ထိပ်ဖြတ်ခြင်း
ထိပ်ဖြတ်ခြင်းဆိုတာ အမျိုးသားလိင်တံရဲ့ထိပ်က အရေပြားလေးကို ခွဲစိတ်ခန်းထဲမှာဖြတ်ပြီး ဖယ်ထုတ်လိုက်ခြင်းဖြစ်ပါတယ်။ ရှေးယခင်ကတော့ ဘာသာရေးအရ ထိပ်ဖြတ်ကြလေ့ရှိပါတယ်။ ယနေ့ခေတ်မှာဆိုရင် ဘာသာရေးအရဖြစ်စေ အခြားအကြောင်းအရင်းတစ်ခုခုကြောင့်ဖြစ်စေ ထိပ်ဖြတ်ကြပါတယ်။
ထိပ်ဖြတ်ဖို့လိုအပ်ပါသလား
ကျန်းမာရေးအရ ထိပ်ဖြတ်သင့်သလားမသင့်ဘူးလားဆိုတာကို အငြင်းပွားနေကြပါတယ်။ အမေရိကန်ကလေးအထူးကုအဖွဲ့ကတော့ မွေးကာစကလေးတွေကိုထိပ်ဖြတ်ခြင်းက ကောင်းကျိုး ပိုများတယ်လို့တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီကောင်းကျိုးတွေက တစ်ကမ်ဘာလုံးက,ကလေးတွေကို ထိပ်ဖြတ်သင့်တယ်လို့ ထောက်ခံဖို့အထိတော့ အရမ်းကြီးမားမနေပါဘူး။ အရွယ်ရောက်ပြီးတဲ့သူတွေမှာ phimosis (လိင်တံထိပ်ရှိအရေပြားဆွဲတင်မရခြင်း)၊ လိင်အင်္ဂါပိုးဝင်ခြင်းကို ကုသဖို့အတွက် ထိပ်ဖြတ်လေ့ရှိကြပါတယ်။
မိဘတွေအနေနဲ့ကလေးတွေကို ထိပ်ဖြတ်ပေးချင်ရင် ကောင်းကျိုးဆိုးကျိုးတွေကို ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးပြီးမှ ဆုံးဖြတ်သင့်ပါတယ်။ ဆုံးဖြတ်တဲ့နေရာမှာ ယဉ်ကျေးမှု၊ ဘာသာရေး၊ မိမိရဲ့ဆုံးဖြတ်ချက်တွေကို ထည့်သွင်းစဉ်းစားရပါမယ်။
ထိပ်ဖြတ်ခြင်း၏ကောင်းကျိုးများ
- ဆီးလမ်းကြောင်းပိုးဝင်နိုင်ချေနည်းခြင်း
- အမျိုးသားများတွင် လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါအချို့ ကူးစက်နိုင်ခံရနိုင်ချေလျော့ကျခြင်း
- အမျိုးသားလိင်အင်္ဂါကင်ဆာကာကွယ်နိုင်ခြင်းနှင့် လိင်ဆက်ဆံဖက်အမျိုးသမီးတွင် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ချေလျော့နည်းခြင်း
- အမျိုးသားလိင်အင်္ဂါထိပ်ဖျားနှင့် ထိပ်ရှိအရေပြားရောင်ရမ်းခြင်းများကို ကာကွယ်နိုင်ခြင်း
- ထိပ်ဖြစ်လိုက်သည့်အတွက် Phimosis (လိင်တံထိပ်ရှိအရေပြားဆွဲတင်မရခြင်း)၊ Paraphimosis ( လိင်တံထိပ်ရှိအရေပြားကို မူလနေရာသို့ ပြန်ဆွဲချမရခြင်း) များ မဖြစ်နိုင်တော့ခြင်း
ထိပ်ဖြတ်ထားခြင်းကြောင့် လိင်တံထိပ်သန့်ရှင်းအောင်ထားဖို့ပိုပြီးလွယ်ကူစေပါတယ်။
ထိပ်ဖြတ်ခြင်းကြောင့်ဖြစ်နိုင်ချေရှိသောဆိုးကျိုးများ
ထိပ်ဖြတ်ခြင်းပြုလုပ်လျှင် အခြားခွဲစိတ်မှုတွေမှာကြုံတွေ့ရတတ်တဲ့ နောက်ဆက်တွဲအချို့ဖြစ်နိုင်ပါတယ်။ သို့သော်လည်း နည်းပါးပါတယ်။
- နာကျင်ခြင်း
- ထိပ်ဖြတ်ထားသောနေရာတွင် ပိုးဝင်ခြင်း၊ သွေးထွက်ခြင်း
- လိင်တံထိပ်ဖူးကို ထိခိုက်မိခြင်း
- လိင်တံထိပ်ရှိအပေါက်ရောင်နိုင်ခြေ ပိုဖြစ်နိုင်ခြင်း
- လိင်အင်္ဂါထိခိုက်ဒဏ်ရာရရှိနိုင်ချေများခြင်း
Dr. Mya Myo Myo Swe






























