/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အရိုးတွေ-သန်မာစေဖို့

အရိုးတွေ သန်မာစေဖို့

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

အရိုးတွေကို ကာကွယ်ပေးတဲ့နေရာမှာ အီစထရိုဂျင်ဟော်မုန်းကလည်း အရေးကြီးတဲ့နေရာမှာ ပါဝင်ပါတယ်။ အမျိုးသမီးတွေ သွေးဆုံးပြီးနောက်ပိုင်းမှာ အီစထရိုဂျင်ပမာဏ ကျဆင်းလာတာမို့ အရိုးပွရောဂါလည်း ဖြစ်လာပါတယ်။
အရိုးပွရောဂါဆိုတာ အရိုးအတွင်းထဲကနေ ပါးလာပြီး နောက်ဆုံး အရိုးက အခေါင်းပေါက်ဖြစ်ကာ ကျိုးလွယ်တာကို ခေါ်ပါတယ်။ အရိုးတွေကို ကာကွယ်လို့ရတဲ့နည်းလမ်းတွေ ရှိပါတယ်။ ဒါပေမဲ့ ငယ်ငယ်တည်းက အရိုးကို ကြံ့ခိုင်အောင် လုပ်ထားရင်တော့ အကောင်းဆုံးပါပဲ။

>> ကယ်လ်စီယမ်
အရိုးတွေ သန်မာအောင် ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ အများကြီးလိုပါတယ်။ ဒီထဲမှာမှ ကယ်လ်စီယမ် နဲ့ ဗီတာမင်ဒီက အရိုးတွေ ကြံ့ခိုင်သန်မာဖို့ အဓိက လိုအပ်ပါတယ်။
နို့နဲ့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ နို့နဲ့ချိစ့်မှာ ကယ်လ်စီယမ်တွေ အများကြီး ပါဝင်ပါတယ်။ အစိမ်းရောင်အသီးအရွက်တွေဖြစ်တဲ့ ကိုက်လန်၊ ဂေါ်ဖီ စတာတွေမှာလည်း ကယ်လ်စီယမ် ပါဝင်သလို ကုလားပဲ၊ တိုဖူး စတာတွေမှာလည်း တွေ့ရပါတယ်။
ဒါ့ကြောင့်မို့ အသားငါး၊ အသီးအရွက်၊ အသီးအနှံတွေကို မျိုးစုံစားမှသာ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ဓာတ်တွေကို လုံလောက်စွာရရှိမှာ ဖြစ်ပါတယ်။

>> ဗီတာမင်ဒီ
အရိုးတွေ ကျန်းမာဖို့ ဗီတာမင်ဒီလည်း လိုအပ်ပါတယ်။ နေရောင်ခြည်ခံပေးတာက ခန္ဓာကိုယ်က ဗီတာမင်ဒီကို ရရှိဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ပန်းခြံထဲမှာ ထိုင်တာ၊ မနက်စောစော လမ်းလျှောက်ပေးတာမျိုး လုပ်ပေးပါ။
အစားအစာကနေလည်း ဗီတာမင်ဒီ ရနိုင်ပါတယ်။ ချိစ့်၊ ကြက်ဥ၊ အဆီများတဲ့ငါးတွေဖြစ်တဲ့ တူနာ၊ ငါးသလောက် စတာတွေကနေလည်း ရနိုင်သလို ဗီတာမင်ဒီ ဖြည့်စွက်ထားတဲ့ ပဲနို့၊ အချိုရည် စတာတွေကိုလည်း စားနိုင်ပါတယ်။

>> လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ကို ကြံ့ခိုင်စေပြီး အရိုးတွေကို သန်မာစေပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းထားပေးပါတယ်။
လမ်းလျှောက်တာ၊ ယောဂဆော့တာ စတဲ့ လေ့ကျင့်ခန်းတွေက အရိုးတွေကို သန်မာစေပါတယ်။
လေ့ကျင့်ခန်းပုံမှန်လုပ်တာက အရိုးပွရောဂါအပြင် တခြားရောဂါတွေကိုပါ ကာကွယ်ပေးပါတယ်။

Dr. Htar (www.drmyanmar.com)