/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အိပ်ရေးမဝတဲ့အမျိုးသမီးတွေမှာ-ဖြစ်ဖို့အလားအလာများတဲ့

အိပ်ရေးမဝတဲ့အမျိုးသမီးတွေမှာ ဖြစ်ဖို့အလားအလာများတဲ့ ဆီးချိုသွေးချိုရောဂါ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

ကာလရှည်ကြာအိပ်ရေးမဝတဲ့ အမျိုးသမီးတွေမှာ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေ မြင့်မားနိုင်တယ်လို့ ဟားဗတ်တက္ကသိုလ်မှ သုတေသီက အစီရင်ခံစာတစ်ခု ထုတ်ပြန်လိုက်ပါတယ်။ အိပ်မပျော်ခြင်း၊ အိပ်ပျော်ရန် ခက်ခဲခြင်း၊ မကြာခဏဟောက်ခြင်း၊ အိပ်နေစဉ် အသက်ရှူရပ်ခြင်း၊ အိပ်နေစဉ် ဘယ်ညာလှည့်ခြင်းစတဲ့ အိပ်စက်မှုဆိုင်ရာပြဿနာရှိသူတွေမှာ အမျိုးအစား (၂) ဆီးချို ရောဂါဖြစ်နှုန်းဟာ 45% ထိ မြင့်တက်တာကို တွေ့ရပါတယ်။ အထူးသဖြင့် အိပ်ရေးမဝခြင်းနှင့် စိတ်ဖိစီးမှုများခြင်း၊ အဝလွန်ခြင်း၊ သွေးတိုးရောဂါရှိခြင်း၊ စိတ်ဓာတ်ကျနေပါက ဆီးချိုရောဂါဖြစ်ဖို့ အလားအလာ ပိုများနိုင်တယ်လို့ လေ့လာမှုကို ဦးဆောင်သူ Dr.Yan Ping Li က ဆိုပါတယ်။

အစီရင်ခံစာကို Diabetology Journal မှာ ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဆီးချိုရောဂါ၊ နှလုံးရောဂါမရှိသူ အမေရိကန်အမျိုးသမီးပေါင်း တစ်သိန်းသုံးသောင်းသုံးထောင်ကျော်ကို 2000 ခုနှစ်မှ 2014 ခုနှစ်  အတွင်း လေ့လာခဲ့တဲ့ ရလဒ်များအပေါ်မှာ အခြေခံထားခြင်း ဖြစ်ပါတယ်။

10 နှစ်ကျော်ကြာအောင် လေ့လာပြီးတဲ့နောက်မှာ အမျိုးသမီးပေါင်း 6900 ကျော်မှာ ဆီးချိုဝေဒနာ ခံစားနေရတာကို တွေ့ရှိရပြီး အိပ်စက်မှုဆိုင်ရာပြဿနာတစ်ခုရှိလျှင် အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားနှုန်း 45% တိုးလာပါတယ်။

အိပ်ရေးမဝခြင်းကြောင့် ဇီဝကမ္မဖြစ်စဉ်များ သွေးတွင်းရှိ အချိုဓာတ်ကို ထိန်းချုပ်ရာမှာ ပါဝင်နေတဲ့ ဟော်မုန်းတွေရဲ့ ပုံမှန်လည်ပတ်မှုကို ထိခိုက်စေပြီး အဝလွန်ခြင်းနှင့် ဆီးချိုသွေးချိုဖြစ်ခြင်းတို့ကို မြင့်တက်စေတာ ဖြစ်ပါတယ်။

ဆရာဝန်များအနေဖြင့်လည်း အိပ်ပျော်ရန်ခက်ခဲသော အမျိုးသမီးများ၊ အိပ်ရေးမဝသော အမျိုးသမီး များတွင် ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေကို ဂရုစိုက်သင့်တယ်လို့ Dr.Yan Ping Li က ဆိုပါတယ်။