အသက် ၁၈ နှစ်ကနေ ၃၉ နှစ်အတွင်း အမျိုးသမီးများ မဖြစ်မနေပြုလုပ်သင့်သော ကျန်းမာရေးစစ်ဆေးမှုများ
အမျိုးသမီးများအနေနှင့် ကျန်းမာရေးစစ်ဆေးမှုများကို ကြိုတင်ပြုလုပ်ကြခြင်းဖြင့် မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အမျိုးသမီးတွေ ပြုလုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို စုစည်းတင်ပြလိုက်ပါတယ်။
(၁) သွေးပေါင်ချိန်
● အနည်းဆုံး ၂ နှစ်ကို တစ်ကြိမ်လောက်တော့ သွေးပေါင်ချိန် တိုင်းတာသင့်ပါတယ်။ တကယ်လို့ သင့် အပေါ်သွေး ပေါင်ချိန်ဟာ ၁၂၀ ကနေ ၁၃၉ mmHg အတွင်းရှိပြီး အောက်သွေးပေါင်ချိန်ဟာ ၈၀ကနေ ၈၉ mmHG အတွင်း ရှိနေရင်တော့ နှစ်စဉ်စစ်ဆေးဖို့ လိုအပ်ပါလိမ့်မယ်။ အပေါ်သွေး ၁၄၀ နှင့် အောက်သွေး ၉၀ ကျော်နေပြီဆိုရင်တော့ အပတ်စဉ် တိုင်းတာပေးပါ။
● ဆီးချို၊ နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါရှိသူတွေ အနေနှင့်လည်း ပုံမှန်သွေးပေါင်ချိန်ပေးသင့်ပါတယ်။
(၂) ကိုလက်စထရော
● အသက် ၂၀ ကနေ ၄၅ နှစ်အတွင်း အမျိုးသမီးတွေဟာ ကိုလက်စထရောကို ပုံမှန်စစ်ဆေးသင့်ပါတယ်။
● ပုံမှန် ကိုလက်စထရော level ရှိသူတွေအနေနှင့် ၅ နှစ်တစ်ကြိမ ်စစ်ဆေးပေးပါ။
● အဝလွန်သူများ၊ ဆီးချို၊ နှလုံးနှင့် ကျောက်ကပ်ရောဂါရှိသူများအနေနှင့် ၆ လ သို့မဟုတ် တစ်နှစ်တစ်ကြိမ် စစ်ဆေးသင့်ပါတယ်။
(၃) သွေးတွင်းအချိုဓာတ်
● BMI ၂၅ ကျော်နေသူများနှင့် ဆီးချိုမျိုးရိုးရှိသူများ၊ အဝလွန်သူများ၊ သွေးတိုးနှင့် နှလုံးရောဂါရှိသူများအနေနှင့် ဆီးချို ရှိ၊ မရှိ ပုံမှန် စစ်ဆေးသင့်ပါတယ်။
(၄) မျက်စိ
● ၂ နှစ်လျှင် တစ်ကြိမ်လောက် မျက်စိစစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။
(၅) ရင်သားစစ်ဆေးခြင်း
● အသက် ၄၀ ကျော် အမျိုးသမီးများအတွက် ရင်သားဓာတ်မှန်ရိုက်ခြင်းကို ပြုလုပ်သင့်ပါတယ်။
● မိခင်/ညီအစ်မထဲတွင် ငယ်ငယ်ရွယ်ရွယ်နှင့် ရင်သားကင်ဆာဖြစ်ဖူးသူရှိပါက သင့်အနေနှင့် ရင်သားဓာတ်မှန်ရိုက်ခြင်းကို နှစ်စဉ်ပြုလုပ်သင့်ပါတယ်။
● ရင်သားကို အိမ်တွင် မိမိဘာသာ စမ်းသပ်စစ်ဆေးနိုင်ပြီး ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုများရှိပါက ဆရာဝန်နှင့် တိုင်ပင်ဖို့လိုပါတယ်။
(၆) Pap Smear - သားအိမ်ခေါင်းချွဲ စစ်ဆေးခြင်း
● အသက် ၂၁ ကနေစတင်ပြီး ၃ နှစ်တစ်ကြိမ် Pap Smear ခေါ် သားအိမ်ခေါင်းချွဲ စစ်ဆေးခြင်းကို ပြုုလုပ်သင့်ပါတယ်။
● အသက် ၃၀ အထက်ဖြစ်ပြီး ပထမအကြိမ် သားအိမ်ခေါင်းချွဲ စစ်ဆေးမှုရလဒ်ဟာ ပုံမှန်ဖြစ်ပါက နောက် ၅ နှစ်တွင် တစ်ကြိမ်ထပ်မံစစ်ဆေးသင့်ပါတယ်။
● ဆေးလိပ်သောက်သူများ၊ လိင်ပိုင်းဆိုင်ရာ တက်ကြွသူများနှင့် ကင်ဆာဖြစ်ရန် အလားအလာများသူများအနေနှင့် ပုံမှန်စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။
အမျိုးသမီးများအနေနှင့် ကိုယ်အလေးချိန်၊ BMI စစ်ဆေးမှု၊ သွေးပေါင်ချိန် တိုင်းတာခြင်းတို့ကို ပုံမှန်ပြုလုပ်သင့်ပါတယ်။
အသက် ၂၁ နှစ်ကနေစပြီး သားအိမ်ခေါင်းကင်ဆာ စစ်ဆေးမှုကို ပြုလုပ်သင့်ပါတယ်။ ထို့ပြင် စားသောက်နေထိုင်မှုပုံစံ၊ စိတ်ကျရောဂါ ရှိ၊ မရှိတို့ကိုလည်း သတိထား စစ်ဆေးသင့်သလို ဆေးလိပ်နှင့် အရက်သုံးစွဲခြင်းကိုလည်း ထိန်းချုပ်ကန့်သတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























