/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အမျိုးသမီးတွေ-ဘာကြောင့်ရာသီလာရတာလဲ

အမျိုးသမီးတွေ ဘာကြောင့်ရာသီလာရတာလဲ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

ကျန်းမာတဲ့အမျိုးသမီးတစ်ယောက်ရဲ့ မိန်းမကိုယ်ကနေ သွေးဆင်းတာကို ရာသီလာတယ်လို့ ခေါ်ပါတယ်။ အပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးချိန်အထိ တစ်လတစ်ခါ ပုံမှန်ဖြစ်နေတဲ့ဖြစ်စဉ်တစ်ခုပါ။ ရာသီလာခြင်းဟာ ကိုယ်ဝန်ဆောင်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီဆိုတာ ဖော်ပြနေပါတယ်။

>>  ဘာကြောင့် တစ်လတစ်ခါ ရာသီလာရတာလဲ?
အပျိုဖော်ဝင်ရင် အမျိုးသမီးတစ်ယောက်ရဲ့ သားဥအိမ်ကနေ သားဥကြွေရပါတယ်။ သားဥကြွေတဲ့အချိန်မှာ သားအိမ်နံရံဟာလည်း ထူလာပါတယ်။  ဒီသားဥဟာ သုတ်ပိုးနဲ့တွေ့တဲ့အခါ သန္ဓေအောင်ပြီး ဒီသန္ဓေသားလောင်းဟာ ထူနေတဲ့သားအိမ်နံရံမှာ သွားကပ်တွယ်ခြင်းဖြင့် ကိုယ်ဝန်ဆောင်တယ်ဆိုတာ ဖြစ်လာပါတယ်။ အကယ်၍ ဒီသားဥဟာ သန္ဓေမအောင်ခဲ့ဘူးဆိုရင် ကိုယ်ဝန်ဆောင်စရာမလိုတဲ့အတွက်ကြောင့် ထူလာတဲ့သားအိမ်နံရံဟာ တဖြည်းဖြည်း ကွာကျလာတယ်။ ဒါကိုပဲ ရာသီလာတယ်လို့ ခေါ်တာပါ။ ဒီဖြစ်စဉ်ဟာ ပျမ်းမျှအားဖြင့် (၂၈) ရက်အကြာမှာတစ်ခါ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေဟာ တစ်လကိုတစ်ခါ ရာသီလာလေ့ရှိတာပါ။

Dolfenal 1

>>  အမျိုးသမီးတိုင်း ရာသီလာသလား?
ပုံမှန်ဇီဝကမ္မဖြစ်စဉ်တချို့နဲ့ ရောဂါရှိတဲ့အခြေအနေတချို့မှာ ရာသီလာလေ့ မရှိပါဘူး။
ပုံမှန်ဇီဝကမ္မဖြစ်စဉ်မှာ ဘယ်သူတွေပါလဲဆိုတော့ -
●  သွေးဆုံးပြီးသူများ
●  ကိုယ်ဝန်ဆောင်များနဲ့
●  နို့တိုက်မိခင်များ ပါဝင်ပါတယ်။

>>  ပုံမှန်ဖြစ်စဉ်မဟုတ်တဲ့ ဘယ်လိုအခြေအနေတွေမှာ ရာသီမလာတတ်ဘူးလဲ?
အမျိုးသမီးတစ်ယောက် ရာသီပုံမှန်လာဖို့ဆိုရင် ဦးနှောက်မှာရှိတဲ့ hypothalamus လို့ခေါ်တဲ့ အစိတ်အပိုင်း၊ pituitary gland လို့ခေါ်တဲ့ ဦးနှောက်အောက်ခြေမှာရှိတဲ့ ဂလင်း၊ သားဥအိမ်နဲ့ သားအိမ်တို့ဟာ ကောင်းကောင်း အလုပ်လုပ်ရပါမယ်။ သူတို့ထဲက တစ်ခုခုမှာ ပြဿနာဖြစ်ပြီဆိုရင်တော့ ရာသီမလာတဲ့အခြေအနေနဲ့ ကြုံတွေ့နိုင်ပါတယ်။
●  မျိုးရိုးဗီဇနှင့်ဆိုင်သောရောဂါများ (ဥပမာ- Turner's syndrome)
●  လိင်အင်္ဂါပြောင်းလဲထားသူများ
●  ဟော်မုန်းရောဂါများ (ဥပမာ - စတီးရွိုက်ဟော်မုန်း ထုတ်တာများလို့ဖြစ်ရတဲ့ Cushing's syndrome)

Dolfenal 2

>>  ရာသီလာတာကို တားလို့ရနိုင်သလား?
ဘယ်နည်းလမ်းကမှ ရာသီလုံးဝမလာစေရဘူးလို့ အာမခံချက်မပေးနိုင်ပါဘူး။
ဒါပေမဲ့ ရာသီလာတာကို ရက်ရွှေ့ချင်တယ်ဆိုရင်တော့ တားလို့ရတဲ့နည်းလမ်းတွေ ရှိပါတယ်။ အများဆုံး အသုံးပြုတဲ့နည်းလမ်းကတော့ ကိုယ်ဝန်ဆောင်တားဆေးသောက်ခြင်းပါ။ ကိုယ်ဝန်ဆောင်တားဆေးမှာပါတဲ့ ဟော်မုန်းတွေဟာ သားဥကြွေတာကိုတားပေးခြင်းအတွက်ကြောင့် ရာသီလာတာကို မဖြစ်စေတာပါ။
သားအိမ်ထဲပစ္စည်းထည့်ခြင်း၊ လက်မောင်းထဲပစ္စည်းထည့်ခြင်း အစရှိတဲ့ တခြားသောကိုယ်ဝန်တားတဲ့နည်းလမ်းတွေနဲ့လည်း ရာသီလာတာကို တားလို့ရနိုင်ပါသေးတယ်။
အမျိုးသမီးတစ်ယောက် ရာသီလာတယ်ဆိုတာ ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ တစ်လတစ်ခါ ပုံမှန်ဖြစ်ပြီး တစ်ခါဖြစ်ရင် အနည်းဆုံးနှစ်ရက်ကနေ အများဆုံး တစ်ပတ်အထိ ကြာတတ်ပါတယ်။ တစ်ခါလာတဲ့ပမာဏဟာလည်း ပျမ်းမျှအားဖြင့် 30 ml ကနေ 80 ml အထိ ရှိတတ်ပါတယ်။ 80 ml ထက် များခဲ့မယ်ဆိုရင်တော့ ပုံမှန်မဟုတ်တဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)