သွေးဆုံးချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဖြေရှင်းနည်းများ
စိတ်ခံစားချက် အပြောင်းအလဲမြန်ခြင်း၊ ခဏလေးနဲ့ မေ့တတ်ခြင်း၊ စဉ်းစားတွေးခေါ်နိုင်မှု နှောင့်နှေးလာခြင်းတို့ဟာ အမျိုးသမီးတွေမှာ သက်လတ်ပိုင်းအရွယ်က စတတ်ကြပါတယ်။ အဓိကအားဖြင့် သွေးဆုံးခါနီးအချိန်တွေမှာ ပိုဆိုးတတ်ကြပြီး ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေကတော့ -
● ဟော်မုန်းများ
ရာသီစက်ဝန်း ပုံမှန်လည်ပတ်နေတဲ့ အသက်အရွယ်ကာလတွေမှာ အမျိုးသမီးတွေဟာ စည်းချက်ညီညီပြောင်းလဲနေတဲ့ ဟော်မုန်းပြောင်းလဲမှုနဲ့ နေသားကျနေပြီး သွေးဆုံးခါနီး ဟော်မုန်းစည်းချက် ပြောင်းလဲပျက်စီးသွားတဲ့အချိန်မှာ စိတ်ခံစားချက် အပြောင်းအလဲတွေလဲ ဖြစ်ပေါ်လာပါတယ်။
● အခြားအဆင်မပြေမှုများ ကြုံတွေ့နေချိန်နဲ့ အချိန်တိုက်ဆိုင်သွားမှု
ဥပမာ - မိသားစုဆိုင်ရာအခက်အခဲများ၊ မိမိရဲ့ပညာရေးနဲ့ အလုပ်အကိုင် အခက်အခဲများ၊ အချစ်ရေးနဲ့ အိမ်ထောင်ရေးပြဿနာများ၊ ကလေးများကို ပြုစုပျိုးထောင်ပေးနေရချိန် စတဲ့ အချိန်များနဲ့ တိုက်ဆိုင်သွားတဲ့အခါ စိတ်ခံစားချက်က ပိုဆိုးစေပါတယ်။
● အသက်အရွယ်ကြီးရင့်လာခြင်း
မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းနဲ့ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်တို့ ပြောင်းလဲလာမှုတွေကြောင့်လဲ စိတ်ဓာတ်ကျခြင်းကို ခံစားရတတ်ပါတယ်။
Menopace 1
>> အဲ့ဒီ့အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်မလဲ?
● မျှခြေကို ဖန်တီးယူပါ
အလုပ်နဲ့မိသားစု ဖြည့်ဆည်းပေးရမှု (၂) ခု ယှဉ်ပြိုင်လာတဲ့အခါ အမျိုးသမီးတွေအနေနဲ့ မိမိကိုယ်တိုင်ကိုလည်း ဦးစားပေး အလေးထားသင့်တယ်ဆိုတာ သိထားသင့်ပါတယ်။ ကြုံတွေ့နေရတဲ့ အခက်အခဲတွေရဲ့ရင်းမြစ်ကို သေချာသိမြင်အောင်လုပ်ပြီး ရင်ဆိုင်ဖြေရှင်းခြင်းဖြင့် မိမိကိုယ်တိုင်၊ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းနဲ့ အလုပ်ကြားမှာ မျှခြေဖြစ်ပြီး ပျော်ရွှင်စွာ နေထိုင်နိုင်မှာပဲ ဖြစ်ပါတယ်။
● စိတ်ဓာတ်ကျဝေဒနာအဆင့်ကို တွက်ချက်ပါ
ငယ်စဉ်က စိတ်ကျရောဂါရှိခဲ့ဖူးတဲ့ အမျိုးသမီးတွေမှာ ပိုဆိုးတတ်ပါတယ်။ ကြာရှည်စွာ ပင်ပန်းနွမ်းနယ်နေခြင်း၊ နေ့စဉ်လှုပ်ရှားမှုများကိုတောင် စိတ်ဝင်စားမှုမရှိခြင်း၊ ဝမ်းနည်းနေခြင်း၊ စိတ်တိုလွယ်ခြင်းနဲ့ ကိုယ်အလေးချိန်ကျဆင်းခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။ အဲ့လိုခံစားနေရပြီဆို လိုအပ်တဲ့ကုသမှုကို ခံယူသင့်ပါတယ်။ ဆေးဝါးသောက်သုံးရန် လိုအပ်သည့်အခြေအနေကနေ ဆွေးနွေးတိုင်ပင်စကားပြောရုံနဲ့ ကုသလို့ရတဲ့ အခြေအနေထိ ကုသနည်းအဆင့်များ ကွာခြားနိုင်ပါတယ်။
Menopace 2
● စိုးရိမ်ပူပန်မှုကို ဆန်းစစ်ပါ
သက်လတ်ပိုင်းအရွယ်မှာ ဖြစ်ပေါ်တတ်တဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတို့က စိုးရိမ်ပူပန်မှုကို ထပ်တိုးဖြစ်ပေါ်စေပါတယ်။ ကြိုတင်တွေးတောပူပန်ခြင်းနဲ့ အကြောက်တရားတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့အရာများဖြစ်ပြီး အလိုလို ပျောက်ကင်းသွားတတ်ပါတယ်။ သို့သော်လည်း မကြာခဏ ဖြစ်ပေါ်နေမယ်ဆိုရင်တော့ စိတ်ရောဂါအဆင့်ကို ရောက်သွားနိုင်ပြီး အသက်ရှူမဝခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခေါင်းမကြည်ခြင်း၊ ရင်တုန်ခြင်းနဲ့ စိတ်ကစဉ့်ကလျားဖြစ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဆေးဝါးသောက်သုံးခြင်း၊ စိတ်အပန်းဖြေခြင်းနဲ့ နှစ်သိမ့်ဆွေးနွေးတိုင်ပင်ခြင်းတို့ဖြင့် ကုသနိုင်ပါတယ်။
● မှတ်ဉာဏ်ကို ဂရုစိုက်မှတ်သားပါ
သွေးဆုံးခါနီး အမျိုးသမီးတွေမှာ မကြာသေးခင်ကအဖြစ်အပျက်များကို သတိမေ့တဲ့ရောဂါ (short-term memory problem) လည်း ကြုံတွေ့ရတတ်ပါတယ်။ အဲ့ဒီ့ရောဂါကို အယ်ဇိုင်းမားရောဂါလို့ထင်ပြီး ကြောက်လန့်တတ်ကြပါတယ်။ တက်ကြွရွှင်လန်းစွာနေခြင်းက မှတ်ဉာဏ်အားကောင်းစေလို့ ဒီရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
● အားပေးကုသနိုင်မယ့်သူကို ရှာဖွေပါ
ဒီရောဂါတွေဟာ ရှက်ကြောက်နေစရာရောဂါတွေ မဟုတ်တဲ့အတွက် မိမိတစ်ယောက်တည်း တိတ်တဆိတ် ခံစားနေစရာ မလိုပါဘူး။ ကုသညွှန်ကြားပေးနိုင်မယ့်သူနဲ့ အမြန်ဆုံး ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ နောက်တစ်ချက် မှတ်သားစရာကတော့ စိတ်ကျရောဂါကုသဆေးများ သောက်သုံးခြင်းနဲ့ နှစ်သိမ့်ဆွေးနွေးပေးခြင်းကုထုံးတို့ နှစ်မျိုးပေါင်းစပ်လိုက်ပါက ပိုပြီးထိရောက်တယ်ဆိုတဲ့အချက်ပါပဲ။
ဒေါက်တာနေလွင်ထူး (www.drmyanmar.com)






























