အချိန်မတိုင်မီ သွေးဆုံးခြင်းဆိုတာ
အမျိုးသမီးတိုင်းနဲ့ မစိမ်းသောအရာများတွင် သွေးဆုံးခြင်းလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အမျိုးသမီးများ လစဉ် သားဥကြွေခြင်း ရပ်တန့်ပြီး ရာသီသွေး မစီးဆင်းတော့ခြင်းကို သွေးဆုံးခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ များသောအားဖြင့် အသက် ၄၅ နှစ်နဲ့ ၅၅ နှစ်ကြားတွင် သွေးဆုံးတတ်ကြလေ့ ရှိပါတယ်။ ၁ ရာခိုင်နှုန်းသော အမျိုးသမီးများကတော့ အသက် ၄ဝ မတိုင်မီ သွေးဆုံးကြပြီး ထိုသို့ဖြစ်ပေါ်ခြင်းကို အရွယ်မတိုင်မီ သွေးဆုံးခြင်းလို့ သတ်မှတ်နိုင်ပါတယ်။
>> လက္ခဏာများ
● ရာသီမမှန်ခြင်း
● မျက်နှာတွင် ပူနွေးနီမြန်းသောအကွက်များ ဖြစ်ပေါ်ခြင်း
● ချွေးစေးများ ထွက်ခြင်း
● အိပ်မပျော်ခြင်း
● ဆီး အသွားများခြင်း၊ ဆီး မထိန်းနိုင်ခြင်း
● မိန်းမကိုယ် ခြောက်သွေ့ခြင်း
● စိတ်အပြောင်းအလဲများ ဖြစ်ပေါ်ခြင်း
● ပိန်သွားခြင်း သို့မဟုတ် ဝလာခြင်း
● ကြွက်သားများ နာကျင်ကို်က်ခဲခြင်း
>> ဖြစ်ပေါ်စေသည့် အကြောင်းရင်းများ
● အကြောင်းရင်းမရှိဘဲ စောစီးစွာ သွေးဆုံးခြင်း (၆ဝ ရာနှုန်းခန့်)
● Auto immune ရောဂါများဖြစ်သော သိုင်းရွိုက်နည်းပါးသည့်ရောဂါ၊ SLE ရောဂါ၊ လေးဖက်နာရောဂါများရှိခြင်း
● မျိုးရိုးရှိခြင်း
● Turner’s Syndrome ရှိခြင်း
● ဗိုင်းရပ်စ်ပိုးဝင်ခြင်း စသည်
>> ကုထုံးများ
တကယ်ကတော့ မျိုးဥအိမ်များကို ပြန်လည်အလုပ်လုပ်စေနိုင်မယ့် ကုသမှုမျိုး မရှိသေးပါဘူး။ သို့သော် တွေ့ရှိချက်များအရ စောစီးစွာ သွေးဆုံးသူ ၁ဝ ယောက်တွင် ၁ ယောက်ဟာ သားသမီးပြန်ရတတ်တယ်လို့ သိရပါတယ်။
● စောစီးစွာ သွေးဆုံးခြင်းကြောင့် အမျိုးသမီး တော်တော်များများမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိတတ်ပါတယ်။
● ကလေး မရနိုင်တော့ဘူးဆိုပြီး စိတ်ဓာတ်ကျခြင်း၊ အချိန်မတိုင်သေးခင် အိုမင်းနေပြီဟု အားငယ်တတ်ခြင်း၊ လက်တွဲဖော်အတွက် လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု မရှိနိုင်တော့ဘူးဆိုပြီး မိမိကိုယ်ကို အလိုမကျခြင်းတို့ ဖြစ်တတ်ပါတယ်။
● ဒါကြောင့်မို့ အချိန်မတိုင်ခင် သွေးဆုံးသူ အမျိုးသမီးများအနေဖြင့် စိတ်အားတက်ကြွအောင် နေထိုင်ပြီး လိုအပ်ပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးခြင်းဖြင့် နေ့စဉ်ဘဝကို လှပကျန်းမာအောင် နေထိုင်သင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























