သွေးဆုံးချိန်မှာသိဖွယ်ရာ
သွေးဆုံးတယ်ဆိုတာဘာလဲ?
အမျိုးသမီးတွေမှာ တစ်နှစ်လုံးလုံး ဓမ္မတာမလာတော့တဲ့အခါ သွေးဆုံးတယ်လို့ ဆိုနိုင်ပါတယ်။ များသောအားဖြင့် အသက်၄၀နှောင်းပိုင်း၊ ၅၀အစောပိုင်းကာလတွေမှာ သွေးဆုံးတတ်ကြပါတယ်။
သွေးဆုံးတဲ့အခါ estrogen နဲ့ progesterone လို့ခေါ်တဲ့ဟော်မုန်းတွေ မထွက်တော့တဲ့အခါ ကိုယ်ခန္ဓာမှာ ပူရှိန်းပူရှိန်းဖြစ်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်း စတဲ့အပြောင်းအလဲတွေဖြစ်လာတဲ့အပြင် အရိုးပွခြင်းအထိပါဖြစ်တတ်ပါတယ်။
အမျိုးသမီးတိုင်းသိထားသင့်တဲ့အချက် 11 ချက်
၁။ ဘယ်အသက်မှာသွေးဆုံးတတ်သလဲ?
ယေဘူယျအားဖြင့် အသက် ၄၅ မှ ၅၅နှစ်အတွင်း သွေးဆုံးတတ်တယ်လို့ဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက်ကွဲပြားနိုင်ပါတယ်။ သွေးဆုံးတဲ့အသက်ဟာ မျိးရိုးလိုက်တတ်တဲ့အပြင် အခြားအကြောင်းရင်းတွေဖြစ်တဲ့ ဆေးလိပ်သောက်ခြင်း၊ ကင်ဆာဆေးသွင်းခြင်း စတာတွေကလညး် သွေးစောစောဆုံးစေတတ်ပါတယ်။
၂။ သွေးမဆုံးမီကာလမှာဘာဖြစ်တတ်သလဲ?
သွေးမဆုံးမီမှာကတည်းက ဟော်မုန်းထွက်နှုန်း တစ်ဖြည်းဖြည်းနည်းလာနိုင်ပြီး အပြောင်းအလဲတွေ စတင်ဖြစ်ကာ ဓမ္မတာမမှန်တာတွေ ဖြစ်တတ်ပါတယ်။
၃။ Estrogenဟော်မုန်းနည်းခြင်းကြောင့် ဘာတွေဖြစ်လာနိုင်သလဲ?
သွေးဆုံးတဲ့အမျိးသမီး ၇၅% မှာ ပူရှိန်းရှိန်းခံစားမှု ရတတ်ပါတယ်။ တချို့အမျိုးသမီးတွေမှာ အဆစ်အမြစ်နာခြင်း၊ စိတ်အတက်အကျမြန်ခြင်း စတာတွေလည်း ဖြစ်တတ်ပါသေးတယ်။
၄။ ပူရှိန်းရှိန်းဖြစ်လာတယ်ဆိုတာဘယ်လိုလဲ?
အပေါ်ပိုင်းတစ်ပိုင်းလုံးပူတက်လာပြီး တစ်ခိျု့မှာ နီရဲလာတတ်ပါသေးတယ်။ ဒီလိုပူလာတဲ့အတွက် ချွေးပြန်တာ၊ ရင်တုန်တာ၊ မူးဝေတာတွေလည်း ဖြစ်နိုင်ပြီး ခဏအကြာပြန်လည်အေးစက်သွားပါလိမ့်မယ်။
တစ်နေ့တစ်ကြိမ် သို့မဟုတ် တစ်နေ့တည်းမှာ အကြိမ်ကြိမ်ဖြစ်နိုင်သလို တစ်နှစ်လုံး သို့မဟုတ် နှစ်ပေါင်းများစွာ ခံစားရတတ်ပါတယ်။
၅။ သွေးဆုံးခြင်းကြောင့်အရိုးကိုထိခိုက်တတ်သလား?
သွေးဆုံးတဲ့အခါ အရိုးသိပ်သည်းဆနည်းလာပြီး အရိုးပွလာတတ်ပါတယ်။ ဒါကြောင့် တင်ပါးဆုံရိုး၊ ကောျရိုးနဲ့အခြာအရိုးကျိုးခြင်းတွေ ပိုများလာတတ်ပါတယ်။
အရိုးကျန်းမာစေဖို့
• ကယ်လ်ဆီယမ်ကြွယ်ဝတဲ့နု့ိထွက်ပစ္စည်းများ၊အစိမ်းရောင်အသီးအရွက်မာျးကိုစားပေးပါ။
• ဗီတာမင်ဒီသောက်ပါ။
• လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
• အရက်လျောပါ။
• ဆေးလိပ်ဖြတ်ပါ။
• ဆရာဝန်နဲ့တိုင်ပင်ပါ။
၆။ နှလုံးရောဂါနဲ့ဆက်နွယ်နေသလား?
Estrogen လျော့နည်းခြင်းကြောင့် သွေးကြောပျော့ပျောင်းမှုလျော့နည်းလာပြီး သွေးစီးဆင်းမှုနဲ့နှလုံးကို ထိခိုက်နိင်ပါတယ်။ အစားအသောက်အနေအထိုင်ကို ဂရုစိုက်ဖို့လိုပါတယ်။
၇။ ကိုယ်အလေးချိန်တက်လာမလား?
ဟော်မုန်းတွေ လျော့နည်းလာတာကြောင့်ရော အသက်ကြီးလာတာကြောင့်ပါ အဝလွန်လာတတ်ပါတယ်။
ဒါကြောင့်
• ကယ်လ်ဆီယမ်များပြီး အချိုဓာတ်နည်းတဲ့ အစားအသောက်တွေစားပါ။
• နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပါ။
• ကြွက်သားသန်မာစေတဲ့လေကျင့်ခန်းပြုလုပ်ဖို့လည်း မမေ့ပါနဲ့။
၈။ အမေ၊အမ၊သူငယ်ချင်းတွေလို လက္ခဏာတွေခံစားရမှာလား?
သွေးဆုံးကိုင်ခြင်းလက္ခဏာတွေဟာ တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူး။ ဒါကြောင့် တစ်ယောက်အတွက် သက်သာစေတဲ့နည်းလမ်းတွေဟာ နောက်တစ်ယောက်မှာအကျိုးမထူးနိုင်ပါဘူး။
သိချင်တာတွေရှိရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးဖြစ်ပါတယ်။
၉။ သားအိမ်ဖြတ်တောက်ထားတဲ့အခါ သွေးဆုံးတာကိုဘယ်လိုသိနိုင်မလဲ?
သားအိမ်ဖြတ်တောက်ထားသူတွေနဲ့၊ သားအိမ်လွှာခြစ်ထုတ်ထားသူတွေမှာ ပူရှိန်းရှိန်းသွေးဆုံးကိုင်လက္ခဏာတွေမပေါ်မချင်း သွေးဆုံးမှန်းမသိနိုင်ပါဘူး။ သိချင်ရင်တော့ သွေးတွင်းအီစထရိုဂျင်ဟော်မုန်းကို စစ်ဆေးကြည့်နိုင်ပါတယ်။ ဒါမှ အရိုးပွနိုင်ခြေ ရှိမရှိကိုသိနိုင်မှာပါ။
၁၀။ ဟော်မုန်းအစားထိုးခြင်းက သွေးဆုံးခြင်းကိုကုသရာမှာ အထောက်အကူပြုသလား?
အထောက်အကူပြုပါတယ်။ ဒါပေမယ့် ရရှိလာမယ့်ကောင်းကျိုးတွေနဲ့ ဖြစ်လာနိင်တဲ့ဆိုးကျိုးတွေကို ဆရာဝန်နဲ့တိုင်ပင်ကာ ချိန်ထိုးတွက်ဆပြီးမှ သောက်သင့်ပါတယ်။
၁၁။ အခြားဟော်မုန်းမဟုတ်တဲ့ကုသမှုတွေရှိသလား?
ဟော်မုန်းကုထုံးနဲ့မသင့်တော်သူတွေ၊ မသောက်ချင်သူတွေမှာ
• ကိုယ်အလေးချိန်လျော့ချခြင်း
• လေ့ကျင့်ခန်းပြုလုပ်ခြင်း
• အခန်းအပူချိန်လျော့ချခြင်း
• လက္ခဏာပိုဆိုးစေတဲ့အစားအသောက်တွေကို ရှောင်ရှားခြင်း
• ပေါ့ပေါပါးပါးအဝတ်အစားတွေကိုအထပ်ထပ်ဝတ်ဆင်ခြင်း စတဲ့အပြောင်းအလဲတွေနဲ့ လက္ခဏာတွေကို လျော့နည်းစေနိုင်ပါတယ်။
ဒါ့အပြင် ဆေးဖက်ဝင်အပင်တွေ၊ အိပ်မွေချကုထုံးတွေ၊ အပ်စိုက်ကုထုံးတွေ၊ စိတ်ကျပျောက်ဆေးပမာဏနည်းနည်းနဲ့ အခြားဆေးတွေက သွေးဆုံးကိုင်ခြင်းကို သက်သာစေနိုင်ပါတယ်။
အရိုးဆုံးရှုံးခြင်းကိုကာကွယ်ဖို့အတွက်
- Bisphosphonate
- raloxifene
- Calcitonin
- denosumab
- parathyroid hormone
- Estrogen စတာတွေသောက်နိုင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ပြောရရင် သွေးဆုံးခြင်းဆိုတာဟာ အမျိုးသမီးတစ်ယောက်ရဲ့ဘဝမှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပြီး Estrogen နဲ့progesterone တွေကျဆင်းလာတဲ့အတွက် အရိုးနဲ့နှလုံးကို စိုးရိမ်ရပါတယ်။
ဒီအချိန်မှာ ကျန်းမာရေးအတွက် အစားအသောက်နဲ့လေ့ကျင့်ခန်းကို ထိန်းသိမ်းဖို့ လိုပါတယ်။
အကယ်၍ သွေးဆုံးကိုင်လက္ခဏာတွေဆိုးရွားလာရင် သို့မဟုတ် ပုံမမှန်တစ်ခုခု ခံစားလာရရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ကုသနိုင်ပါတယ်။






























