/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အရွယ်သုံးပါး-အမျိုးသမီးများနှင့်-စိတ်ကျရောဂါဖြစ်ပွားမှု

အရွယ်သုံးပါး အမျိုးသမီးများနှင့် စိတ်ကျရောဂါဖြစ်ပွားမှု

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စိတ်ခံစားမှုပြင်းထန်လေ့ရှိပြီး လျှိ့ဝှက်မျိုသိပ်တတ်တာကြောင့် စိတ်ကျရောဂါတွေ တခြားစိတ်ပိုင်းဆိုင်ရာ ရောဂါတွေခံစားရဖို့ အခွင့်အလမ်း များပါတယ်။ အမျိုးသားတွေကတော့ ဖြစ်လာသမျှကို ပွင့်လင်းစွာဆွေးနွေးတာပဲ ဖြစ်ဖြစ် ဘီယာဆိုင်မှာ အပေါင်းအသင်းနဲ့ ဖွင့်ထုတ်တာပဲဖြစ်ဖြစ် လုပ်ဆောင်ပြီး စိတ်သက်သာရာရှာလေ့ရှိပါတယ်။
ခင်ထားဟာ ၁၆ နှစ်အရွယ် သမီးပျိုလေး။ သူမရင်ထဲမှာ စိုးရိမ်သောကနဲ့ အကြောက်တွေ ဖိစီးနေပြီး အတွေးတွေနဲ့ ငေးငိုင်နေတတ်ပါတယ်။ သူမဟာ သူမဘက်ကနေ စိတ်ဝင်စားနေတဲ့ အတန်းတူကောင်လေးတစ်ယောက်လည်းရှိပြီး သူ့ရဲ့စိတ်ဝင်စားမှုကို ပြန်မရတာကြောင့် စိတ်မချမ်းသာပါ။ သူမရဲ့ ကိုယ်ထည်အသွင်အပြင်နဲ့ ဝတ်စားပုံ ပင်ကိုအလှအပအပေါ်လည်း ယုံကြည်မှုပျောက်ဆုံးနေပါတယ်။ သူမရဲ့ အနီးကပ်သူငယ်ချင်းနဲ့လည်း အဆင်မပြေဘဲ မကြာခဏ စကားများနေရတတ်ပါတယ်။ သူမရဲ့မျက်နှာလေးဟာ ညှိုးငယ်နေတတ်ပြီး ကျောင်းသင်ခန်းစာမှာလည်း လုပ်ဆောင်ချက်တွေ ကောင်းကောင်းမလုပ်နိုင်တာကို တွေ့ရပါတယ်။ ဒါက အရွယ်ရောက်စ မိန်းကလေးတွေရဲ့ ဖြစ်နေတတ်တဲ့ စိတ်ခံစားမှုတချို့ပါ။
ခင်ပွန်းဆုံးထားတဲ့ ဇနီးသည်တွေ၊ အမေဆုံးထားတဲ့ သမီးတွေ တစ်ခုခု လုယက်ခံရ အကြမ်းဖက်ခံရတဲ့ မိန်းကလေးတွေဟာလည်း အပြင်းအထန် စိတ်ဒဏ်ရာ ရလေ့ရှိတတ်ပါတယ်။ ဝမ်းနည်းကြေကွဲမှုနဲ့ အကြောက်တရားတွေဟာ အချိန်ကာလတစ်ခုအပြီးမှာ ပျောက်မသွားဘဲ  လချီနှစ်ချီ ခံစားချက်ကျန်နေတတ်တဲ့ အမျိုးသမီးတွေ ရှိပါတယ်။ အချိန်တန် စိတ်ပြေသွားမှာပဲလေလို့ ပစ်မထားဘဲ မိသားစုဝင်တွေ ဝိုင်းဝန်းဂရုစိုက်ပေးဖို့ လိုပါတယ်။
Post-traumatic stress disorder လို့ခေါ်တဲ့ စိတ်ကျရောဂါဟာ လူအတော်များများ သတိမမူမိတဲ့ စိတ်ကျရောဂါတစ်မျိုး ဖြစ်ပါတယ်။ လောကဓံတစ်ခု ပြင်းပြင်းထန်ထန်ကြုံပြီးတဲ့အခါ အချိန်တစ်ခုကြာအပြီး စိတ်က ပြေပျောက်သက်သာမလာဘဲ စိတ်ထဲမှာ ထိခိုက်ခံစားရမှု ပြင်းထန်တာကြောင့် နောက်ဆက်တွဲအနေနဲ့ လူမှုရေး၊ နေထိုင်သွားလာရေးတွေ စိတ်ငြိမ်းချမ်းမှုတွေ ကင်းလာပြီး အစားအသောက်၊ အနေအထိုင်တွေပါ ထိခိုက်လာတာ ဖြစ်ပါတယ်။
ရာသီမလာခင် စိတ်ကယောက်ကယက်ဖြစ်တာက တော်တော်အတွေ့ရများပါတယ်။ အလုပ်ခွင်မှာ အဆင်မပြေဘူး စိတ်ကယောက်ကယက်ဖြစ်မယ်။ ဒေါသထွက်မယ်။ ငိုချင်နေမယ်။ စိတ်ဓာတ်ကျလာမယ်။ ကလေးမွေးပြီး စိတ်ခံစားမှု မငြိမ်မသက်ဖြစ်နေတာ အားငယ်လာတာ မျက်ရည်လွယ်တာ စိတ်အလိုမကျဖြစ်တတ်တာတွေဟာ ဖြစ်နေကျလို့ ဆိုနိုင်ပါတယ်။ ဒါတွေဟာ တကယ်တော့ ဟော်မုန်းမညီမျှမှုတွေ ပြောင်းလဲတာတွေကြောင့် ဖြစ်တတ်တာမို့ နားလည်တတ်ကျွမ်းသူနဲ့ နှစ်သိမ့်ဆွေးနွေးပေးဖို့ လိုတတ်ပါတယ်။
သွေးဆုံးပြီးတဲ့ အသက် 50 ကနေ 69 နှစ်အတွင်း အမျိုးသမီးတွေအတွက်ကတော့ သက်တူရွယ်တူ သူငယ်ချင်းတွေနဲ့ အမြဲထိတွေ့ပေးတာ စိတ်ကျန်းမာရေးအတွက် အကျိုးရှိပါတယ်။ အသက် 70 အထက် အဘွားတွေကတော့ ကလေးသူငယ်တွေနဲ့ ဆွေမျိုးမိသားစုရဲ့ ထိတွေ့ဆက်ဆံမှုက ပိုပြီးစိတ်သက်သာမှုပေးနိုင်ပါတယ်။
တချို့အမျိုးသမီးတွေရဲ့ ပင်ကိုသဘောသဘာဝစရိုက်ကြောင့် ပွင့်လင်းမြင်သာမှုနည်းပါးတတ်ပြီး စကားပြောဖော်ရှိရင်တောင် သူမရင်ထဲက ဝေဒနာအကုန် ခံစားချက်အကုန်ကို ဖွင့်အန်ဖို့ သိပ်ခက်နေလေ့ရှိပါတယ်။ အရွယ်သုံးပါး အမျိုးသမီးတွေကို ပစ်ပယ်မထားဘဲ ချစ်သူခင်သူ အမျိုးသမီးတွေကို ရင်ဖွင့်ခွင့်၊ ပြောခွင့်ပေးပါ။ သူတို့ လျှောက်သာအောင် လမ်းဖွင့်ပေးပါ။ လျစ်လျူရှုခံရတာကို အကျင့်လုပ်မပေးပါနဲ့လို့ အကြံပြုလိုက်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)