/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အမျိုးသမီးတို့ရဲ့-ခါးသီးတဲ့အတွေ့အကြုံ

အမျိုးသမီးတို့ရဲ့ ခါးသီးတဲ့အတွေ့အကြုံ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          " အလှူအိမ်ကို မလာချင်ပေမယ့် လူမှုရေးအရ လာခဲ့ရတဲ့ မြတ်နိုးတစ်ယောက် ဒုက္ခအကြီးအကျယ် ရောက်နေပါပြီ။ ပေနေတဲ့ ဂါ၀န်လေးကြောင့် သူမ ထပြန်ဖို့ အခက်အခဲ ဖြစ်နေပါတယ်။ ခံစားရတဲ့ ေ၀ဒနာရယ်၊ ရှက်ရွ့ံမှုတွေရယ်ကြောင့် သူမ မျက်ရည်များပင် ဝဲနေရပါတယ် "

 

==========================================================

 

           " ဒီနေ့ အရေးကြီးတဲ့ သင်ခန်းစာရှိပေမယ့် သွယ်သွယ်တစ်ယောက် ကျူရှင်မသွားနိုင်ပါဘူး။ တစ်လ တစ်ခါ ဒုက္ခပေးတဲ့ ဧည့်သည်ကြောင့် လူက နုံးချိပြီး ခွေနေရပါတယ် "

 

==========================================================

 

          အလားတူပါပဲ။ အမျိုးသမီးတွေရဲ့ တစ်သက်မှာ တစ်ခါလောက်တော့ ဓမ္မတာနဲ့ပတ်သက်ပြီး ပြဿနာ တစ်စုံတစ်ရာ ကြုံကြိုက်ဖူးကြမှာပေါ့။

          လစဉ်လာနေကျ ဓမ္မတာ များလာတာ၊ ရက် ပိုကြာလာတာမျိုးလည်း ကြုံဖူးကြမှာ မလွဲပါဘူးနော်။ ဒါပေမဲ့ သတိမထားဘဲ စုပ်ယူအား ပိုကောင်းတဲ့ လစဉ်သုံးတွေနဲ့ ဖြေသိမ့်နေမိတတ်ကြတယ်။ အထူးသဖြင့် သွေးဆုံးခါနီး အမျိုးသမီးတွေမှာပေါ့။

          ဒါပေမဲ့ ဒီလို ရာသီများလာတာဟာ ဘယ်အသက်အရွယ်မှာမဆို ပေါ့ပေါ့မထားသင့်တဲ့ အခြေအနေတစ်မျိုး ဖြစ်ပါတယ်။

          သာမန်အမျိုးသမီးတစ်ယောက်မှာ ဘဝတစ်သက်တာ အကြိမ် ၄၀၀ ကနေ ၅၀၀ လောက်အထိ ဓမ္မတာ လာဖူးကြပါတယ်။ ဒီလောက် သွေးဆင်းတဲ့ကြားထဲမှာ သွေးဆင်းတာ တအားများလို့ စိမ့်ထွက်မှာ ကြောက်နေရတဲ့အချိန်တွေ များနေလို့တော့ မဖြစ်သေးပါဘူးနော်။

 

>>    ဒီလို သွေးဆင်းများနေတာကို ဘာလုပ်သင့်သလဲ?

♦       ကိုယ့်ခန္ဓာကိုယ်အကြောင်း ဂဃနဏသိအောင် လုပ်ပါ။

          ရာသီစလာချိန်နဲ့ သွေးဆုံးခါနီးအချိန်တွေမှာ ရာသီ အနည်းအများဖြစ်တတ်တာ သဘာဝပါနော်။ ဒါပေမဲ့ ဒီကြားထဲမှာကို ဓမ္မတာ မမှန်ရင်တော့ မဟုတ်တော့ပါဘူး။

          အမျိုးသမီးတိုင်းဟာ ကိုယ့်ဓမ္မတာစက်ဝန်းကို အမြဲစောင့်ကြည့်နေသင့်ပြီး ပြောင်းလဲလာရင် သိသင့့်ပါတယ်။

          စိတ်ဖိစီးမှုတွေနဲ့ ဆေးတွေအပါဝင် တခြားအကြောင်းရင်းတွေကြောင့် ရာသီစက်ဝန်း ပုံမမှန်ဖြစ်တတ်ပေမယ့် တောက်လျှောက်ကြီးကို ဓမ္မတာ များလာပြီ ဆိုရင်တော့ သတိထားဖို့ လိုပါတယ်။

 

♦       စောင့်ကြည့်ဦးမယ်ဆိုတာမျိုး မလုပ်သင့်ပါဘူး။

          တစ်လလောက်လေး သွေးဆင်းများတာလောက်က ပြဿနာမရှိပေမယ့် လနဲ့ချီပြီး သွေးဆင်းများလာပြီ ဆိုရင်တော့ ဆရာဝန်နဲ့ပြဖို့ လိုအပ်လာပါပြီနော်။

          ဒီလို သွေးဆင်းများစေတဲ့ အကြောင်းရင်းတွေကတော့ -

●        အသားလုံး

●        ပိုးဝင်ခြင်း

●        လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ

●        သိုင်းရွိုက်ပြဿနာ

●        ကင်ဆာ

●        သားအိမ်အတက် စတာတွေပါပဲ။

 

♦       ဒါကြောင့် အကြောင်းရင်းကိုရှာပြီး သေချာကုသဖို့ အရေးကြီးတာပါ။

          အသား စယူတာ၊ ရိုးရိုးအာထရာစောင်း ရိုက်တာလောက်နဲ့တင် မကဘဲ မိန်းမကိုယ်ထဲ အာထရာစောင်း ထည့်ရိုက်တာမျိုးပါ လုပ်ကြည့်ဖို့ လိုပါတယ်။

          သွေးဆင်းများတိုင်းလည်း သားအိမ် ထုတ်လိုက်ရတာမျိုး မဟုတ်ပါဘူး။

          တချို့အမျိုးသမီးတွေဟာ သားအိမ် ထုတ်လိုက်ရမှာ ကြောက်တာနဲ့ ဆရာဝန်နဲ့ မပြဘဲ ကျိတ်ခံနေတတ်ကြတယ်။

          သွေးဆင်းများတိုင်းလည်း အောက်ခံအကြောင်းရင်းရှိတာ မဟုတ်သလို အကြောင်းရင်း ရှိတိုင်းလည်း သားအိမ် ထုတ်စရာမလိုဘဲ သာမန်ခွဲစိတ်မှုအသေးတွေ၊ ဆေးတွေနဲ့တင် သက်သာနိုင်ပါတယ်။

          အသားလုံးဟာ သားအိမ်အတွင်းသားမှာ ရှိနေတာမျိုးဆိုရင် မှန်ပြောင်းနဲ့ ထုတ်လိုက်တာမျိုး လုပ်နိုင်ပါတယ်။

          တစ်လမှာ တစ်ပတ်လောက်ကို သွေးဆင်းနေတဲ့ ပုံမှန်အမျိုးသမီးတွေမှာလည်း တားဆေးတွေက ရာသီကို နည်းသွားစေနိုင်ပါတယ်။

          အမျိုးသမီး တစ်ယောက်နဲ့တစ်ယောက် အမြင်ပေါ်မှာလည်း မူတည်ပါသေးတယ်။ ရာသီများပေမယ့် နောက်ခံအကြောင်းရင်းလည်း မရှိဘူး၊ ကိုယ်ကိုယ်တိုင်ကလည်း ခံနိုင်ရည်ရှိတယ်ဆိုရင် ဘာမှမလုပ်ဘဲနေလို့လည်း ရပါသေးတယ်။

           ရာသီများလို့ မပျော်ရ၊ လုပ်ချင်တာ မလုပ်ရဆိုတာမျိုးကလည်း မဟုတ်သေးဘူးပေါ့။

Dr. Mya Phoo Ngon (www.drmyanmar.com)