အမျိုးသမီးများရဲ့ မိန်းမကိုယ်မွေးလမ်းကြောင်း သန့်ရှင်းမှုမရှိပါက ဖြစ်ပေါ်နိုင်မယ့်ရောဂါများ
အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ဟာ အလွန်နုနယ်ပြီး သန့်ရှင်းအောင်ထားဖို့ လိုအပ်တဲ့ ကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ မိန်းမကိုယ်ကျန်းမာရေး ချို့ယွင်းပါက နောက်ဆက်တွဲဆိုးကျိုးများစွာ ဖြစ်ပေါ်လာတတ်ပါတယ်။
အမျိုးသမီးတိုင်း မဟုတ်သော်လည်း အမျိုးသမီးအချို့ဟာ ရာသီလာစဉ်မှာ မိန်းမကိုယ်ကို ကောင်းစွာ သန့်ရှင်းရေးလုပ်ကြခြင်း မရှိတတ်ကြပါဘူး။ ဒီလိုသန့်ရှင်းရေးအားနည်းခြင်းဟာ မိန်းမကိုယ်အတွင်းသို့ ရောဂါပိုးတွေ ဝင်ရောက်စေဖို့ အခွင့်အလမ်းပေးရာရောက်ပြီး အောက်ပါရောဂါတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
>> ဆီးလမ်းကြောင်းနှင့် မျိုးပွားလမ်းကြောင်း ပိုးဝင်ခြင်းများ
● မိန်းမကိုယ် သန့်ရှင်းမှုမရှိဘူးဆိုရင်တော့ ပိုးဝင်ခြင်းများစွာကို လက်ယပ်ခေါ်နေသလိုဖြစ်မှာ အသေအချာပါပဲ။
● အိန္ဒိယနိုင်ငံက လေ့လာချက်တစ်ခုအရ ရာသီလာသော အမျိုးသမီးများအနေနှင့် အတွင်းခံဘောင်းဘီမှာ ကပ်ပြီးအသုံးပြုရတဲ့ ကပ်ခွာအမျိုးအစား ဂွမ်းထုပ်တွေကိုမသုံးဘဲ အခြားပစ္စည်းတွေကို အသုံးပြုမယ်ဆိုရင် ဆီးလမ်းကြောင်းနှင့် မိန်းမကိုယ်လမ်းကြောင်း ပိုးဝင်ခြင်းဖြစ်စေဖို့ ပိုအလားအလာများတယ်လို့ သိရပါတယ်။
● နောက်ဆက်တွဲအနေနှင့် သွေးကြောများတွင်းသို့ပါ ရောဂါပိုးများ ပျံ့နှံ့ပြီး သွေးဆိပ်တက်ကာ ဆိုးကျိုးများစွာ ဖြစ်ပေါ်စေတတ်ပါတယ်။
>> Yeast ပိုးဝင်ခြင်း
● ရာသီလာစဉ်သုံးသော ဂွမ်းထုပ်များကို အသစ်လဲတဲ့အခါတိုင်းမှာ လက်ကို စင်ကြယ်အောင်ဆေးဖို့ အရေးကြီးပါတယ်။ ဒီလိုမဟုတ်ရင်တော့ Yeast ပိုးအပြင် အသည်းရောင်အသားဝါဘီပိုးတွေတောင် ကူးစက်နိုင်ဖွယ် ရှိပါတယ်။
>> မှိုစွဲခြင်း
● ရာသီလာစဉ် အသုံးပြုတဲ့ဂွမ်းထုပ်တွေ သန့်ရှင်းမှုမရှိဘူးဆိုရင်တော့ မိန်းမကိုယ်မှိုပိုးဝင်ခြင်း ဖြစ်ပေါ်နိုင်ပါတယ်။
>> ဆီးလမ်းကြောင်းပိုးဝင်ခြင်း
● ရာသီလာနေစဉ်မှာ မိန်းမကိုယ်သန့်ရှင်းရေးကို အလေးမထားသောကြောင့် ဖြစ်လေ့ရှိသော ရောဂါများတွင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။
>> သားအိမ်ခေါင်းကင်ဆာ
● ရာသီလာစဉ်မှာ မိန်းမကိုယ်သန့်ရှင်းရေးကို အလေးမထားခြင်းဟာ သားအိမ်ခေါင်းကင်ဆာဖြစ်ခြင်းနှင့်လည်း ဆက်စပ်နေပါတယ်။ သားအိမ်ခေါင်းကင်ဆာဟာ HPV လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပေါ်သော ကင်ဆာရောဂါ ဖြစ်ပါတယ်။
● အမျိုးသမီးများအနေနှင့် ရာသီလာနေစဉ်မှာ မိန်းမကိုယ်ကို သာမန်အချိန်ထက်ပိုပြီး သန့်ရှင်းအောင်ထားဖို့ အရေးကြီးတယ်ဆိုတာ သိကြပြီထင်ပါတယ်။ ဒါကြောင့် သန့်ရှင်းသောဂွမ်းထုပ်များနှင့် အောက်ခံဘောင်းဘီကို အသုံးပြုခြင်း၊ ဂွမ်းထုပ်များကိုမလဲခင်နှင့် လဲပြီးနောက် လက်ဆေးခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေး အလေးထားခြင်းတို့ကို လိုက်နာကြဖို့ မမေ့ကြနှင့်နော်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























