/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အမျိုးသမီးများတွင်-ရာသီမမှန်ရခြင်း-အကြောင်းအရင်းများ

အမျိုးသမီးများတွင် ရာသီမမှန်ရခြင်း အကြောင်းအရင်းများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          အချို့အမျိုးသမီးတွေက ၂၈ ရက်ပြည့်တာနဲ့ ရာသီလာတတ်ပေမယ့် တချို့အတွက်တော့ မှန်းရခက်ပါတယ်။

          အနည်းဆုံး အမျိုးသမီး 30% လောက်က ရာသီလာတာ ပုံမမှန်ကြပါဘူး။ ရာသီ ပုံမှန်မလာတာက ပြဿနာမဟုတ်ပေမယ့်လည်း တစ်ခါတလေမှာတော့ ဒါက ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

          ပုံမှန်ရာသီစက်ဝန်းက ၂၈ ရက် နဲ့ အတိုးအလျှော့ ၇ ရက်ဖြစ်ပြီး ၂၁ ရက်ထက်စောပြီး အမြဲလာနေတာ (သို့) ၈ ရက်ထက် နောက်ကျတာတွေကတော့ ပုံမှန် မဟုတ်ပါဘူး။ ရာသီမလာခြင်း၊ ရာသီစောလာခြင်း၊ နောက်ကျခြင်း စတာတွေက ရာသီစက်ဝန်း ပုံမမှန်တဲ့လက္ခဏာတွေ ဖြစ်ပါတယ်။

          ရာသီ ပုံမှန် လာ၊ မလာ စောင့်ကြည့်ဖို့အတွက်ဆိုရင် ရာသီလာပြီးတဲ့ နောက်ဆုံးရက်ကနေပြီးတော့ နောက်ထပ် ရာသီလာမယ့် ပထမဆုံးရက်ကို ရေတွက်ရပါမယ်။ ဒီလိုမျိုး သုံးလစောင့်ပြီး ရေတွက်ကြည့်ပါ။ ရာသီလာတဲ့ရက်တွေက ခြားနားချက် များနေတယ်ဆိုရင် ဒါက စက်ဝန်း ပုံမမှန်တာပဲ ဖြစ်ပါတယ်။

 

>>    အကြောင်းအရင်းများ

          အများအားဖြင့် မမျိုးဥမကြွေခြင်းကြောင့် ရာသီ ပုံမမှန်ဖြစ်တတ်ပြီး တစ်ခါတစ်ရံ ဟော်မုန်းမညီမျှမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နေထိုင်စားသောက်မှုပုံစံနဲ့ ကျန်းမာရေးအခြေအနေတွေက ရာသီစက်ဝန်းအပေါ်မှာ လွှမ်းမိုးမှု ရှိတဲ့အတွက် သားဥကြွေတာက တစ်လနဲ့တစ်လ အပြောင်းအလဲ ရှိပါတယ်။

          အောက်ပါအချက်တွေကြောင့် ရာသီ မမှန်ခြင်း၊ ပျောက်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

●      လေ့ကျင့်ခန်း (သို့) Diet ပြင်းပြင်းထန်ထန် လုပ်ခြင်း

          လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်းက ရာသီသွေးဆင်းချိန်ကို ပြောင်းလဲစေပြီး တစ်ခါတလေမှာ ရာသီမလာတောင် ဖြစ်နိုင်ပါတယ်။ လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်း၊ diet လုပ်ခြင်း၊ အစာစားခြင်းဆိုင်ရာ ပြဿနာများ (သို့) ရောဂါတစ်ခုခုကြောင့် ပိန်လွန်းခြင်းကလည်း ရာသီ မလာခြင်း (သို့) မမှန်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

 

●      စိတ်ဖိစီးမှု

          နာတာရှည် စိတ်ဖိစီးမှု (သို့) ခေတ္တ စိုးရိမ်ပူပန်မှုတွေကတောင်မှ ဟော်မုန်းညီမျှမှုကို ပျက်စေပြီး ရာသီ မလာခြင်း (သို့) မမှန်ခြင်းတွေကို ဖြစ်စေပါတယ်။

 

●      သနေ္ဓတားဆေး

          ဒီဆေးတွေကြောင့် ရာသီသွေးဆင်း နည်းခြင်း၊ ရာသီ ပျောက်ခြင်း၊ မကြာခဏ လာခြင်း၊ ရာသီလာနည်းခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။

 

●      PCOS သားဥအိမ်တွင် ရေအိတ်များစွာ တည်သော ရောဂါလက္ခဏာစု

          ဒီရောဂါရှိတဲ့အမျိုးသမီးတွေမှာ ရာသီ မမှန်တတ်ပါဘူး။ ဒီရောဂါကြောင့် မမျိုးဥကြွေတာကို အနှောင့်အယှက်ဖြစ်စေပြီး ကလေး မရစေနိုင်သလို နှလုံးရောဂါနဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေကိုလည်း မြင့်တက်စေပါတယ်။

 

●      အခြားရောဂါများ

          သိုင်းရွိုက်ဟော်မုန်း နည်းလွန်းခြင်း၊ များလွန်းခြင်းစတဲ့ သိုင်းရွိုက်ပြဿနာတွေကြောင့်လည်း ရာသီမမှန် ဖြစ်စေပါတယ်။ ရာသီမမှန်စေတဲ့ အခြားရောဂါတွေကတော့ လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ၊ ဆီးချိုရောဂါ၊ သားအိမ် အသားလုံး၊ အစာစားခြင်းဆိုင်ရာပြဿနာများ စတာတွေ ဖြစ်ကြပါတယ်။

 

●      အသက်အရွယ်

          ရာသီ စလာကာစ ဆယ်ကျော်သက်အရွယ်မှာ ရာသီလာတဲ့အချိန်တွေက မမှန်သေးပါဘူး။ ရာသီလာတာ ပုံမှန်ဖြစ်သွားဖို့ နှစ်အတော် ကြာပါတယ်။ သွေးဆုံးခါနီး အမျိုးသမီးတွေမှာလည်း ရာသီပျောက်တာ၊ ရာသီသွေးဆင်း နည်းခြင်း၊ များခြင်းတွေ ဖြစ်လေ့ရှိပါတယ်။

 

>>    ဘယ်လိုအခြေအနေဆိုရင် စိုးရိမ်ရလဲ?

          တစ်ခါတလေမှာ ရာသီ ပုံမှန်မလာတာနဲ့ ရာသီပျောက်တာတွေက ရောဂါတစ်ခုခုရဲ့ ပထမဆုံးပြသတဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။ အမြဲတမ်း ရာသီလာတာ ပုံမမှန် ဖြစ်နေတယ်ဆိုရင် PCOS ကြောင့် ဖြစ်နိုင်ပါတယ်။ ဒီရောဂါက မျိုးပွားနိုင်တဲ့အရွယ် အမျိုးသမီးတွေရဲ့ ၁၀% လောက်အပေါ် သက်ရောက်မှု ရှိပါတယ်။

          သိုင်းရွိုက်နဲ့ အခြားရောဂါတွေကိုလည်း စစ်ဆေးကြည့်ဖို့ လိုပါတယ်။ ရာသီ ပုံမမှန်တာ အထူးသဖြင့် လတိုင်း သားဥမကြွေတာက ကိုယ်ဝန်ရဖို့ ခက်ခဲစေပါတယ်။ မမျိုးဥ ကြွေ၊ မကြွေ ဆိုတာကို စစ်ဆေးကြည့်လို့ ရပါတယ်။ ကိုယ်ဝန်ရဖို့ ကြိုးစားနေတဲ့ ရာသီပုံမမှန်တဲ့အမျိုးသမီးတွေကို သနေ္ဓအောင်နိုင်တဲ့ဆေးတွေကို ညွှန်လေ့ရှိပါတယ်။

 

>>    ကာကွယ်ခြင်းနှင့် ကုသခြင်း

          ဖြစ်ရတဲ့အကြောင်းအရင်းအပေါ် မူတည်ပြီး ကုသဖို့ လိုပါတယ်။

          စိတ်ဖိစီးမှုကြောင့် ဖြစ်တာဆိုရင် တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ ထိုက်ချိကစားခြင်းစတဲ့ စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်တဲ့ နည်းလမ်းတွေကို ကြိုးစားကြည့်ပါ။ လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်း၊ အစားအသောက်နဲ့ ကိုယ်အလေးချိန် အလွန်အကျွံချခြင်းတွေက ရာသီစက်ဝန်းကို ထိခိုက်စေနိုင်တဲ့အတွက် ရှောင်ကျဉ််ပါ။

          ရာသီလာတာ ပုံမှန်ပြန်ဖြစ်ဖို့အတွက် သနေ္ဓတားဆေးတွေ ညွှန်နိုင်ပါတယ်။ ညဘက်မှာ အခန်းကို လုံးဝအမှောင်ချထားခြင်းက ရာသီစက်ဝန်းကို ထိန်းညှိဖို့ အထောက်အကူ ဖြစ်စေနို်င်တယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့လည်း တကယ် အလုပ်ဖြစ်၊ မဖြစ်တော့ မသေချာပါဘူး။

          တခါတလေ ရာသီ ပုံမှန်မလာတာက စိုးရိမ်စရာတော့ မရှိပါဘူး။ ဒီထက် ပိုလာပြီဆိုရင်တော့ မျိုးဥကြွေတဲ့ပြဿနာလား၊ ရောဂါတစ်ခုခုကြောင့်လား ဆိုတာကို သိဖို့ ဆေးခန်းပြပြီး စစ်ဆေးကြည့်သင့်ပါတယ်။ ကိုယ်ဝန် ရှိ၊ မရှိကိုလည်း စစ်ဆေးကြည့်သင့်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)