သွေးဆုံးချိန်မှာ ဆောင်ရန်ရှှောင်ရန်လေးတွေ
" တကိုယ်လုံးလည်း ဖိန်းတန်းရှိန်းတိန်းကြီး..ဘာဆေးသောက်ရမှန်းလည်းမသိ.. ညောင်းလိုက်နာလိုက်နဲ့ဆရာမရေ..သွေးကစားနေတာတော့သုံးလလောက်ရှိပြီ.. သွေးဆုံးမှာဖြင့်လည်း မြန်မြန်ဆုံးပါတော့ ကျွန်မတော့စိတ်ညစ်လှပါပြီ"
မချိတင်ကဲအသံလေးတွေနဲ့ညည်းတွားရင်း ဆေးခန်းကိုလာလိုက် သွားလိုက်လုပ်နေကြသူ သွေးဆုံးကာလဖြတ်သန်းနေတဲ့ ချစ်လှစွာသောအမျိုးသမီးထုကြီးအတွက်
အကြံကောင်းလေးတွေပေးလိုက်တယ်နော်။
ဘယ်လိုနေထိုင်ကြမလဲ…?
• စောစောထပါ။ လမ်းလျှောက်ပါ။ ပန်းခြံလေးတွေထဲမှာထိုင်ပါ၊ စိမ်းလန်းသောပန်းပင်သီးပင်လေးတွေကိုရေလောင်းပါ။ သဘာဝနဲ့အစဉ်ထိတွေ့ပေးပါ။ ဘဝရဲ့နောက်တဆင့်ကိုဖြတ်သန်းနေချိန်မှာ သဘာဝဟာအကောင်းဆုံးဆေးဝါးဖြစ်ပါတယ်နော်။ အိမ်ထဲမှာပဲပိတ်လှောင်မနေပါနဲ့၊ အလုပ်ထဲမှာပဲအချိန်မကုန်ပါနဲ့။မြက်ခင်းပေါ်ထိုင်ပါ။ လေကောင်းလေသန့်ရှုရှိုက်ပါနော်။
• နေမကောင်းထိုင်မသာဖြစ်နေတယ်ဆိုပြီး ဘယ်သူနဲ့မှအဆက်အသွယ်မဖြတ်ပါနဲ့။ ဒိတ်လုပ်ပါ။ ဆိုင်တွေမှာချိန်းဆိုပါ။ အတူနေ့လည်စာစားကြပါ။ စကားဝိုင်းဖွဲ့ပြောကြပါ။ ဟော်မုန်းအတက်အကျများတဲ့ကာလမှာ မိမိကိုယ်မိမိ လူမှုရေးတွေများများလှုပ်ရှားပြီး အထီးမကျန်အောင်ကာကွယ်ထားဖို့အကြံပြုပါတယ်။
ဘာတွေစားရမလဲ…?
အစားတလိုင်းကတော့အရေးအကြီးဆုံးပေါ့။
• ပန်းဂေါ်ဖီစိမ်း
• ကန်ဇွန်းရွက်
• ဟင်းနုနွယ်
• ကညွတ်
• အာလူး
• ရွှေဖရုံသီး
တွေလို အသီးအနှံတွေအပြင် အပျင်းပြေဝါးစရာအစေ့အဆံတွေကလည်း ဗီတာမင်နဲ့ အာဟာရဓာတ်တွေပြည့်ဝနေတာမို့ ဖရုံစေ့လှော် နေကြာစေ့ သီဟိုစေ့လေးတွေ ဝါးလို့ရပါတယ်လို့။
ဒိန်ချဉ်ကတော့ သွေးဆုံးချိန်အတွက် စူပါအစားအစာပါပဲ၊ ခန္ဓာကိုယ်အတွက် ကောင်းတဲ့ဘက်တီးရီးယားတွေ ဖြည့်သွင်းပေးသလို အဆီလည်းမတက်စေဘဲ အသားအရေပါလှစေလို့နေ့စဉ်သောက်သင့်တဲ့အထဲ ပါတယ်နော်။
သွေးဆုံးချိန်မှာလိုအပ်တဲ့အာဟာရဓာတ်တွေကတော့ အိုမီဂါ သရီးငါးကြီးဆီ ဗီတာမင်ဘီဇင့်ဓာတ်နဲ့ ဇင့်ဓာတ်နဲ့အင်တီအောက်ဆီးဒန့်လို့ခေါ်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ပြီး ပဲအမျိုးမျိုးအသီးအရွက်လတ်လတ်ဆတ်ဆတ်တွေ ဖျော်ရည်တွေ အစိမ်းစားအတို့်အမြုပ်လေးတွေ ပင်လယ်ငါးတွေမှာပါဝင်ပါတယ်၊ ငါးစားဖို့လည်းမမေ့နဲ့နော်။ ကြော်လို့ပဲဖြစ်ဖြစ်ရေလည်ဆီလည်ပဲဖြစ်ဖြစ် အရွက်အသီးတွေနဲ့ရောလို့ပဲဖြစ်ဖြစ် အကင်လေးပဲ လုပ်စားစားအိုကေမှာစိုပြေလို့ အာဟာရပြည့်ဝကျန်းမာနေစေမှာအသေအချာပဲပေါ့။
ေရှာင်ရမှာလေးတွေကတော့ ??
ပါကင်ပိတ်အချိုရည်ဘူး အသင့်သောက်အချိုရည်တွေ ကိုလာ စပရိုက် ကျွဲရိုင်းစတာတွေရှောင်ပါ။ အချိုဓာတ်တွေဟာ သွေးဆုံးနေဆဲခန္ဓာကိုယ်ကို ပိုမိုနွမ်းနယ်စေသလို အရိုးပွတာကိုလည်းဆိုးစေပါတယ်။ ဒါကြောင့် ဆိုဒါတွေ အချိုရည်တွေကို ဝေးဝေးနေပေးလေ ကောင်းလေပါပဲ။ အသင့်သောက် အချိုရည်တွေဟာ အရိုးပွတာကို ပိုဆိုးစေပါတယ်။
အာလူးကြော်တွေ ဆီကြော်မုန့်တွေ အကြော်အလှော်တွေထက် ရေလည်ဆီလည်ဟင်းလေးတွေ စွပ်ပြုတ်ဟင်းရည် တွေကပိုကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ မနက်ပိုင်းကို အသားစွပ်ပြုတ်ပူပူနွေးနွေးလေးနဲ့ စတင်လိုက်ပြီး နေ့ခင်းဘက်မှာ အသီးဖျော်ရည်လတ်လတ်ဆတ်ဆတ်လေးတွေ ညနေဘက်မှာ ညစာတွေအသီးအရွက်အလျှံပယ်နဲ့သာစားမယ်ဆိုရင်တော့သွေးဆုံးချိန်အတွက်သင့်တင့်မျှတတဲ့အာဟာရဓာတ်တွေအပြည့်ရမှာ အသေအချာပါပဲ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Unicode)




























