တစ်ကိုယ်ရည် အာသာဖြေခြင်းနဲ့ ပန်းသေပန်းညှိုးခြင်း
တစ်ကိုယ်ရည် အာသာအဖြေများတဲ့အခါ ပန်းသေပန်းညှိုးတတ်တယ်ဆိုတဲ့ အယူအဆတစ်ခု ရှိပါတယ်။ ဒါပေမဲ့ ဒီအယူအဆဟာ အာသာဖြေခြင်းနဲ့ ပန်းသေပန်းညှိုးခြင်းရဲ့ အကြောင်းရင်းတွေကို ထည့်မစဉ်စားထားတဲ့ အရပ်ပြောစကားတစ်ခုပဲဖြစ်ပြီး မမှန်ကန်ပါဘူး။
>> လေ့လာမှုတွေအရ
လေ့လာမှုတစ်ခုမှာ အမျိုးသားတစ်ယောက်ဟာ တစ်ကိုယ်ရည် အာသာဖြေခြင်းကြောင့် ပန်းသေရတယ်လို့ ယုံကြည်နေပြီး လိင်မှုကိစ္စ အဆင်မပြေတဲ့အခါ အိမ်ထောင်မသာမယာ ဖြစ်လာပါတယ်။ နောက်ဆုံးကွာရှင်းခါနီးအထိ ဖြစ်လာပေမယ့် ဆရာဝန်နဲ့ ပြသကြည့်တဲ့အခါ စိတ်ကျရောဂါ ဖြစ်နေကြောင်း သိရပြီး အိမ်ထောင်ကုထုံးတွေ၊ ဆေးတွေနဲ့ သာယာတဲ့အိမ်ထောင်တစ်ခုကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။
လေ့လာမှုတချို့ကတော့ အပြာရုပ်ရှင်တွေကြည့်ပြီး တစ်ကိုယ်ရည် အာသာဖြေခြင်းကြောင့် ပုံရိပ်နဲ့ ထိတွေ့မှုတွေကို ရိုးသွားပြီး ပန်းညှိုးတတ်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ အပြာရုပ်ရှင်ကြည့်ခြင်းဟာ တကယ်ခန္ဓာကိုယ်မှာ ပန်းညှိုးစေတဲ့ ကိုယ်ခန္ဓာတုန့်ပြန်မှု ရှိတယ်ဆိုတဲ့ လေ့လာမှုမျိုးကိုတော့ မတွေ့ရသေးပါဘူး။
လေ့လာမှုတစ်ခုမှာတော့ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှ နားလည်မှုရှိတဲ့ အိမ်ထောင်တွေမှာ ပန်းသေပန်းညှိုး အဖြစ်နည်းတယ်ဆိုတာကိုလည်း တွေ့ရပါတယ်။
>> အမျိုးသားတွေမှာ ပန်းသေပန်းညှိုးရတဲ့ အကြောင်းရင်းများ
ပန်းသေပန်းညှိုးရစေတဲ့ ကိုယ်ခန္ဓာ အခြေအနေတွေရော စိတ်အခြေအနေတွေပါ အများကြီး ရှိပါတယ်။ တစ်ခါတလေ ၂ ခုလုံးကြောင့် ဖြစ်နိုင်ပါတယ်။
>> ကိုယ်ခန္ဓာ အကြောင်းရင်းများ
● အရက်နဲ့ ဆေးလိပ် အလွန်အကျွံ သုံးစွဲခြင်း
● သွေးပေါင် တက်ခြင်း၊ ကျခြင်း
● သွေးတွင်း ကိုလက်စထရောများခြင်း
● အဝလွန်ခြင်း
● ဆီးချို
● နှလုံးနဲ့ သွေးကြောရောဂါများ
● Multiple sclerosis ဦးနှောက်အာရုံကြော အလွှာကွာခြင်း၊ ပါကင်ဆန်ရောဂါ
>> စိတ်ပိုင်းဆိုင်ရာ အခြေအနေများ
● နီးနီးကပ်ကပ် နေထိုင်ရတာ စိတ်ဖိစီးမှုများခြင်း
● အလုပ်နဲ့ လူမှုဘဝမှာ စိတ်ဖိစီးမှုများခြင်း
● စိတ်ဓာတ်ကျခြင်းနဲ့ အခြားစိတ်ရောဂါများ
>> တစ်ကိုယ်ရည် အာသာဖြေခြင်းနဲ့ အခြားလွဲမှားယူဆချက်များ
အဖြစ်အများဆုံး လွဲမှားချက်ကတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ မှားတယ်ဆိုတာပါပဲ။ ၉၀% သော အမျိုးသားများနဲ့ ၈၀% သော အမျိုးသမီးတွေဟာ တစ်သက်မှာ တစ်ကြိမ်တော့ အနည်းဆုံး အာသာဖြေဖူးတယ်လို့ ဆိုကြပါတယ်။
နောက်ထပ် လွဲမှားချက်တစ်ခုကတော့ အာသာဖြေခြင်းကြောင့် မျက်လုံး ကန်းနိုင်တယ်၊ လက်ဖဝါးမှာ အမွေးအမျှင်တွေ ပေါက်လာနိုင်တယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒါဟာလည်း အမှားကြီးတစ်ခုပါပဲ။
>> ပန်းသေပန်းညှိုး ကာကွယ်ခြင်း
● တစ်နေ့ကို မိနစ် ၃၀ လေ့ကျင့်ခန်း ပြုလုပ်ခြင်း
● ဆေးလိပ်ဖြတ်ခြင်း
● အရက်လျှော့ခြင်း
● စိတ်ဖိစီးမှုကို လျှော့ကျစေမယ့် တရားထိုင်ခြင်းနဲ့ အခြားနည်းတွေလုပ်ခြင်း စတဲ့ လူနေမှုပုံစံ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နိုင်ပါတယ်။
ပန်းသေပန်းညှိုးခြင်း ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုခု ရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ကုသပါ။ အနည်းဆုံး တစ်နှစ်တစ်ခါ စမ်းသပ်စစ်ဆေးပြီး လိုအပ်တဲ့ ကုသမှုတွေ ခံယူပါ။
>> ပန်းသေပန်းညှိုး ကုသခြင်း
ဘာကြောင့် ဖြစ်တယ်ဆိုတာပေါ် မူတည်ပြီး ကုသနည်း ကွာခြားနိုင်ပါတယ်။ အဓိက ဖြစ်ရတာကတော့ လိင်တံကို သွေးအရောက်နည်းလို့ဖြစ်ပြီး ဒါကို အဓိက ကုသရပါမယ်။
>> ဆေးများ
Viagra, levitra, Cialis စတဲ့ ဆေးတွေဟာ အသုံးများတဲ့ဆေးတွေပဲ ဖြစ်ပါတယ်။ ဒီဆေးတွေမှာလည်း ဗိုက်အောင့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပူရှိန်းရှိန်းဖြစ်ခြင်းစတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိနိုင်တဲ့အပြင် အခြားဆေးတွေ၊ သွေးတိုး၊ ကျောက်ကပ်၊ အသည်း စတဲ့ရောဂါတွေနဲ့လည်း အန္တရာယ်ရှိတဲ့ ဆက်နွယ်မှုတွေ ဖြစ်လာနိုင်ပါတယ်။
>> လိင်တံစုပ်ခွက်
လိင်တံကို သွေးအရောက်နည်းခြင်းကြောင့် ဖြစ်ရတဲ့ ပန်းသေပန်းညှိုးခြင်းများအတွက် လိင်တံစုပ်ခွက် သုံးနိုင်ပါတယ်။ ဒီစုပ်ခွက်ဟာ လိင်တံဘေးကလေတွေကို စုပ်ယူလိုက်ခြင်းဖြင့် သွေးအရောက် များလာစေပြီး လိင်တံထောင်မတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
>> ခွဲစိတ်ခြင်း
ခွဲစိတ်နည်း ၂ မျိုး ရှိပါတယ်။
● လိင်တံသွတ်သွင်း ခွဲစိတ်နည်း : လိင်တံထဲမှာ တုတေ်ချာင်းသဏ္ဌာန် သွတ်သွင်းမှု ပြုလုပ်ခြင်းဖြင့် လိင်တံကို ထောင်မတ်စေနိုင်ပါတယ်။
● သွေးကြော ခွဲစိတ်နည်း : ပိတ်နေတဲ့သွေးကြောကို ဖြတ်ပြီး ခွဲစိတ်တာ ဖြစ်ပါတယ်။ အပေါ်နည်းလမ်းထက် အလုပ်နည်းပါတယ်။
>> အခြားနည်းလမ်းများ
ဆေးထိုးခြင်း၊ ဆေးထည့်ခြင်း စသည်ဖြင့် လိင်တံသွေးကြော ပျော့ပြောင်းပြီး သွေးအစီး များစေတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ ဒါပေမဲ့ နာကျင်ခြင်း၊ အသားပို ထွက်လာခြင်း စတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကိုယ်နဲ့ကိုက်ညီမယ့် နည်းလမ်းကို ရွေးချယ်ကုသနိုင်ပါတယ်။
အကယ်၍ စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့် ဖြစ်ရတယ်လု့ိ ထင်ခဲ့ရင် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးပညာရှင်တွေနဲ့ တိုင်ပင်ရပါမယ်။ ဖြစ်စေတဲ့ အကြောင်းရင်းကို သေချာသိပြီးမှ လိုအပ်တဲ့ ကုသမှုတွေ ပေးနိုင်မှာ ဖြစ်ပါတယ်။
Dr. Emerald (www.drmyanmar.com)






























