/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အတွင်းခံဘောင်းဘီနှင့်-ကျန်းမာရေး

အတွင်းခံဘောင်းဘီနှင့် ကျန်းမာရေး

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

        ကျန်းမာရေးဟုဆိုရာတွင် တကိုယ်ရည်သန့်ရှင်းရေးသည်အလွန်ပင် အရေးကြီးသောအခန်းကဏ္႑မှ ပါ၀င်နေပေသည်။ ကျန်းမာရေးနှင့်ညီညွတ်ရန် အတွင်းခံအ၀တ်အစားကို မကြာခဏ လဲလှယ်၀တ်ဆင်သင့်ပါသည်။ အမျိုးသားနှင့်အမျိုးသမီးမျိုးပွားအင်္ဂါတို့သည် ရောဂါပိုးကူးစက်မှုနှုန်းကာကွယ်ရန် လိုအပ်ပါသည်။ လိင်အင်္ဂါမှ အရည်များအမြဲတစေစိမ့်ထွက်လေ့ရှိပြီး ၎င်းအရည်တို့သည် အောက်ခံဘောင်းဘီကို စိုစွတ်စေပါသည်။ ၎င်းသည်ပင်အတွင်းခံဘောင်းဘီကို ညစ်ပတ်စေသော အဓိအကြောင်းအရင်းပင်ဖြစ်ပါသည်။ အကယ်၍ အတွင်းခံကိုမကြာခဏ မလဲလှယ်ဖြစ်ပါက ဘက်တီးရီးယားပိုးများ စုပုံလာနိုင်ပြီး ရောဂါ အလွယ်တကူဖြစ်ပွားနိုင်စေပါသည်။

သန့်ရှင်းမှု

        အတွင်းခံအ၀တ်အစားကို မကြာခဏလဲလှယ်သင့်သော အဓိကအကြောင်းအရင်းဖြစ်ပြီး အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း တကိုယ်ရည်သန့်ရှင်းမှုသည် ခန္ဓာကိုယ်တွင်းရောဂါပိုးများ မ၀င်ရောက်စေရန် ကာကွယ်နိုင်သောနည်းလမ်းတစ်ခုလည်းဖြစ်ပါသည်။ ၎င်းနေရာများတွင် ကျန်းမာရေးပြဿနာများဖြစ်ပွားခြင်းကို မည်သူတစ်ဦးတစ်ယောက်မှ မလိုလားသည်နှင့်အညီ သန့်ရှင်းရေးကိုအထူးဂရုစိုက်သင့်သည်။

ရောဂါဖြစ်ပွားခြင်း

        မိမိတို့၏ခန္ဓာကိုယ်သည် ဘက်တီးရီးယားပိုးများကို ဖယ်ရှားနိုင်သော်ငြားလည်း အတွင်းခံကိုမကြာခဏ မလဲလှယ်ပါက ၎င်းအတွင်းခံအတွင်း ပိုးမွှားများစုပုံလာကာ မျိုးပွားအင်္ဂါအတွင်းသို့ အလွယ်တကူ၀င်ရောက်နိုင်ပါသည်။ ရောဂါပိုးမြောက်များစွာရှိ၍ အမျိုးသမီးများတွင် ပိုမိုအဖြစ်များလေ့ရှိသည်။

အန့ံဆိုးများ

        လူ၏ခန္ဓာကိုယ်သည် အမြဲတစေချေွးများဖြင့် စိုစွတ်လေ့ရှိခြင်းကြောင့် ၎င်းခန္ဓာကိုယ်အစိတ်အပိုင်းတို့တွင် လေ၀င်လေထွက်မကောင်းပါ။ ဘက်တီးရီးယားပိုးများ ပေါက်ပွားလာနိုင်ပါသည်။ ပိုးမွှားများသည် အနံ့ဆိုးကိုဖြစ်စေနိုင်ခြင်းကြောင့် အတွင်းခံကို လဲလှယ်ရုံသာမက ရေချိုးခြင်းကိုပါပြုလုပ်သင့်ပါသည်။

          အတွင်းခံ၌ မစင်အညစ်အကြေးများ ပေကျံနေခြင်းသည်လည်း အခြားဖြစ်လေ့ဖြစ်ရှိသော အကြောင်းအရင်းတစ်ခုပင်ဖြစ်သည်။

ယားယံခြင်း

          အတွင်းခံများကို ပုံမှန်မလဲလှယ်ဘဲ ၀တ်ဆင်မည်ဆိုပါက ချေွးများ၊ အညစ်အကြေးများကြောင့် အရေပြားယားယံခြင်းကိုလည်း ကြုံတွေ့ရနိုင်ပါသည်။

 

♦ အတွင်းခံအ၀တ်အစားကို တစ်နေ့လျှင် ဘယ်နှစ်ကြိမ်လဲလှယ်သင့်ပါသနည်း

         ပုံမှန်အားဖြင့် တစ်နေ့လျှင် တစ်ခါလဲလှယ်သင့်ပြီး ချေွးထွက်အလွန်များပါက ထို့ထက်ပို၍ လဲလှယ်သင့်ပါသည်။ ရေချိုးပြီးသည့်အခါတိုင်း ၀တ်ဆင်ပြီးသည့်အတွင်းခံကို ပြန်လည်၍မ၀တ်ဆင်သင့်ပါ။ အမျိုးသမီးများသည် အမျိုးသားများထက် ရောဂါဖြစ်နိုင်ချေပိုမိုများပြားသောကြောင့် ပိုမို၍ဂရုစိုက်သင့်ပါသည်။

 

Dr. Thinzar Wynn

www.drmyanmar.com