကာကွယ်ပေးတဲ့အပြင် ဗိုက်ပြည့်စေပြီး ဇီဝကမ္မဖြစ်စဉ်ကိုအနည်းငယ် မြန်စေတဲ့အတွက် ကိုယ်အလေးချိန်ကိုလည်း လျော့ချပေးနိုင်ပါတယ်။
၈။ သကြားအဖြူ နဲ့ ပြုပြင်ထားတဲ့အစားအသောက်တွေကို ရှောင်ပါ။
ပြုပြင်ထားတဲ့ ကစီဓာတ်တွေ၊ သကြားတွေဟာ သွေးတွင်းအချိုဓာတ်အတက်အကျမြန်စေနိုင်တာကြောင့် အလွယ်တကူနုံးချိ၊ စိတ်တိုနေတတ်ပါတယ်။ ဒါ့အပြင် လေ့လာမှုတစ်ခုမှာ စိတ်ဓာတ်ကျခြင်းကိုလည်း ဖြစ်စေနိ်င်တယ်လု့ိ သိရပါတယ်။ အရိုးကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါသေးတယ်။
၉။ ထမင်းနပ် မကျော်ပါနဲ့။
သွေးဆုံးခိျန်မှာ အစားအသောက်ကို ပုံမှန်စားသောက်ပေးသင့်ပါတယ်။
ထမင်းနပ်ကျော်ခြင်းက တစ်ချို့လက္ခဏာတွေကို ပိုဆိုးလာစေနိုင်ပြီး ကိုယ်အလေးချိန်ကျဆင်းမှုကိုလည်း အဟန့်အတားဖြစ်စေနိုင်ပါတယ်။
၁၀။ ပရိုတင်းအသားဓာတ်များတဲ့အစားအသောက်တွေစားပေးပါ။
နေ့တိုင်းပရိုတင်းအသားဓာတ်စားပေးခြင်းက အသက်ကြီးလာလို့ ကြွက်သားဆုတ်ယုတ်ခြင်းမဖြစ်အောင် ကာကွယ်တားဆီးပေးပါတယ်။ ဒါ့အပြင် ဗိုက်ပြည့်လွယ်စေပြီး ကယ်လိုရီလောင်ကျွမ်းမှုကို အားပေးတဲ့အတွက် ကိုယ်အလေးချိန်ကိုလည်း ကျစေနိုင်ပါတယ်။
အသား၊ ငါး၊ ဥ၊ ပဲ၊ အစေ့အဆံများနဲ့ နို့ထွက်ပစ္စည်းတွေမှာ အသားဓာတ်ပရိုတင်းကြွယ်ဝစွာ ပါဝင်ပါတယ်။
အမျိုးသမီးတိုင်း မလွဲမသွေခံစားရမယ့် သွေးဆုံးခြင်းကို အပေါ်မှာပြောခဲ့တဲ့ အချက်လေးတွေ လိုက်နာလုပ်ဆောင်ကြည့်ပြီး သွေးဆုံးကိုင်လက္ခဏာတွေကို ကျော်လွှားနိုင်ကာ ပျော်ရွှင်ကျန်းမာသော ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒမွန်ဖြင့် ဆုတောင်းပေးလိုက်ပါတယ်…..





























