/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အဖြူဆင်းတယ်-ဆိုရာဝယ်

အဖြူဆင်းတယ် ဆိုရာဝယ်

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          အဖြူဆင်းတယ်ဆိုရင် လူတိုင်းက ရွံ့စရာကြီးလို့ ထင်ကြမှာပဲ။ တကယ်တော့ အဖြူဆင်းတယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပဲနော်။ အရေးကြီးတာက ဘာက ပုံမှန်၊ ဘာက စိုးရိမ်စရာဆိုတာကို သတိထားဖို့ လိုလာတယ်။

          အဖြူဆင်းရတဲ့ အကြောင်းရင်းတွေကို လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့အမျိုးနဲ့ လိင်မှတစ်ဆင့် ကူးစက်တာ မဟုတ်တာဆိုပြီး ၂ ပိုင်း ပိုင်းလိုက်ပါတယ်။

 

>> လိင်မှတစ်ဆင့် မကူးစက်တတ်တဲ့ အဖြူဆင်းခြင်း

●      သာမန်အဖြူဆင်းခြင်း : အနံ့မပါတဲ့ အကြည်ရောင်အဖြူ

          အမျိုးသမီးအများစုဟာ ပုံမှန် အဖြူဆင်းတတ်ကြတယ်။ အထူးသဖြင့် သားဥကြွေချိန်တစ်ဝိုက်မှာပေါ့။ ဒီအချိန်မျိုးမှာဆို ကြက်ဥအကာလို ကြည်ကြည်ပျစ်ပျစ် အရည်မျိုး ဆင်းတတ်တယ်။

 

●      မှိုပိုးကြောင့် အဖြူဆင်းခြင်း : ဖြူဖြူ ပျစ်ပျစ်

          မှက်ခရုကောင်ဟာ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ပုံမှန်တွေ့နေကျမှိုတစ်မျိုးပါပဲ။ ဒါပေမဲ့ အခြေအနေတချို့မှာ ဒီအကောင်တွေဟာ အခြားနေရာတွေကိုလည်း ပြန့်နိုင်ပါသေးတယ်။ မိန်းမကိုယ်မှာ ဖြစ်ရင်တော့ ကောတစ်ချိစ်လိုမျိုး ဖြူဖြူနှစ်နှစ် ပျစ်ပျစ်အရည်တွေ ဆင်းတတ်တယ်။ အဖြူဆင်းတာတင်မကဘဲ ယားတာ၊ နာတာမျိုးလည်း ဖြစ်တတ်တယ်။

          ဒါဆိုရင် ဘယ်အခိျန်တွေမှာ မိန်းမကိုယ်ကို ရောက်တတ်လဲ သိရမှာပေါ့။ အီစထရိုဂျင်များတဲ့ အခြေအနေတွေဖြစ်တဲ့ သနေ္ဓတားဆေး၊ ကိုယ်ဝန်ဆောင် စတဲ့ အခြေအနေတွေနဲ့ ပိုးသတ်ဆေး သောက်ထားရင်၊ ဆီးချိုရောဂါရှိရင် ဖြစ်တတ်တယ်။ မှိုပိုးသတ်ဆေးကို သောက်ဆေး၊ မိန်းမကိုယ်လိမ်းဆေး စသည်ဖြင့် သောက်နိုင်၊ လိမ်းနိုင်တယ်နော်။ တစ်ခါတလေ တချို့မှိုပိုးတွေက ဆေးမတိုးခဲ့ရင် ဆရာဝန်နဲ့ ပြကြည့်ရပါမယ်။

 

●      ဘက်တီးရီးယားပိုးကြောင့် အဖြူဆင်းခြင်း : ဖြူဖြူ နှစ်နှစ် နံနံ

          မိန်းမကိုယ် ပတ်ဝန်းကျင်ကို lactobacilli လု့ိခေါ်တဲ့ ဘက်တီးရီးယားတွေက ထိန်းပေးထားတယ်။ ဒီဘက်တီးရီးယားပိုးတွေ မရှိတော့တဲ့အခါ တခြားဘက်တီးရီးယားပိုးတွေ ပွားလာပါတယ်။ ဒီလိုပွားလာတဲ့အခါ ဖြူဖြူနှစ်နှစ် ငါးညှီနံ့နံတဲ့ အဖြူတွေ ဆင်းလာတယ်။ ဘာကြောင့်ဖြစ်လဲတော့ သေချာမသိပေမယ့် လိင်ဆက်ဆံဖော်များတာ၊ ဆေးလိပ်သောက်တာနဲ့ မိန်းမကိုယ်တွင်းထိ ဆေးကြောတာတွေကြောင့် ဖြစ်နိုင်တယ်။ ကွန်ဒုံးနဲ့ တားဆေးတွေက ဒီရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။ ဆေးသောက်၊ မိန်းမကိုယ်လိမ်းဆေးတွေနဲ့ ပျောက်အောင် ကုသနိုင်ပါတယ်။

 

●      ပြင်ပပစ္စည်းတွေ ဝင်ခြင်း : အရည်ကြဲကြဲ၊ တစ်ခါတလေ သွေးရောင်လွှမ်းပြီး အနံ့နံတတ်တဲ့အဖြူ

          မိန်းမကိုယ်ထဲ ထည့်သုံးရတဲ့ လစဉ်သုံးပစ္စည်းကို မထုတ်မိတဲ့အခါ ဖြစ်တတ်တာ များပါတယ်။ ရေကြဲကြဲ အဖြူကနေ သွေးရောင်လွှမ်းပြီး အန့ံနံတဲ့ အဖြူအထိ ဆင်းတတ်တယ်။ စမ်းသပ်ပြီး ဖယ်လိုက်ရုံနဲ့ သက်သာသွားပါတယ်။ တစ်ခါတလေ ပိုးမဝင်အောင် ပိုးသတ်ဆေးသောက်ဖို့ လိုနိုင်တယ်။

 

●      သားအိမ်ခေါင်း အခြေအနေတွေ : သွေးရောင်အဖြူ

          သားအိမ်ခေါင်းမှာဖြစ်တဲ့ အလုံးအကျိတ်တွေနဲ့ အပြောင်းအလဲတွေက ဓမ္မတာစက်ဝန်း တောက်လျှောက်မှာ သွေးရောင်တွေ ဆင်းစေနိုင်တယ်။ တစ်ခါတလေ ဘာမှထူးထူးခြားခြား မစိုးရိမ်ရတဲ့ အခြေအနေမျိုး ဖြစ်ပေမယ့် သားအိမ်ခေါင်းကင်ဆာကို စိုးရိမ်ရလို့ ဆရာဝန်နဲ့ ပြကြည့်ဖို့တော့ လိုလိမ့်မယ်နော်။

 

>> လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ အဖြူဆင်းခြင်း

          အကာအကွယ်မပါတဲ့ လိင်ဆက်ဆံခြင်းကနေ ကူးစက်တတ်ပြီး လည်ချောင်း၊ စအိုတွေကလည်း ကူးစက်တတ်ပါသေးတယ်။ မိနး်မကိုယ်ချွဲစစ်ခြင်း၊ ဆီးစစ်ခြင်းတို့ဖြင့် ရောဂါကို သိနိုင်ပြီး ပိုးသတ်ဆေးသောက်ရင် ပျောက်ပါတယ်။

 

●      Chlamydia ပိုး : ခဲရောင်မွဲမွဲအဖြူ

          ခဲရောင်မွဲမွဲအဖြူ ကြဲကြဲတွေ ဆင်းတဲ့အပြင် အမျိုးသားနဲ့ အတူနေစဉ်၊ ဆီးသွားနေစဉ်တွေမှာ နာကျင်တတ်ပါသေးတယ်။ တစ်ခါတလေလည်း ဘာလက္ခဏာမှမပြဘဲ လာတတ်ပါသေးတယ်။ ပိုးသတ်ဆေး သောက်လိုက်ရုံနဲ့ ပျောက်နိုင်တာကြောင့် မိနး်မကိုယ်ချွဲ၊ ဆီးစစ်ကြည့်ပြီး စောစောသိနိုင်ဖို့ အရေးကြီးတယ်နော်။

 

●      ဆီးပူညောင်းကျရောဂါ : ဝါစိမ်းစိမ်းပျစ်ပျစ်အဖြူ

          သူလည်း ဘာလက္ခဏာမှမပြဘဲ လာတတ်သေးတယ်။ ဒါပေမဲ့ အဖြူဆင်းရင်တော့ Chalmydia ထက် ပိုသိသာတယ်။

 

●      Trichomoniasis : ဝါစိမ်းစိမ်းအနံ့ဆိုးဆိုးအဖြူ

          ဒီလိုအဖြူဆင်းတဲ့အပြင် ယားတာ၊ နာတာလည်း ရှိသေးတယ်နော်။

 

>>    တခြားအဖြူဆင်းစေတဲ့ အကြောင်းရင်းတွေထဲမှာ -

●      ရေယုန်

          အရည်ကြဲကြဲအပြင် မိန်းမကိုယ်၊ သားအိမ်ခေါင်း ရောင်ရမ်းပြီးလည်း လာနိုင်သေးတယ်။ ပြီးတော့ ပိုပြီးသိသာတဲ့အနာတွေ အရေကြည်ဖုတွေလည်း ဖြစ်တတ်သေးတယ်။

          ကဲ ... ဒီလောက်ဆိုရင် အဖြူဆင်းတဲ့ အကြောင်းရင်းတွေကို ကောင်းကောင်းသိသွားပြီပေါ့။ တစ်ခုခု စိုးရိမ်ရတယ်ဆိုရင် ရှက်ကြောက်မနေဘဲ ဆရာဝန်နဲ့ အမြန်သွားပြဖို့ လိုတယ်နော်။

Dr. Emerald (www.drmyanmar.com)