အမျိုးသမီးများနဲ့ သွေးတိုးခြင်း
ကိုယ်ဝန်ဆောင်ခြင်းနဲ့ တခြားအကြောင်းအရာများစွာဟာ အမျိုးသမီးတွေကို သွေးတိုးစေနိုင်ပါတယ်။
မှားယွင်းနေတဲ့အယူတစ်ခုက မိန်းမတွေမှာ သွေးတိုး သိပ်မဖြစ်ဘူးဆိုတာပါပဲ။ တကယ်တော့ လူကြီးသွေးတိုးရောဂါဖြစ်သူရဲ့ တစ်ဝက်နီးပါးလောက်က အမျိုးသမီးတွေပါပဲ။ အသက် ၆၅ နှစ်အထက်မှာ အမျိုးသမီးတွေမှာ သွေးတိုးပိုဖြစ်လာနိုင်ပါတယ်။ အရွယ်သုံးပါး မိန်းမသားတွေအတွက် ကိုယ်ဝန်ဆောင်ခြင်း၊ ကိုယ်ဝန်တားဆေး၊ သွေးဆုံးခြင်း စတဲ့အကြောင်းအရာတွေက သွေးတိုးစေတဲ့အကြောင်းရင်းတွေပါပဲ။
** သွေးမဆုံးမီကာလနှင့် သွေးတိုးခြင်း
>> ကိုယ်ဝန်တားဆေး
လေ့လာသူတွေက ကိုယ်ဝန်တားဆေးတွေဟာ တချို့အမျိုးသမီးတွေမှာ သွေးပေါင်တက်စေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အဝလွန်နေသူ၊ အရင်ကိုယ်ဝန်တုန်းက သွေးတိုးဖူးသူ၊ မိသားစုသွေးတိုးရာဇဝင်ရှိသူ၊ ကျောက်ကပ်ရောဂါ အပျော့စားရှိသူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ တချို့အမျိုးသမီးတွေအတွက် ကိုယ်ဝန်တားဆေးတွေနဲ့ ဆေးလိပ်သောက်ခြင်းတွေပါ တွဲစပ်တဲ့အခါ ပိုအန္တရာယ်များပါတယ်။
ဒါကြောင့် တားဆေးမသောက်မီမှာ -
● ဆရာဝန်နဲ့ ဖြစ်နိုင်ခြေတွေကို တိုင်ပင်ဆွေးနွေးပါ။
● တားဆေးမပေးခင်မှာ သွေးပေါင်ကို တိုင်းတာမှတ်သားဖို့ လိုပါတယ်။
● ၆ လတစ်ခါ သွေးပေါင်တိုင်းပါ။
>> သွေးတိုးရှိသူတွေမှာ ကိုယ်ဝန်ဆောင်တဲ့အခါ
ဆရာဝန် ညွှန်ကြားချက်ကို သေချာလိုက်နာပြီး သွေးပေါင်ကို သေချာထိန်းမယ်ဆိုရင် ပုံမှန်ကိုယ်ဝန်ဆောင်နိုင်ပြီး ကျန်းမာတဲ့ကလေးတွေ မွေးနိုင်မှာပါ။ သွေးတိုးဟာ အမေရော၊ ကလေးအတွက်ပါ အန္တရာယ်များတဲ့ အခြေအနေတစ်ခုပါ။ ဒါကြောင့် သွေးတိုးကျဆေးတွေ သောက်နေရပြီး ကိုယ်ဝန်ဆောင်တော့မယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့တော့ လိုပါလိမ့်မယ်။ ဒါ့အပြင် ကိုယ်ဝန်ကြောင့် သွေးတိုးတာ ပိုဆိုးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
>> ကိုယ်ဝန်မဆောင်မီမှာ -
အမျိုးသမီး တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ပါ။ အမျိုးသမီးအများစုမှာတေ့ာ အောက်ပါအချက်ကလေးတွေ လိုက်နာသင့်ပါတယ်။
● သွေးပေါင် သေချာထိန်းပါ။
● အစားအသောက် ဆင်ခြင်ပြီး ဆိုဒီယမ်ကို လျှော့စားပါ။
● လှုပ်လှုပ်ရှားရှားနေပြီး လေ့ကျင့်ခန်းလုပ်တာက သွေးပေါင်ကို ထိန်းပေးနိုင်ပါတယ်။
● အဝလွန်နေသူတွေ ဝိတ်လျှော့ပါ။
● ဆေးလိပ်သောက်တတ်ရင် ဖြတ်ပါ။
● သွေးတိုးကျဆေးသောက်နေရင် ကိုယ်သောက်နေတဲ့ဆေးတွေ ဗမာဆေးအားဆေးမကျန ်အကုန် ဆရာဝန်ကို ပြောပြပါ။ သောက်လက်စဆေးကို ဆရာဝန်ကို မပြောဘဲ ကိုယ့်သဘောနဲ့ကိုယ် မရပ်ပါနဲ့။
>> ကိုယ်ဝန်ဆောင်စဉ် သွေးတိုးထိန်းပေးခြင်းဖြင့်
● ကျောက်ကပ်နဲ့ တခြားအင်္ဂါအစိတ်အပိုင်း ထိခိုက်မှုတွေကို ရှောင်ရှားနိုင်ပါတယ်။
● ကလေး ကိုယ်အလေးချိန်နည်းခြင်းနဲ့ စောစောမွေးခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။
>> ACEI/ARB သွေးကျဆေး သောက်နေသူများနှင့် ကိုယ်ဝန်
ဒီဆေးအမျိုးအစား သောက်နေသူတွေဟာ သောက်လက်စနဲ့ ကိုယ်ဝန်မယူသင့်ပါဘူး။ အကယ်၍ သောက်လက်စနဲ့ ကိုယ်ဝန်ရှိနေတယ်ထင်ရင် ဆရာဝန်နဲ့ ချက်ချင်းတိုင်ပင်ဆွေးနွေးပါ။
>> ကိုယ်ဝန်ဆောင်ချိန် သွေးတိုးခြင်း
အရင်က သွေးတိုးမရှိဘဲ ကိုယ်ဝန်ဆောင်ချိန်ကျမှ၊ အထူးသဖြင့် ကိုယ်ဝန်ပတ် ၂၀ ကျော်မှ သွေးတိုးတာကို ကိုယ်ဝန်ဆောင်ချိန်သွေးတိုးခြင်းလို့ ခေါ်ပါတယ်။ ကလေးမွေးပြီးရင် ပျောက်သွားတာ များပါတယ်။ ကိုယ်ဝန်ဆောင်ချိန်သွေးတိုးခြင်း ကိုမကုဘဲထားရင် အမေရော ကလေးမှာပါ အန္တရာယ်ရှိပါတယ်။ ဒါကြောင့်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကို ဆရာဝန်တွေ အထူးအလေးပေးတာပေါ့။
** သွေးဆုံးပြီးနောက် သွေးတိုးခြင်း
တစ်ဘဝလုံး သွေးပေါင် ပုံမှန်ရှိနေပေမယ့် သွေးဆုံးပြီးနောက်မှာ သွေးတိုးနိုင်ခြေ ပိုများလာပါတယ်။ ဒါကြောင့် သွေးပေါင် မှန်မှန်တိုင်းပါ။ ဆရာဝန်နဲ့ ပုံမှန်စစ်ဆေးပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























