/
news/အမျိုးသားများနှင့်ကျန်းမာရေး/ပန်းသေပန်းညှိုးခြင်း

ပန်းသေပန်းညှိုးခြင်း

Category
အမျိုးသားများနှင့်ကျန်းမာရေး

       ပန်းသေပန်းညှိုးသူအများစုမှာ အမျိုးသားလိင်အင်္ဂါဆီကို သွေးကောင်းကောင်း မရောက်တာကြောင့် ဖြစ်တတ်ပါတယ်။ နှလုံးသွေးကြောပိတ်သလိုပဲ သွေးကြောတွေထဲမှာ အဆီခဲစုပုံလာပြီး သွေးကြောကျဉ်းသွားတာကြောင့် ဖြစ်တတ်ပါတယ်။ ကုသပျောက်ကင်းနိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။

 

>>    ပန်းသေပန်းညှိုးတယ်ဆိုတာ ဘာလဲ?

          ပန်းသေပန်းညှိုးတယ်ဆိုတာ လိင်အင်္ဂါကောင်းကောင်း မထောင်မတ်လာတာကို ဆိုလိုပါတယ်။

 

>>    ပန်းသေပန်းညှိုးခြင်းကြောင့် အိမ်ထောင်ရေးမှာ ဘယ်လိုအကျိုးတွေ ဖြစ်လာမလဲ?

          ပန်းသေပန်းညှိုးပြဿနာဟာ အမျိုးသားတွေမှာတင် မကပါဘူး။ အိမ်ထောင်ဘက် အမျိုးသမီးကိုပါ ထိခိုက်စေနိုင်ပါတယ်။

 

>>    ဘယ်လောက်ထိ အဖြစ်များသလဲ?

          အမျိုးသားအများစုဟာ ပင်ပန်းနေချိန်၊ စိတ်ဖိစီးမှု များနေချိန်၊ အရက် အရမ်းမူးနေချိန်တွေမှာ ယာယီခဏတာ ဖြစ်တတ်ပေမယ့် တစ်ချို့တွေမှာတော့ တောက်လျှောက် သို့မဟုတ် မကြာခဏပြန်ပြန်ပြီး ဖြစ်တတ်ပါတယ်။ အသက် ၄၀ နဲ့ ၇၀ ကြား အမျိုးသားတစ်ဝက်လောက်နဲ့ အသက် ၇၀ အထက် အမျိုးသား ၁၀ ယောက်မှာ ၇ ယောက်တို့ဟာ ပန်းညှိုးခြင်းဝေဒနာ ခံစားရတတ်ပါတယ်။

 

>>    ပန်းထောင်မတ်ခြင်း ဘယ်လိုဖြစ်လာရလဲ?

          လိင်မှုဆန္ဒ ပြင်းပြလာတဲ့အခါ ဦးနှောက်ကနေ ဆင်းလာတဲ့ အာရုံသိမှုဟာ လိင်အင်္ဂါမှာရှိတဲ့ အာရုံကြော ဆက်သွယ်ပစ္စည်းတွေ ထုတ်လွှတ်ပေးပြီး သွေးလွှတ်ကြောကို ကျယ်စေကာ သွေးအလာ များစေပြီး အင်္ဂါကို ဖောင်းတင်းလာစေပါတယ်။ ဖောင်းတင်းလာတဲ့ တစ်သျှူးတွေက သွေးပြန်ကြောကို ဖိတဲ့အတွက် သွေးပြန်မစီးနိုင်တော့ဘဲ ပိုပြီးထောင်မတ်လာပါတယ်။ အတူနေပြီးချိန်မှာ သွေးစီးဆင်းမှု ပုံမှန်ပြန်ဖြစ်သွားပြီး နဂိုမူလအနေအထားကို ပြန်ရောက်လာစေပါတယ်။

 

>>    ဘာတွေကြောင့် ပန်းသေပန်းညှိုး ဖြစ်ရသလဲ?

 

●      ကိုယ်ခန္ဓာရောဂါများ

**     သွေးစီးဆင်းမှုနည်းခြင်း : အသက်ကြီးလာခြင်း၊ သွေးတိုး၊ ကိုလက်စထရော များခြင်း၊ ဆေးလိပ်သောက်ခြင်းတို့ကြောင့် သွေးကြောကျဉ်းပြီး သွေးစီးဆင်းမှု နည်းလာတတ်ပါတယ်။ အသက် ၄၀ ကျော် အမျိုးသားတွေမှာ အဖြစ်များပါတယ်။

**     အာရုံကြောရောဂါများ : Multiple sclerosis အာရုံကြောလွှာ ကွာခြင်း၊ လေဖြတ်ခြင်းနဲ့ ပါကင်ဆန်ရောဂါတွေမှာ ဖြစ်တတ်ပါတယ်။

**     ဆီးချို : ဆီးချိုကြောင့် သွေးကြောရော၊ အာရုံကြောပါ ထိခိုက်နိုင်ပြီး အဖြစ်အများဆုံး အကြောင်းတစ်ခု ဖြစ်ပါတယ်။

**     ဟော်မုန်းအပြောင်းအလဲ : ဝှေးစေ့ထဲမှာ ထုတ်တဲ့ Testosterone ဆိုတဲ့ ဟော်မုန်းမရှိတဲ့အခါ ဖြစ်တတ်ပြီး ရှားပါတယ်။ ဒီဟော်မုန်း အထွက်နည်းစေတဲ့ အကြောင်းရင်းတစ်ခုကတော့ ဟော်မုန်းထွက်ခြင်းကို အားပေးတဲ့ ဦးနှောက်ထဲက pituitary ဂလင်း ထိခိုက်ဒဏ်ရာရပြီး ပျက်စီးတဲ့အခါ ဖြစ်တတ်ပါတယ်။

**     အာရုံကြော ပျက်စီးခြင်း : ခါးဆစ်ရိုး ထိခိုက်ခြင်း၊ ပေါင်ရိုးကျိုးခြင်း၊ ဓာတ်ကင်ခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။

**     ဆေးနဲ့ နောက်ဆက်တွဲဆိုးကျိုးများ : စိတ်ကျရောဂါ ပျောက်ဆေးတချို့၊ propranolol၊ atenololစတဲ့ beta blocker ဆေးတွေ၊ ဆီးဆေးတွေနဲ့ အစာအိမ်ရောဂါမှာ သုံးတဲ့ cimetidineဆေးတွေဟာ ပန်းသေပန်းညှိုးစေတတ်ပါတယ်။

**     အရက်နဲ့ မူးယစ်ဆေးများ

**     စက်ဘီးစီးခြင်း : အကြာကြီး စက်ဘီးနင်းတဲ့အခါ အင်္ဂါကို သွားတဲ့အာရုံကြောကို ဖိမိပြီး အာရုံကြော အလုပ် ပျက်စီးတတ်ပါတယ်။

 

          ကိုယ်ခန္ဓာရောဂါတွေကြောင့် ပန်းသေပန်းညှိုးတာဟာ တဖြည်းဖြည်းချင်း ဖြစ်တတ်ပြီး ဟေ်ာမုန်းကြောင့် မဟုတ်ခဲ့ရင် လိင်မှုစိတ်ဆန္ဒ ရှိတတ်ပါတယ်။ ဒီလို ပန်းသေပန်းညှိုးခြင်းကြောင့် စိတ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်းတွေ ဖြစ်တတ်ပါတယ်။

 

>>    စိတ်ရောဂါများ

●        စိတ်ဖိစီးခြင်း

●        စိတ်ပူပန်လှုပ်ရှားခြင်း

●        အိမ်ထောင် အဆင်မပြေခြင်း

●        စိတ်ဓာတ်ကျခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။

          စိတ်ရောဂါကြောင့်ဖြစ်တဲ့အခါ ရုတ်တရက်ကြီး ပေါ်လာတတ်ပြီး စိတ်ပုံမှန်ဖြစ်သွားတဲ့အခါ ပျောက်ကင်းသွားတတ်ပါတယ်။ တစ်ခါတလေ ပန်းသေပန်းညှိုးခြင်းကြောင့် စိတ်ဓာတ်ကျ၊ စိတ်ပူပန်ပြီး မုန့်လုံးစက္ကူကပ် ဖြစ်တတ်ပါတယ်။

 

>>    ပန်းသေပန်းညှိုးခြင်းနဲ့ နှလုံး၊ သွေးကြောရောဂါများ

          သွေးကြောအတွင်းနံရံမှာ အဆီဖတ်တွေ တဖြည်းဖြည်းချင်း စုပုံလာပြီး သွေးကြောကျဉ်းခြင်းကြောင့် ဖြစ်ရတဲ့ နှလုံးသွေးကြောကျဉ်း၊ လေဖြတ်၊ လေဖြန်းနဲ့ ခြေထောက်သွေးကြောပိတ်ခြင်းတွေလိုပဲ အမျိုးသားလိင်တံကိုသွားတဲ့ သွေးကြောပိတ်တာကြောင့် ဖြစ်နိုင်ပါတယ်။

 

        ဒီလိုသွေးကြောကျဉ်းစေတတ်တဲ့ အကြောင်းရင်းတွေကတော့ -

●        ဆေးလိပ်သောက်ခြင်း

●        သွေးတိုးခြင်း

●        အဝလွန်ခြင်း

●        သွေးတွင်းကိုလက်စထရော အဆီဓာတ် များခြင်း

●        လှုပ်ရှားမှုနည်းခြင်း

●        ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်

●        အရက် အလွန်အကျွံသောက်ခြင်း

●        ဆီးချို

          သွေးကြောအဆီစုခြင်းဟာ တဖြည်းဖြည်းချင်း ဖြစ်လာပြီး သွေးကြောကျဉ်းလာတဲ့အခါမှသာ ရောဂါလက္ခဏာ ပြတတ်ပါတယ်။ ပန်းသေခြင်းဟာ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်လေဖြန်းရောဂါတွေ အကြိုဖြစ်နိုင်တယ်လို့ သိရပါတယ်။

 

>>    ဘာတွေလုပ်သင့်သလဲ?

          ဒီလိုပန်းသေပန်းညှိုးဖြစ်ခဲ့ရင် ဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ၊ ကုသမှုတွေ ပြုလုပ်ရပါမယ်။

          ပြုလုပ်ရမယ့်စစ်ဆေးမှုတွေကတော့ အပေါ်ကပြောခဲ့တဲ့ အကြောင်းရင်းတွေ ရှိ၊ မရှိ စစ်ဆေးနိုင်ပါတယ်။

●        သွေးတွင်း ကိုလက်စထရော စစ်ဆေးမှု

●        သွေးတွင်း အချိုဓာတ် စစ်ဆေးမှု

●        အသည်းနဲ့ ကျောက်ကပ်ရောဂါ ရှိ၊ မရှိ စစ်ဆေးမှု

●        ဆီးစစ်ခြင်း

●        သွေးပေါင်ချိန်ခြင်း

●        အီးစီဂျီဆွဲခြင်း

●        နှလုံးရောဂါပါ ရှိနိုင်တယ်လို့ ထင်ခဲ့ရင် နှလုံးစစ်ဆေးမှုများ

●        သွေးတွင်း Testosterone ဓာတ် စစ်ဆေးမှု

●        တစ်ခါတစ်ရံ လိင်တံကိုလာတဲ့ သွေးကြောစီးဆင်းမှုကို စစ်ဆေးနိုင်ပါတယ်။

 

>>    ကုသနည်းများ

●      သောက်ဆေးများ

          လိင်တံကို သွေးအလာများစေတဲ့ Sildenafil (Viagra)၊ Tadalafil (Cialis)၊ Vardenafil (Levitra)၊ Avanafil (Spedra) စတဲ့ ဆေးတွေကို သောက်ပေးခြင်းက ၁၀ ယောက်မှာ ၁ ယောက် အလုပ်ဖြစ်တတ်ပေမယ့် နှလုံးသွေးကြောကျဉ်းရောဂါအတွက် nitrate သောက်နေရင်၊ သွေးတိုးရောဂါအတွက် alpha blocker (doxazosin, indoramin, prazocin) စတဲ့ ဆေးတွေ သောက်နေခဲ့ရင်တော့ သွေးပေါင် အလွန်ကျစေနိုင်တဲ့အတွက် ရှောင်ပေးပါ။

 

●      လိမ်းဆေးများ

          Topical alprostadil ဆိုတဲ့ဆေးကို အတူမနေမီ ၅ မိနစ်မှ ၃၀ မိနစ်ခန့် ကြိုသောက်ပေးနိုင်ပါတယ်။

 

●      ထိုးဆေးများ

          သောက်ဆေးတွေ မပေါ်ခင်တုန်းက လိင်တံအရင်းကို ထိုးရတဲ့ ထိုးဆေးတွေကို သုံးခဲ့ကြပါတယ်။

          သောက်ဆေးတွေက လိင်မှုစိတ်ဆန္ဒရှိမှသာ အလုပ်ဖြစ်ပေမယ့် ထိုးဆေးတွေကတော့ လိင်မှုစိတ်ဆန္ဒ ရှိရှိ၊ မရှိရှိ အလုပ်ဖြစ်ပါတယ်။

 

●      ဆီးလမ်းကြောင်းဆေးများ

          လိင်တံထိပ် ဆီးလမ်းကြောင်းထဲကို ဆေးပြားလေး ထည့်လိုက်တဲ့အခါ ထိုးဆေးလို အကျိုးရှိနိုင်ပါတယ်။

 

●      လေစုပ်ခွက်

        ပလတ်စတစ်ခွက်ထဲ လိင်တံကို ထည့်လိုက်ပြီး လေထွက်သွားအောင် စုပ်ထုတ်လိုက်ပါ။ ဒီလို လေထုပြောင်းခြင်းဖြင့် သွေးစုလာပါတယ်။ လိင်တံထိပ်ကို ရာဘာကြိုးနဲ့ချည်ပြီး မိနစ် ၃၀ လောက် ထောင်မတ်နေအောင် ထားနိုင်ပါတယ်။

 

**     အခြားကုသနည်များ

          ဖြစ်စေတဲ့အကြောင်းရင်းကို ကုသခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်ခြင်းတို့ကို ကုသခြင်း၊ ဆေးပြောင်းခြင်း၊ အရက် လျှော့သောက်ခြင်း၊ ဟော်မုန်းပြဿနာတွေကို ကုသခြင်း စသည်ဖြင့် ပြုလုပ်နိုင်ပါတယ်။

 

**     လူနေမှုပုံစံနဲ့ အခြားအကြံဉာဏ်များ

          လူနေမှုပုံစံ ပြောင်းလဲခြင်း၊ သွေးတွင်း ကိုလက်စထရော ကျစေဖို့ ဆေးသောက်ခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။

 

**     ဆွေးနွေးတိုင်ပင်ခြင်း

          အမျိုးသားရော၊ အမျိးသမီးကိုပါ ဆွေးနွေးဖို့ လိုပါတယ်။

 

          ဆေးတွေမသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။

●        ဆီးချိုရောဂါ

●        Multiple sclerosis အာရုံကြောအလွှာကွာရောဂါ

●        ပါကင်ဆန်ရောဂါ

●        ပိုလီယိုရောဂါ

●        ဆီးကျိတ်ကင်ဆာ

●        ဆီးကျိတ်ဖြတ်ထားခြင်း

●        ကျောက်ကပ်ပျက်စီးခြင်း

●        ပြင်းထန်တင်ပါးဆုံဒဏ်ရာ

●        အာရုံကြောရောဂါများ

          စတဲ့ ရောဂါအခြေအနေတွေမှာ Tadanafil, vardenafil, avanafil စတဲ့ ဆေးတွေကို သုံးနိုင်ပါတယ်။

          ဆရာဝန်နဲ့ တိုင်ပင်ကုသတာ အကောင်းဆုံးပါပဲ။

Dr. Emerald (www.drmyanmar.com)