အမျိုးသမီးများတွင် အလုပ်လုပ်ပုံခြင်းမတူညီသောဆေးများ
1. အမျိုးသမီးများ၏ ဇီ၀ဖြစ်စဉ်သည်ဆေးဝါးများ၏လုပ်ဆောင်မှုအပေါ်မည်ကဲ့သို့ အကျိုးသက်ရောက်မှုရှိသနည်း
ကိုယ်အလေးချိန်အပြင် အမျိုးသမီးများ၏ အခြားဇီ၀ဖြစ်စဉ်များကလည်း ဆေးဝါးများ၏လုပ်ဆောင်မှုကို များစွာအကျိုးသက်ရောက်မှုရှိပါသည်။
ပထမဆုံးအချက်မှာ အမျိုးသမီးများသည် အမျိုးသားများထက်ခန္ဓာကိုယ်အဆီ သိုလှောင်မှုပိုမိုများပြားခြင်းကြောင့် အဆီတွင်ပျော်၀င်နိုင်သောဆေးများ၏ ပျော်၀င်မှုနှုန်းများ ပိုမိုလျင်မြန်နိုင်ပါသည်။ ထို့ကြောင့် ဤအမျိုးအစားအတွင်ပါ၀င်သော စိတ်ရောဂါကုဆေးများ (ဥပမာ- စိတ်ကျခြင်းကိုကုသသောဆေးများ၊ စိတ်ကြွခြင်းကိုကုသသောဆေးများ) တွင် အကျိုးသက်ရောက်မှုများစွာရှိကြောင်းကို နယူးယောက်စ်မြို့ ကိုလမ်ဘီယာဆေးတက္ကသိုလ်၏ စိတ်ရောဂါဆိုင်ရာ ပါမောက္ခနှင့် အမေရိကန်နိုင်ငံ စိတ်ပညာအဖွဲ့အစည်း၏ သိပ္ပံပညာဆိုင်ရာကော်မတီ၏ ဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်သူ ဒေါက်တာ Philip Muskin က ပြောကြားထားသည်။
အမျိုးသားနှင့်အမျိုးသမီးနောက်ထပ်ခြားနားချက်တစ်ခုမှာ အစာခြေရာတွင်ဖြစ်ပြီး အမျိုးသမီးများတွင် အစာအိမ်အက်ဆစ်ထွက်ခြင်းနည်းပါးသောကြောင့် အစာချေရာတွင် နှေးကွေးစေပါသည်။ ထို့အတွက်ကြောင့်ပင် အက်ဆစ်ရှိမှ စုပ်ယူမှုအားကောင်းသောဆေးများ (ဥပမာ- မှိုရောဂါသတ်ဆေးများ) သည် အမျိုးသမီးများတွင် ထင်သလောက်အစွမ်းမထက်ကြပါ။ ထိုနည်းတူစွာ အစာမရှိသောအချိန်တွင်မှ အလုပ်လုပ်သော tetracycline ကဲ့သို့ ပဋိဇီ၀ဆေးဝါးများသည်လည်း အစာစားပြီးချက်ချင်းသောက်သုံးပါက ခန္ဓာကိုယ်မှကောင်းစွာမစုပ်ယူနိုင်ပေ။
2. အမျိုးသမီးဟော်မုန်း (Estrogen) ၏ ဆေးဝါးများအပေါ်တွင် အကျိုးသက်ရောက်မှုများ
ဟော်မုန်းများသည်လည်း ခန္ဓာကိုယ်တွင်ဆေးဝါးများဖြိုခွဲခြင်းနှင့် အသုံးပြုခြင်းဖြစ်စဉ်များတွင် အဓိကပါ၀င်ပါသည်။ အမျိုးသမီးဟော်မုန်းများသည် ဓမ္မတာလာစဉ်အချိန်နှင့် သွေးဆုံးခါနီးအချိန်များတွင် အတက်အကျအလွန်များသည်။ ဥပမာအားဖြင့် Estrogen သည် အသည်းမှဆေးဝါးများဖြိုခွဲခြင်းကို ဟန့်တားစေနိုင်ကြောင်း Dr.Muskin က ပြောကြားထားသည်။
Dr.Muskin က ဆက်လက်၍ အသည်းကိုဇကာစစ်နှင့် ခိုင်းနှိုင်းကာ အစားအစာများအတွင်းမှာအဆိပ်များကို အသည်းမှဖယ်ရှားပေးကြောင်းနှင့် ဆေးဝါးများကိုခန္ဓာကိုယ်မှ အဆိပ်အတောက်ဟုမှတ်ယူထားကြောင်းရှင်းပြထားပါသည်။
အကယ်၍ အသည်းလုပ်ဆောင်ချက်များမကောင်းပါက ပုံမှန်ဆေးညွှန်းအတိုင်းသောက်လျှင်ပင် ခန္ဓာကိုယ်တွငး်၌ ဆေးများစုပုံလာပေလိမ့်မည်။ ကင်ဆာရောဂါတွင် ကုသသောဆေးဝါးအများစုကိုမူ ကျောက်ကပ်မှဖယ်ရှားလေ့ရှိကြောင်းသိရပါသည်။ အမေရိကန်အထွေထွေရောဂါကုမိသားစုဆရာ၀န်များမဂ္ဂဇင်း၏ ဆောင်းပါးတစ်ခုအရ methotrexate ကဲ့သို့ ကင်ဆာရောဂါကုသသောဆေးများကို ခန္ဓာကိုယ်မှဖယ်ရှားရာတွင် အမျိုးသမီးများက အမျိုးသားများထက် 13-17 ရာခိုင်နှုန်းနီးပါးနှေးကွေးကြောင်းသိရပါသည်။
3. နှလုံးရောဂါကုဆေးဝါးများ
နှလုံးရောဂါကုသရာတွင် အသုံးပြုသောဆေးများသည်လည်း အမျိုးသားနှင့်အမျိုးသမီးများတွင် လုပ်ဆောင်ပုံခြင်းမတူညီကြပေ။ ပြင်းအားနည်းသွေးကျဲဆေး (aspirin) ကို နှလုံးတိုက်ခိုက်ခံရမှုမှကာကွယ်ရန် အသုံးပြုကြသော်လည်း အမျိုးသမီးများတွင်မူ သွေးထွက်နိုင်ချေများပြားခြင်းကြောင့် အမှန်တကယ်လိုအပ်မှသာ ပေးလေ့ရှိကြသည်။
ထိုနည်းတူစွာ beta-blockers ကဲ့သို့ သွေးကျဆေးများကလည်း အမျိုးသမီးများတွင် အမျိုးသားများထက် ဘေးထွက်ဆိုးကျိုးပိုမိုခံရစေနိုင်သည်။
Warfarin ကဲ့သို့သွေးခဲဟန့်တားဆေးများတွင်လည်း အမျိုးသမီးများကို အမျိုးသားများထက် ပိုမိုပြင်းအားနည်းသော ဆေးများကိုသာပေးလေ့ရှိသည်။ အမေရိကန်အထွေထွေရောဂါကုမိသားစုဆရာ၀န်များမဂ္ဂဇင်းတွင် မကြာသေးမီကဖော်ပြခဲ့သော ဆောင်းပါးတစ်ခုတွင် အမျိုးသမီးများသည် အမျိုးသားများထက်တစ်ပတ်လျှင် Warfarin ကို 2.5 - 4.5 မီလီဂရမ်ထိ ပိုမိုလျော့နည်းစွာ လိုအပ်ကြောင်းရေးသားထားပါသည်။
4. အကိုက်အခဲပျောက်ဆေးနှင့် အိပ်ဆေးများ
အကိုက်အခဲပျောက်ဆေးများသည် အမျိုးသားများတွင်သာမက အမျိုးသမီးများတွင်လည်း မတူညီသောဘေးထွက် ဆိုးကျိုးများကိုဖြစ်စေနိုင်ပါသည်။ 2002 ခုနှစ်တွင် ပြုလုပ်သောစစ်တမ်းများအရ ပါရာစီတမော (သို့) စတီရွိုက်မပါသော အကိုက်အခဲပျောက်ေ်ဆးများ (Ibuprofen) သောက်သုံးသောအမျိုးသမီးများတွင် သွေးပေါင်ချိန်မြင့်တက်စေနိုင်ကြောင်း သိရှိရပါသည်။ အထူးသဖြင့် တစ်လလျှင် 22 ရက်ထက်ပို၍ သောက်သုံးသောအမျိုးသမီးများတွင် သွေးတိုးရောဂါဖြစ်နိုင်ချေ 86 ရာခိုင်နှုန်းပိုမိုမြင့်မားပါသည်။
အခြားဆေးအုပ်စုအမျ်ိုးအစားမှာ အိပ်ဆေးများဖြစ်ပြီး အမျိုးသမီးများတွင် အမျိုးသားများထက် စွန့်ထုတ်မှုပိုမိုနှေးကွေးကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် Zolpidem ကဲ့သို့အိပ်ဆေးမျိုးကို ညနေဘက်တွင် သောက်ထားသောအမျိုးသမီးများသည် နောက်တစ်နေ့ကားမောင်းရာတွင် အခက်အခဲရှိကြောင်း အစီရင်ခံစာအရသိရပါသည်။ သို့အတွက် 2013 ခုနှစ်တွင် အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အကြံပြုချက်အရ အမျိုးသမီးများသည် Zolpidem ပမာဏ ကို အမျိုးသားများထက် တစ်၀က်ခန့်လျော့၍သောက်သုံးသင့်ကြောင်း ဖော်ပြထားပါသည်။
အမျိုးသမီးများအတွက် ဆေးဝါးလမ်းညွှန်
Dr.Muskin က ဤကဲ့သို့ဇီ၀ဗေဒဆိုင်ရာ ကွဲပြားချက်များသည် ပြောပလောက်သော ကိစ္စများမဟုတ်သောကြောင့် အမျိုးသမီးများအနေဖြင့် ဆေးသောက်ရန်စိတ်ပူပန်စရာ မလိုကြောင်း ပြောကြားလိုက်သည်။ အများအားဖြင့် အမျိုးသားနှင့်အမျိုးသမီးတို့သည် ပြင်းအား တူသောဆေးများကို သောက်သုံးကြသော်လည်း အမျိုးသမီးများက ဆေးဝါးများ၏ဘေးထွက်ဆိုးကျိုးများကိုမူ ပိုမိုသိသာစွာခံစားရလေ့ရှိပါသည်။ ထို့ကြောင့် Dr.Muskin က ဆက်လက်အကြံပြုထားသည်မှာ ဆေးတစ်ခုကိုမသောက်သုံးမီ ယခင်ဆေးများ၏ မိမိအပေါ်အကျိုးသက်ရောက်ပုံများကို ဆရာ၀န်နှင့်သေချာဆွေးနွေးတိုင်ပင်ပြီးမှသာလျှင် စတင်သောက်သုံးသင့်ကြောင်းသိရပါသည်။
Dr. Thinzar Wynn






























