/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သွေးဆုံးချိန်ကို-လွှမ်းမိုးထားသော-အကြောင်းအရာများ

သွေးဆုံးချိန်ကို လွှမ်းမိုးထားသော အကြောင်းအရာများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

           အမျိုးသမီးတွေဟာများသောအားဖြင့်အသက် ၄၅ နှစ်မှ ၅၅ နှစ်အတွင်းသွေးဆုံးခြင်းကို ခံစားရလေ့ရှိပါတယ်။ အချို့သော အမျိုးသမီးများတွင် သွေးဆုံးချိန်၌ ဓမ္မတာရုတ်ခြည်းရပ်သွားပြီး အချို့သောအမျိုးသမီးတွေမှာ သွေးဆုံးချိန်မတိုင်မီ ဓမ္မတာမမှန်ခြင်း၊ ရာသီသွေးနည်းသွားခြင်းတို့ကို ခံစားရလေ့ရှိပါတယ်။

          သွေးဆုံးချိန်တွင် မမျိုးဥအိမ်မှထုတ်လုပ်တဲ့ ဟော်မုန်းပမာဏလျော့နည်းသွားတာကြောင့် တကိုယ်လုံးချေွး ထွက်လွန်ပြီးမူးခြင်း (Hot Flushes)၊ အလိုလိုစိတ်တိုခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရင်တုန်ခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်းတို့ကို ခံစားရလေ့ရှိပါတယ်။

          အမျိုးသမီးတွေမှာ သွေးဆုံးချိန်ဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ သွေးဆုံးချိန်ကို အဓိကလွှမ်းမိုးထားတဲ့ အကြောင်းအရာတွေထဲမှာ မျိုးရိုးလိုက်ခြင်းကလည်း အဓိက အကြောင်းအရာ တစ်ခု ဖြစ်ပါတယ်။ များသောအားဖြင့် အမျိုးသမီးတွေဟာ ၎င်းတို့မိခင်သွေးဆုံးတဲ့ အသက်အရွယ်၀န်းကျင်မှာပဲ သွေးဆုံးလေ့ရှိတာကို တွေ့ရပါတယ်။ တခြားသော အကြောင်းအရာတွေထဲမှာ ဆေးလိပ်သောက်ခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း၊ မျိုးဥအိမ်ခွဲစိတ်မှုမပြုလုပ်ခြင်းတို့ ပါ၀င်ပါတယ်။

 

1. ဆေးလိပ်သောက်ခြင်း

          ဆေးလိပ်သောက်တာလောက် မမျိုးဥအိမ်ကို ပျက်ဆီးစေတဲ့အရာ မရှိပါဘူး။ ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေဟာ အခြားသောအမျိုးသမီးများနှင့်ယှဉ်ရင် သွေးဆုံးချိန်ကို စောစောရင်ဆိုင်ရလေ့ရှိပါတယ်။

 

2. ကင်ဆာကုထုံးခံယူခြင်း

        ကင်ဆာဆေးသွင်း၍ ကုသခြင်း (chemotherapy) ဟာ မမျိုးဥအိမ်ကို အဆိပ်အတောက်ဖြစ်စေပါတယ်။ Chemotherapy ကုထုံးခံယူထားတဲ့ အမျိုးသမီးတွေဟာ ကုထုံးပြီးသွားသည့်တိုင်အောင် နှစ်အနည်းငယ်ကြာမှ ရာသီပြန်လာလေ့ရှိပါတယ်။

 

3. မျိုးဥအိမ်ခွဲစိတ်မှုပြုလုပ်ခြင်း

        မျိုးဥအိမ်ခွဲစိတ်မှုပြုလုပ်ခြင်းက ကောင်းမွန်တဲ့တစ်သျှူးစတွေကို ပျက်စီးစေတယ်လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်၊ မျိုးပွားခြင်းနှင့် Endocrine ဆိုင်ရာဌာနမှ ဒါရိုက်တာ Marcelle Cedars ကဆိုပါတယ်။

          သွေးဆုံးချိန်ဟာ လူမျိုးစုပေါ်မှာမူတည်ပြီး ကွဲပြားလေ့ရှိပါတယ်။ အမျိုးသမီးတွေဟာ ယေဘုယျအားဖြင့် အသက် ၅၁ နှစ်အရွယ်မှာသွေးဆုံးလေ့ရှိပြီး တရုတ်နှင့်ဂျပန်အမျိုးသမီးတွေကတော့ အသက် ၅၁ နှစ်ကျော်မှသာ သွေးဆုံးလေ့ရှိပါတယ်။

          အချို့သောအမျိုးသမီးတွေက အပျိုဖော်၀င်ချိန်စောပါက သွေးဆုံးချိန်လည်းစောနိုင်တယ်လို့ ယူဆကြပါတယ်။ ဒါဟာ အယူအဆအမှားတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်၀န်ဆောင်ခြင်း၊ နို့်တိုက်ခြင်းနဲ့ သန္ဓေတားဆေးသုံးစွဲခြင်း စတာတွေက သွေးဆုံးချိန်အပေါ်မှာ သက်ရောက်မှုမရှိပါဘူး။

 

Dr. Htet Htet Aung (www.drmyanmar.com)