/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အမျိုးသမီးများမှာ-ဖြစ်လေ့ရှိတဲ့-ရင်သားနာကျင်ခြင်း

အမျိုးသမီးများမှာ ဖြစ်လေ့ရှိတဲ့ ရင်သားနာကျင်ခြင်း

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

ရင်သားနာကျင်ခြင်းဆိုတာ အမျိုးသမီးတွေမှာ ဖြစ်လေ့ရှိတဲ့ဝေဒနာတစ်ခုပါ။ ၇၀ ရာခိုင်နှုန်းသော အမျိုးသမီးများဟာ ရင်သားနာကျင်တာကို ခံစားဖူးကြပါတယ်။ ရင်သားနာရင် ကင်ဆာလားဆိုပြီး စိတ်ပူလေ့ရှိကြပါတယ်။ ရင်သားကင်ဆာဟာ များသောအားဖြင့် ရင်သားနာတာနဲ့ သိပ်မတွဲတတ်ပါဘူး။ ရင်သားအကျိတ်၊ အရေပြားပူနွေးပြီး ယားယံခြင်း၊ ရင်သားအပေါ်ယံအရေပြား လိမ္မော်သီးလို ထူလာခြင်း၊ အရေပြားနီရဲခြင်း၊ ညှပ်ရိုးအနီးတစ်ဝိုက်နဲ့ချိုင်းကြားမှာ အလုံးအကျိတ်ရှိခြင်းတို့ကသာ ရင်သားကင်ဆာ ဖြစ်နိုင်ချေရှိတဲ့ လက္ခဏာတွေပါ။

ရင်သားနာကျင်ခြင်းကို ရာသီစက်ဝန်းနဲ့ ဆက်စပ်မှုရှိ၊ မရှိပေါ်မူတည်ပြီး အမျိုးအစားနှစ်မျိုး ခွဲခြားထားပါတယ်။ ဓမ္မတာလာခါနီးမှာ နာကျင်ပြီး ဓမ္မတာလာနေစဉ်၊ ဒါမှမဟုတ် လာအပြီးမှာ သက်သာသွားရင် ရက်မှန်နာကျင်ခြင်းလို့ သတ်မှတ်ပြီး ဓမ္မတာလာတာနဲ့ ဆက်စပ်မှုမရှိဘဲ နာချင်တဲ့အချိန် နာနေမယ်ဆိုရင် ရက်မမှန်နာကျင်ခြင်းလို့ သတ်မှတ်ပါတယ်။ ရင်သားနာကျင်စေတဲ့ အကြောင်းရင်းတွေကတော့ များစွာရှိပါတယ်။

Dolfenal 1

•  အတွင်းခံရွေးချယ်မှုမှားခြင်း
ရင်သားအရွယ်အစားနဲ့ ကိုက်ညီမှုရှိတဲ့ အတွင်းခံကိုသာ ဝတ်ဆင်ပါ။ အခြေအနေပေါ် မူတည်ပြီး အတွင်းခံအမျိုးအစားကို ပြောင်းလဲဝတ်ဆင်ပေးပါ။ ဥပမာ - လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် Sport Bra ကို ဝတ်ဆင်ပြီးမှ လေ့ကျင့်ခန်းလုပ်ပါ။

•  ဓမ္မတာလာခါနီးနဲ့ သွေးဆုံးပြီးချိန်
ဓမ္မတာလာခါနီးရင် ရင်သားတင်းပြီး နာလေ့ရှိပါတယ်။ သွေးဆုံးပြီးရင်လည်း ဒီလိုပါပဲ။ ဒါဟာ ဟော်မုန်းဓာတ် အပြောင်းအလဲကြောင့် ဖြစ်ရတာပါ။

•  နှလုံးရောဂါ
အကြောင်းအမျိုးမျိုးကြောင့် နှလုံးအောင့်တဲ့အခါ နှလုံးအပါ်မှာရှိတဲ့ ရင်ဘတ်အောင့်တာကို ဖြစ်စေပါတယ်။ ဒါကြောင့် ရင်သားနာသလို ခံစားရတာပါ။ နှလုံးရောဂါတွေကို တိတ်တဆိတ်လူသတ်သမား (Silent Killer) လို့တောင် ခေါ်ကြပါတယ်။ ဒီလိုကြောက်စရာကောင်းတဲ့ နှလုံးရောဂါမဖြစ်အောင်လို့ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံများများစားခြင်း၊ အရက်နဲ့သကြားကို အနည်းငယ်သာ စားသုံးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

•  ရင်သားအရည်အိတ်/အကျိတ်ရောဂါ
ရင်သားမှာ အလုံးအကျိတ်ဖြစ်တာပါ။ များသောအားဖြင့် ရင်သားမှာ အလုံးအကျိတ်ရှိတာကလွဲလို့ တခြားဘာလက္ခဏာမှ မပြတတ်ပေမယ့် တချို့အမျိုးသမီးတွေမှာတော့ ရင်သားနာကျင်မှုကို ဖြစ်စေပါတယ်။ အမျိုးသမီး ၅၀ ရာခိုင်နှုန်းလောက်ဟာ ဒီရောဂါဖြစ်ဖူးကြပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းကို သေချာမသိပေမယ့် ဓမ္မတာလာချိန် ဟော်မုန်းပြောင်းလဲမှုတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ယူဆထားကြပါတယ်။

Dolfenal 2

•  စိတ်ဖိစီးမှု
ဒါကိုလည်း ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တာလို့ ယူဆထားပါတယ်။ သူရဲ့ကုသမှုကတော့ ရှင်းပါတယ်။ စိတ်ဖိစီးမှုလျော့နည်းအောင် နေထိုင်ပါ။ စိတ်အပန်းပြေစေမယ့် တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းတွေလုပ်ပါ။

•  ကဖင်းဓာတ်
မနက်စောစော ကော်ဖီတစ်ခွက်သောက်တာကလည်း ရင်သားနာကျင်စေတဲ့တရားခံ ဖြစ်သွားနိုင်ပါတယ်။ အကြောင်းရင်းကိုတော့ သေချာမသိပေမယ့် ရင်သားအရည်အိတ်/အကျိတ်ရောဂါဖြစ်တဲ့ အမျိုးသမီးတွေမှာ ကဖင်းဓာတ်ပါတဲ့ အစားအသောက်တွေ လျော့စားခြင်းက နာကျင်မှုကို သက်သာစေတယ်လို့ လေ့လာတွေ့ရှိရပါတယ်။

•  အရည်အိတ်ဖြစ်ခြင်း
ရင်သားမှာအရည်အိတ်ဖြစ်တာဟာ သိပ်စိတ်ပူစရာတော့ မလိုပါဘူး။ အရည်အိတ်တွေဟာ ရင်သားမှာရှိတဲ့ ပြွန်ငယ်လေးတွေပိတ်ဆို့မှု၊ သွေးကြောသေးသေးလေးတွေပေါက်ပြီး တစ်ရှူးထဲကို သွေးအနည်းငယ် စိမ့်ထွက်လာမှုတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ရောဂါပိုးတွေကြောင့်လည်း ဖြစ်နိုင်ပေမယ့် ရှားပါတယ်။ အရည်အိတ်လေးတွေဟာ သေးငယ်ပြီးတော့ သိပ်လည်းမနာဘူးဆိုရင် ဘာမှလုပ်စရာ မလိုပါဘူး။ ကြီးပြီး နေထိုင်ရခက်တယ်ဆိုရင်တော့ ခွဲထုတ်လို့ရပါတယ်။

•  အရိုးနုများ ရောင်ရမ်းခြင်း
နံရိုးနဲ့ရင်ညွန့်ရိုးကို ချိတ်ဆက်ပေးထားတဲ့ အရိုးနုတွေရောင်ပြီး နာကျင်တဲ့အခါ သူ့အပေါ်မှာရှိတဲ့ ရင်သားကိုလည်း နာကျင်စေပါတယ်။ ရင်ဘတ်ကိုထိခိုက်မိခြင်း၊ ပြင်းပြင်းထန်ထန် ချောင်းဆိုးခြင်း၊ ရောဂါပိုးဝင်ခြင်းနဲ့ အကျိတ်တွေက နံရိုးမှာရှိတဲ့အရိုးနုတွေကို ရောင်ရမ်းစေပါတယ်။ ဒီလိုဖြစ်လို့ ရင်သားနာတာ ဆိုရင်တော့ အကောင်းဆုံးကုသမှုက အနားယူတာပါပဲ။ အလေးအပင်မတာ ရှောင်ပါ။ ရေနွေးအိတ်ကပ်ပါ။ ကြွက်သားအကြောလျှော့လေ့ကျင့်ခန်း လုပ်ပါ။ အကိုက်အခဲပျောက်ဆေး သောက်ပါ။
ရင်သားနာကျင်မှုဟာ ကင်ဆာကြောင့်ဖြစ်တာရှားလို့ စိုးရိမ်စရာ သိပ်မလိုပေမယ့် ဒီနာကျင်မှုကြောင့် နေ့စဉ်လုပ်နေကျအလုပ်တွေ မလုပ်နိုင်တော့ဘူးဆိုရင်၊ ဒါမှမဟုတ် မိမိကိုယ်တိုင်က စိုးရိမ်ပူပန်တတ်သူဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။

Dr. Aye Hsu Mon (www.drmyanmar.com)