/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အလုပ်ချိန်များတဲ့-အမျိုးသမီးတွေမှာ-စိတ်ဖိစီးမှု-တက်လာပြီး-ဆီးချိူ

အလုပ်ချိန်များတဲ့ အမျိုးသမီးတွေမှာ စိတ်ဖိစီးမှု တက်လာပြီး ဆီးချိူ မြန်မြန်ဖြစ်ဖို့ တွန်းပို့နေသတဲ့

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

         အမျိုးသမီးတွေ အလုပ်ကြိုးစားတာ ငွေလည်းရ ကိုယ့်စိတ်ပါဝင်စားရာလည်းလုပ်ရင်း ဘဝ တိုးတက်လာစေတာမို့ အပြုသဘောနဲ့ဆို အကောင်းဘက်ပါပဲ။ ဒါပေမဲ့ တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း အလုပ်ကရမယ့် စိတ်ဖိစီးမှုတွေကို နေ့စဉ်လက်ခံနေရတာရယ်၊ ကျန်းမာနေမှုလုပ်ငန်းစဉ်တွေအတွက် အချိန်မပေးနိုင်တာရယ်ကြောင့် ရေရှည်မှာ ကျန်းမာရေး တစ်နည်းနည်းနဲ့ ထိခိုက်လာမှာ မုချပါပဲ။

          ကနေဒါနိုင်ငံက သုတေသနတစ်ခုအရ အမျိုးသမီးတွေမှာ တစ်ပတ်ကို ၄၅ နာရီထက် ပိုပြီးအလုပ်လုပ်တဲ့  မမတွေဟာ ဆီးချိုဖြစ်ပွားနှုန်း တက်လာပါသတဲ့။ တစ်ပတ်ကို နာရီ ၃၀ ကနေ ၃၅ နာရီအတွင်း အလုပ်လုပ်သူတွေကျတော့ ပိုမို ကျန်းမာနေကြပါသတဲ့။

          အလုပ်က စိတ်ဖိစီးလေ ပိုစားမိလေ အဝလွန်လေ၊ မအားတော့ လေ့ကျင့်ခန်း မလုပ်မိဘူး၊ ကိုယ်ဘာစားလဲ ဂရုမစိုက်မိဘူး၊ မိမိခန္ဓာကိုယ်ရဲ့ အန္တရာယ်အနေအထားတွေကို သတိမထားမိဘူး။  အလုပ်ပဲ သဲကြီးမဲကြီးလုပ်ရင်း ကျန်းမာလှပ လူနေမှုဘဝအတွက် သီးသန့်အချိန်မပေးနိုင်တော့ပါဘူး။

          စိတ်ဖိစီးမှုနဲ့ အဝလွန်တာဟာ ဆီးချိုရောဂါဖြစ်စေမယ့် အဓိကအကြောင်းအချက်တွေ ဖြစ်ပါတယ်။ စိတ်ညစ်တာ၊ စိတ်တင်းကြပ်နေတာ၊ အာရုံများတာ မကြာခဏ စိတ်အနှောင့်အယှက် ဖြစ်တာတွေကြောင့် သွေးတွင်း ဆီးချို ကမောက်ကမဖြစ်လာပြီး အန္တရာယ် အနေအထားတစ်ခုကို တွန်းပို့လာပါတယ်။

          ဒါ့အပြင် အလုပ် သိပ်ရှုပ်ရင် မိမိဘာစားသင့်လဲ၊ ကျန်းမာအောင် ဘယ်လိုနေသင့်လဲဆိုတာတွေပါ မေ့လျော့လာပြီး ဘဝမှာ စားချင်တာစား ဝချင်သလိုဝနဲ့ ဖြစ်သလို နေလိုက်ကြပါတယ်။ အဲဒီမှာတင် စားသောက်နေမှု မဆင်ခြင်၊ အချိုအဆိမ့်တွေစား ဝါးချင်ရာဝါးရင်း ၀၀လှလှ မမများ ဖြစ်ကုန်ကြပါတယ်။

          ဒီတော့ အမျိုးသမီးတွေအနေနဲ့ အလုပ်လည်း ကြိုးစားသလို အလုပ်ချိန်ကို တစ်ရက် ၈ နာရီအတွင်းသာ လုပ်ပြီး တတ်နိုင်သလောက် လျှော့ချရင်း  စိတ်ဖိစီးတာတွေကို ရှောင်ကွင်းလို့ ဆီးချိုကင်းဝေး လှပကျန်းမာသောဘဝကို ဖန်တီးကြရအောင်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)