/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အပျိုမြှေးနှင့်-သိသင့်သမျှ-အထွေထွေ

အပျိုမြှေးနှင့် သိသင့်သမျှ အထွေထွေ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          ရှေးတုန်းက အမျိုးသမီးတွေက လိင်ဆက်ဆံပြီးတိုင်း ဘူး (သို့မဟုတ်) ခွက် တစ်ခုခုထဲကနေ ရေကို အားနဲ့ပက်ပြီး ဆေးကြောတတ်ကြတယ်။ သန့်ရှင်းမှုအတွက်ဆိုတာထက် သုတ်ရည် အကြွင်းအကျန်တွေ ကျန်မနေဖို့ ကလေး မရ,ရဖို့ ရေဆေးချလိုက်တဲ့သဘောပါပဲ။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ်ဝန်တားစေတယ်လို့ အထင်မှား၊ အမြင်မှား ယူဆကြပါတယ်။

          ဆပ်ပြာရည်တွေ ရေအားပြင်းပြင်းနဲ့ အထဲကို ထိုးသွင်း သန့်စင်တာဟာ သားအိမ်ဝနဲ့ အသားမြှေးတွေကို ထိခိုက်စေတဲ့အပြင် သဘာဝ အရံအတားတစ်ခုကိုပါ ပျက်ပြားစေပါသတဲ့။

          သဘာဝ အရံအတားဆိုတာ သားအိမ်ခေါင်းနဲ့ မွေးလမ်းကြောင်းမှာ တည်ရှိနေတဲ့ လက်တိုဘက်ဆလပ်ပိုးလေးတွေပါ။ အက်ဆစ်သဘာဝ ထုတ်လုပ်ပေးပြီး မျှခြေထိန်းညှိပေးခြင်းဖြင့် ပြင်ပရောဂါပိုးတွေကို ကာကွယ်ပေးနေပါတယ်။

          နောက်ထပ် အကာအကွယ်လေးတွေအကြောင်း ထပ်ပြောပြပါဦးမယ်။

 

>>    အပျိုမြှေးဆိုတာ

•        မွေးလမ်းကြောင်းကို တစ်ပိုင်းတစ်ဖုံး အုပ်နေတဲ့ အသားမြှေးလေး ဖြစ်ပါတယ်။ ဒါလေးကိုကြည့်ပြီး အပျို စစ်၊ မစစ် ကြည့်ဖို့က သိပ်မသေချာလှတဲ့ကိစ္စပါ။

●        အပျိူမြှေးလေးက အမျိုးသားနဲ့နေမှ ပေါက်သွားတာမဟုတ်ဘဲ မိန်းမတွေ တစ်ကိုယ်ရည် အာသာဖြေခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတွေကနေလည်း စုတ်ပြဲသွားတတ်ပါတယ်။

●        အပျိုမြှေးက ပုံမှန်ဆိုရင် လက်ညှိုးဖျားလေးပဲ သွင်းလို့ မရတရပါ။ သူ့မှာ အပေါက်လေး ပါ,ပါတယ်။ အဲဒီအပေါက်လေးကနေ ရာသီသွေး ဖြတ်သန်းစီးဆင်းပါတယ်။ အဲဒီအပေါက်လေးဟာ အမျိုးသားနဲ့ နေနေရင်း ကျယ်သွားတတ်တာ မှန်ပါတယ်။ သွေးအနည်းငယ်ပါ ဆင်းလာတတ်ပါတယ်။

●        ယောကျာ်းနဲ့ အတူနေတိုင်း အပျိုမြှေး ကျယ်သွား၊ ပြတ်သွား၊ ပေါက်သွားတာ အခါတိုင်း မဖြစ်နိုင်ပါဘူး။  စိတ် အလွန်ထက်သန်နေတဲ့အခါ ခေါင်းချွဲအများအပြား ထွက်တာကြောင့် အပေါက်ကျဉ်းလေးဟာ ချောမွေ့ပျော့ဆင်းသွားတတ်လို့  ထိုးသွင်းတိုင်း ကျယ်သင့်သလောက် ကျယ်မသွားဘဲ နဂိုအတိုင်းလေး ကျန်ရှိနေတတ်ပါသေးတယ်။

 

>>    သားအိမ်ခေါင်းကင်ဆာ စစ်တဲ့အခါ စိတ်ပူနေမိသလား?

          သားအိမ်ဝကို ကိရိယာလေးနဲ့ဖွင့် ပိုးသတ်ထားတဲ့ ရေခဲချောင်း တုတ်ချောင်းလိုဟာလေးနဲ့ အသားစ ယူတာပါ။ နည်းနည်း မသက်မသာဖြစ်ပေမယ့် နာကျင်မှု အနည်းဆုံးပါ။ အပျိုမြှေးအတွက် စိတ်မပူဘဲ စိတ်လျှော့ထားခြင်းဖြင့် ပိုမိုချောမွေ့ မြန်ဆန်စွာ ပြီးသွားပါလိမ့်မယ်။

 

>>    အဖြူဆင်းတဲ့အခါ ...

          ဆေးပညာပုဂ္ဂိုလ်တွေအနေနဲ့ များသောအားဖြင့် အပျိုတွေကို လက်ချောင်းထိုးသွင်း စမ်းသပ်တာ မလုပ်ကြပါဘူး။ အဖြူဆင်းတဲ့အခါ အရောင်နဲ့ အနံ့သိစေဖို့ မိန်းမကိုယ်နှုတ်ခမ်းကြီးကို အသာဖွင့်လှစ် ကြည့်ရှုတာမျိုးသာ  လုပ်လေ့ ရှိပါတယ်။ ထမီအောက် လက်သွင်းလိုက်တိုင်း မကြောက်ပါနဲ့။ အထဲကို ထိုးသွင်းစမ်းသပ်တာတွေ မလုပ်ကြပါဘူး။  အဖြူဆင်းလို့ ဆေးခန်းပြမယ်ဆို မကြောက်ကြဖို့၊ စိတ်အေးဖို့  အသိပေးလိုက်တာပါ။

          အပျိုလေးတွေ၊ အပျိုကြီးတွေ၊ မမတွေရော၊ ညီမတွေရော၊ ကိုကိုတွေပါမကျန် သိသင့်သမျှလေးတွေ ကျန်းမာရေးရှုထောင့်ကနေ မျှပေးလိုက်တာမို့ အသုံးချ အဆင်ပြေကြပါစေ။

မာလာခင် (စိန်ပန်း) (www.drmyanmar.com)