/
news/အမျိုးသားများနှင့်ကျန်းမာရေး/ပန်းသေပန်းညှိုးရောဂါနှင့်-ဆက်စပ်နေသော-အချက်များ

ပန်းသေပန်းညှိုးရောဂါနှင့် ဆက်စပ်နေသော အချက်များ

Category
အမျိုးသားများနှင့်ကျန်းမာရေး

စိတ်ဓာတ်ကျခြင်း

        စိတ်ဓာတ်ကျနေသူမှာ ပန်းသေပန်းညှိုးရောဂါလို့ခေါ်တဲ့ Erectile Dysfunction (ED) ဆိုတာဖြစ်တတ်ပါတယ်။ စိတ်ဓာတ်ကျခြင်းကြောင့် ကာမပိုင်းဆိုင်ရာစိတ်အား ထက်သန်မှုလျော့နည်းသွားပြီး အမျိုးသားတွေရဲ့ လိင်မှုရေးရာစွမ်းဆောင်နိုင်မှု ကျလာနိုင်ပါတယ်။ ဒါ့အပြင် စိတ်ကျရောဂါမှာအသုံးပြုတဲ့ ဆေးဝါးများကလည်း ကာမဆက်ဆံရာတွင်ပြီးမြောက်ခြင်း (Orgasm) ကိုနှောင့်နှေးစေပါတယ်။

အရက်အလွန်အကျွံသောက်ခြင်း

                အရက်အသင့်အတင့်သောက်သုံးခြင်းက နှလုံးရောဂါဖြစ်ပွားနှုန်းကို လျော့ချပေးနိုင်တယ် ဆိုပေမယ့် အလွန်အကျွံသောက်သုံးပါက ကာမဆန္ဒပြီးမြောက်ခြင်းကို အနှောင့်အယှက်ဖြစ်စေမှာဖြစ်ပါတယ်။

ဆေးဝါးများသုံးစွဲခြင်း

        ပန်းသေပန်းညှိုးရောဂါကိုဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းများထဲမှာ အသုံးများတဲ့ဆေးဝါးတွေဖြစ်တဲ့ အကိုက်အခဲပျောက်ဆေးနှင့် သွေးတိုးကျဆေးတွေပါ၀င်ပါတယ်။ ဒါ့အပြင် အက်ဖက်တမင်း (Amphetamines)၊ ကိုကင်း (Coacine)နှင့် ဆေးခြောက် စတဲ့မူးယစ်ဆေးဝါးများသုံးစွဲခြင်းကလည်း အမျိုးသားများရဲ့ စွမ်းဆောင်ရည်ကို နိမ့်ကျစေပါတယ်။

စိတ်ဖိစီးမှုများခြင်း၊ စိတ်ပူပန်ခြင်း

        ပန်းသေပန်းညှိုးရောဂါဖြစ်နေတဲ့ အမျိုးသားတွေကို စိတ်ပိုင်းဆိုင်ရာပြန်လည်သုံးသပ်မှုတွေပြုလုပ်တဲ့ အခါမှာ စိတ်ဖိစီးမှုကလည်း အကြောင်းရင်းတစ်ရပ်ဖြစ်နေတာကို တွေ့ရပါတယ်။ ရက်ပိုင်းအတွင်း နှစ်ရက် - သုံးရက်လောက် ပန်းညှိုးတာကို ခံစားနေရပြီဆိုရင်တော့ စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် စိတ်တည်ငြိမ်အေးငြိမ်းမှုရရှိအောင် တရားထိုင်ခြင်း၊ သီးချင်းနားထောင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း တို့ကို ပြုလုပ်သင့်ပါတယ်။

ဒေါသထွက်ခြင်း

        ပန်းမညှိုးဖို့က သွေးထောက်ပံ့မှုအပေါ်မှာလည်း မူတည်နေပါတယ်။ ဒေါသထွက်ခြင်းက လိင်တံဆီသို့ သွေးကြောထောက်ပံ့မှုအားနည်းသွားပြီး စိတ်သွားတိုင်းကိုယ်မပါဖြစ်စေပါတယ်။

 အ၀လွန်ခြင်း

        ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် ကျန်းမာတဲ့ကိုယ်အလေးချိန်ရှိအောင် ထိန်းသိမ်းသင့်ပါတယ်။ အ၀လွန်ခြင်းကြောင့် မိမိကိုယ်ကိုယုံကြည်မှုပျောက်ဆုံးလာရုံသာမက လိင်ကိစ္စ စွမ်းဆောင်ရည်ကိုပါ ကျဆင်းလာစေပါတယ်။ အ၀လွန်တဲ့အမျိုးသားတွေမှာ အမျိုးသားဟော်မုန်း တက်စတိုစတီးရုန်းပမာဏ နည်းပါးလာတာကြောင့် ပန်းသေပန်းညှိုး ဖြစ်နိုင်ပါတယ်။

ရုပ်ရည်သွင်ပြင်

        မိမိ၏ရုည်ရည်သွင်ပြင်နှင့်ပတ်သက်၍ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ။ မိမိ၏ရုပ်ရည်သွင်ပြင်အပေါ်မှာ စိတ်ပူပန်မှုရှိခြင်းကြောင့်လည်း လိင်မှုကိစ္စမှာစွမ်းဆောင်ရည်ကျနိုင်ပါတယ်။

ကျန်းမာရေး

        အမျိုးသားအင်္ဂါဆီကိုသွားတဲ့သွေးကြောထောက်ပံ့မှုနှင့် အာရုံကြောထောက်ပံ့မှုကို ချို့ယွင်းစေတဲ့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါရှိသူများ၊ ဆေးလိပ်သောက်သူများ၊ ကျောရိုးမကြီး ထိခိုက်ဒဏ်ရာရသူတွေမှာ ပန်းသေပန်းညှိုးရောဂါ (ED) ဖြစ်နိုင်ပါတယ်။

ဘယ်လိုဖြေရှင်းကြမလဲ

          ဒီပြဿနာဟာ အမျိုးသားတွေအတွက်အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒီလိုကြုံလာရင် ရှက်နေရုံနဲ့မပြီးတဲ့အတွက် ဆရာ၀န်နဲ့သေချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါမှသာပြဿနာရဲ့ အရင်းအမြစ်ကိုသေချာသိပြီး လိုအပ်တဲ့ကုသမှုခံယူနိုင်မှာဖြစ်ပါတယ်။

 

 

Dr. Htet Htet Aung (Dr Myanmar)

www.drmyanmar.com