အသက် 14 နှစ် ရှိပေမယ့် ရာသီ မလာသေးတာဟာ ပုံမှန်ပဲလား?
မိန်းကလေးတစ်ယောက်မှာ အပျိုဖော်ဝင်တဲ့ ပထမလက္ခဏာတွေဖြစ်တဲ့ ရင်သားတွေ ကြီးလာတာ၊ တချို့မှာ ဆီးခုံမွေးတွေ ပေါက်လာတာတွေ ဖြစ်ပေါ်ပြီး 2 နှစ်ကနေ 2 နှစ်ခွဲအတွင်းမှာ ရာသီလာလေ့ ရှိပါတယ်။ ယေဘုယျအားဖြင့် အသက် 8 နှစ်နဲ့ 15 နှစ်ကြားမှာ လာလေ့ရှိပေမယ့် တချို့အမျိုးသမီးတွေမှာတော့ အနည်းငယ် စောနိုင်၊ နောက်ကျနိုင်ပါတယ်။
ဓမ္မတာ ဘယ်တော့စလာမယ် ဆိုတာကို သိနိုင်ဖို့အတွက် အဖြူ ဆင်း၊ မဆင်းကို စောင့်ကြည့်နိုင်ပါတယ်။ ဒီအရည်ကြည်ကြည် ရွှဲရွှဲလေးတွေ ဆင်းပြီး 6 လကနေ 1 နှစ်အတွင်းမှာ ရာသီ စလာနိုင်ပါတယ်။
ဒါ့အပြင် မိခင်ဖြစ်သူရဲ့ အပျိုဖော်စဝင်ချိန်ကို မေးမြန်းကြည့်ပါ။ ပုံမှန်ထက် ရာသီလာတာ နောက်ကျနေတတ်တဲ့ မိန်းကလေးတွေရဲ့ အမေတွေ၊ အဒေါ်တွေဟာလည်း အပျိုဖော်ဝင်တာ နောက်ကျခဲ့ကြတာကို တွေ့ရပါတယ်။
အသက် 14 နှစ်ရှိပြီး ရာသီ မလာသေးတာဟာ ဘာမှစိတ်ညစ်စရာ မလိုပါဘူး။ ဒါပေမဲ့ တချို့တွေမှာတော့ ရာသီမလာတဲ့ အကြောင်းအရင်းတွေ ရှိနေနိုင်ပါတယ်။ တစ်ခါတစ်ရံ ဟော်မုန်းမညီမျှလို့ ဖြစ်နိုင်သလို တစ်ခါတလေ အရမ်းပိန်နေတာ၊ အစာ မစားနိုင်တဲ့ရောဂါ ဖြစ်နေတာမျိုးတွေ ရှိတတ်ပါတယ်။ လေ့ကျင့်ခန်း၊ အားကစား လုပ်လွန်းတဲ့ မိန်းကလေးတွေမှာလည်း အားကစားလုပ်တာ လျှော့ပြီး အပြင်းအထန် ပြိုင်ပွဲဝင်တာမျိုး မလုပ်တော့မှသာ ရာသီ လာတတ်ပါတယ်။ စိတ်ဖိစီးမှု များခြင်းနဲ့ ဖျားနာမှုတွေကလည်း ရာသီ နောက်ကျစေတတ်ပါတယ်။
မိန်းကလေးတစ်ယောက်မှာ ရာသီ စမလာသေးမီ လိင်မှုကိစ္စ ဆက်ဆံမိပါကလည်း ကိုယ်ဝန် ရနိုင်ခြေရှိကြောင်း သတိပြုသင့်ပါတယ်။
ဒီ့ထက် ပိုပြီးသိချင်တာတွေ၊ စိုးရိမ်တာတွေရှိရင် ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်။ အသက် 15 နှစ်ကျော်တဲ့အထိ ဒါမှမဟုတ် အပျိုဖော်လက္ခဏာတွေ ပေါ်လာပြီး 3 နှစ်ကြာတဲ့အထိ ရာသီမပေါ်ခဲ့ရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါပြီ။
Dr. Emerald (www.drmyanmar.com)






























