အမျိုးသမီးတွေမှာ အမွှေးအမျှင်ထူတာ ဘာကြောင့်လဲ ?
အမျိုးသမီးတစ်ယောက်ဖြစ်သော်ငြားလည်း အမျိုးသားများကဲ့သို့ အမွှေးအမျှင်ထူနေပါသလား? ၎င်းအခြေအနေကို ကျန်းမာရေးရှုထောင့်အရ အမွှေးအမျှင်ထူခြင်း (hirsutism) ဟုခေါ်ပါသည်။ ၎င်းအမွှေးအမျှင်များသည် မဲနက်၍ကြမ်းတမ်းနေခြင်းကြောင့် အလွယ်တကူသတိပြုနိုင်ပြီး အလှအပရေးရာပြဿနာတစ်ခုဖြစ်လာစေပါသည်။ ထို့အပြင် လည်ပင်း၌သာမက အမျိုးသားများတွင်ပေါက်လေ့ရှိသောနေရာများဖြစ်သည့် ရင်ဘတ်၊ ကျောနှင့် မျက်နှာတို့တွင်ပါ တွေ့ရနိုင်ပါသည်။ အမှန်ဆိုရလျှင် အမျိုးသမီးများ၌ အမွှေးအမျှင်ထူခြင်းသည် အိမ်မက်ဆိုးကြီးတစ်ခုပင်ဖြစ်သည်။
ကျွမ်းကျင်သူများ၏အဆိုအရ 50 ရာခိုင်နှုန်းသောအမျိုးသမီးများတွင် ကျားဟော်မုန်း (androgen) မြင့်မားခြင်းကြောင့် ဤပြဿနာကိုကြုံတွေ့ရခြင်းဖြစ်သည်ဟုသိရပါသည်။ အချို့သူများတွင်တော့ ပြင်းထန်သောရောဂါများကြောင့် ဖြစ်ရခြင်းဖြစ်သည်။ သို့ရာတွင် အမွှေးအမျှင်ထူရခြင်းအကြောင်းအရင်းကို ရှာမတွေ့နိုင်သော ဥပမာများလည်း များစွာရှိပါသည်။
ကံကောင်းထောက်မစွာဖြင့် ခန္ဓာကိုယ်၌ ပိုနေသောအမွှေးအမျှင်များကို ဖြေရှင်းနိုင်ရန်နည်းလမ်းများစွာရှိပါသည်။ အထင်ရှားဆုံးတစ်ခုမှာ လေဆာဖြင့်ဖယ်ရှားခြင်းဖြစ်ပြီး အမွှေးအမျှင်များပြန်ပေါက်ခြင်းကို နှေးကွေးစေသောခရင်မ်နှင့် သောက်ဆေးအမျိုးမျိုးလည်းရှိပါသည်။ ရောဂါကြောင့်ဖြစ်သော အမွှေးအမျှင်ထူခြင်းကိုမူ ၎င်းပြဿနာကိုဖြေရှင်းနိုင်ရန် ရောဂါဇစ်မြစ်ကိုကုသရန်လိုအပ်ပါသည်။
ဖြစ်စေနိုင်သောအကြောင်းအရင်းများ
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း အမွှေးအမျှင်ထူသော အမျိုးသမီးထက်၀က်ခန့်သည် ကျားဟော်မုန်းများနေခြင်းကြောင့်ဖြစ်ပြီး Cushing Disease (ဦးနှောက်အတွင်းမှ ACTH ဟော်မုန်းထုတ်လုပ်မှုများနေသောရောဂါ)၊ အမသားဥအိမ်တွင် ရေအိတ်များတည်နေသောရောဂါနှင့် မျိုးဥအိမ်တွင်အကျိတ်ဖြစ်ခြင်း စသည်တို့ကြောင့် ကျားဟော်မုန်းများ မြင့်တက်နေရခြင်းဖြစ်ပါသည်။
တခါတရံတွင် အချို့ဆေးဝါးများ (ဆံပင်ပေါက်ဆေး၊ နေရာလွဲမှားသားအိမ်အတွင်းသားရောဂါ (Endometriosis) တွင် ကုသသောဆေး) ကြောင့်လည်း အမွှေးအမျှင်များထူထဲစေပါသည်။ စတီးရွိုက်များကလည်း အမွှေးအမျှင်များစေခြင်းအကြောင်းအရင်းတစ်ခု ဖြစ်စေနိုင်ပါသည်။
ထို့ပြင်အချို့အမျိုးသမီးများ၌ အမွှေးအမျှင်ထူထဲရခြင်းမှာ မျိုးရိုးဗီဇကြောင့်ဖြစ်ပြီး အာရှ၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသရှိ အမျိုးသမီးများတွင် ပိုမိုအဖြစ်များလေ့ရှိကြသည်။
ရောဂါလက္ခဏာများနှင့် စမ်းသပ်တွေ့ရှိချက်များ
အမွှေးအမျှင်ထူထဲခြင်းသည် လျှို့ဝှက်ထား၍မရသောအခြေအနေတစ်ခုဖြစ်ပြီး ရင်သား၊ ကျော၊ မေးရိုးနှင့် နှုတ်ခမ်းအပေါ်ဘက်တို့တွင် အမွှေးများပေါက်လေ့ရှိပါသည်။
ကျားဟော်မုန်းများခြင်းကြောင့် အမွှေးအမျှင်ထူထဲခြင်းဆိုပါက ၎င်းနှင့်ဆက်စပ်နေသောရောဂါလက္ခဏာအချို့ (ဥပမာ - ဝက်ခြံပေါက်ခြင်း၊ အသံသြခြင်း၊ ကြွက်သားကြီးခြင်းနှင့် ဓမ္မတာမမှန်ခြင်း) ကိုပါတွေ့ရနိုင်ပါသည်။
အထက်တွင်ဆိုပြီးခဲ့သည့်အတိုင်းပင် အမွှေးအမျှင်ထူထဲစွာပေါက်ရောက်ခြင်းသည် ကူးရှင်းစ်ရောဂါ (Cushing Disease) ကြောင့်ဆိုပါက သွေးတိုးခြင်း၊ ခန္ဓာကိုယ်အလယ်ပိုင်းကြီးခြင်း၊ ဆီးချိုရောဂါနှင့် အရေပြားပါးခြင်း စသည့်ရောဂါလက္ခဏာများကိုပါတွေ့ရနိုင်ပါသည်။
Dr. Thinzar Wynn (www.drmyanmar.com)