/
news/အမျိုးသားများနှင့်ကျန်းမာရေး/ရုပ်ရှင်မင်းသားကြီး-ဂျော့ကလူနီးရဲ့-နုပျိုကျန်းမာ

ရုပ်ရှင်မင်းသားကြီး ဂျော့ကလူနီးရဲ့ နုပျိုကျန်းမာ လျှို့ဝှက်ချက်များ

Category
အမျိုးသားများနှင့်ကျန်းမာရေး

          ရင်ခုန်စရာနုပျိုမှု အပြည့်အ၀ရှိပြီး ဘ၀ကို ပျော်ရွှင်စွာ ရင်ဆိုင်နေတဲ့ အသက် ၅၇ နှစ်အရွယ် ရုပ်ရှင်မင်းသားကြီး ဂျော့ကလူနီးရဲ့ အမြဲလက်တွေ့ကျင့်သုံးနေတဲ့ စားသောက်နေမှုပုံစံတွေကို ဖော်ပြလိုက်ပါတယ်။

          ပထမဆုံးအနေနဲ့ ဂျော့ဟာ ကျန်းမာရေး အမြဲကောင်းနေခဲ့သူတော့ မဟုတ်ပါဘူး။ သူဟာ ကျောရိုးထဲက အာရုံကြောမကြီးကို ဖုံးအုပ်ထားတဲ့ အမြှေးပါး စုပ်ပြဲသွားခဲ့ဖူးပြီး ရုတ်တရက် မှတ်ဉာဏ်ဆုံးရှုံးသွားကာ ကာလရှည်ကြာ ခေါင်းကိုက်ဝေဒနာခံစားခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ညတိုင်း သူ့ကိုအိပ်မရဖြစ်စေတဲ့ ခါးနာရောဂါနဲ့ နပန်းလုံးခဲ့ရသူပါ။

          တကယ်တော့ သူ့ရဲ့ ကျန်းမာရေးပြဿနာတွေက သူ့ကို အလဲမထိုးနိုင်ခဲ့ပါဘူး။

          သူဟာ သူကိုယ့်သူ ပြန်လည်ကျန်းမာလာစေဖို့ အချိန်ဇယားရေးဆွဲပြီး ပြန်လည်ထူထောင်ရေး လုပ်ခဲ့ပါတယ်။ သူဟာ ပြန်လည်ထူထောင်ရေးကို အခြေခံ အပျော့စား လေ့ကျင့်ခန်းတွေကနေ စတင်လိုက်ပါတယ်။

●        အဓိက အရေးကြီးဆုံးကတော့ ဘက်ခရန်း Bikram  ယောဂလေ့ကျင့်ခန်း ဖြစ်ပါတယ်။ အထူးအနေအထားများနှင့် လေ့ကျင့်ခန်းလှုပ်ရှားပုံတွေဟာ ပူနွေးစွတ်စိုတဲ့အခန်းထဲမှာ လုပ်ဆောင်ရတဲ့ယောဂတစ်မျိုးပါ။ ဒီအထူးယောဂလေ့ကျင့်ခန်းဟာ ကိုယ်အလေးချိန် လျှော့ချဖို့် ခန္ဓာကိုယ်သွင်ပြင် ပုံပေါ်လာဖို့ရယ်အတွက် အလွန်ထိရောက်တဲ့ လေ့ကျင့်ခန်းပါ။ ဒါ့အပြင် ဂျော့ ခံစားနေခဲ့ရတဲ့ ကြွက်သား နာကျင်ကိုက်ခဲတာတွေကို သက်သာစေပြီး အရွတ်တွေကို ပြန်လည်သန်စွမ်းစေခဲ့တဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။

●        သူဟာ အိမ်ထောင်ပြိုကွဲခဲ့ပြီး ၂၀၁၄ မှာ ထပ်မံလက်ထပ်ပါတယ်။ အေမယ်ကလူနီးဟာ ထက်မြက်လှပတဲ့ ရှေ့နေပါ။ နံဘေးမှာ လှပနပျိုပြီး တော်တဲ့ အမျိုးသမီးတစ်ဦး ရှိနေတာဟာ နုပျိုမှုရဲ့ ဒုတိယအချက်ပါတဲ့။

●        ဂျော့ရဲ့ အစားအစာကတော့ သူ့အမျိုးသမီးက စီစဉ်တာပါ။ အေမယ်ဟာ စာတော်ပြီး အလုပ်ကြိုးစားပေမယ့် အမျိုးသားအတွက် ဟင်းချက်ပေးဖို့ အရေးပါကြောင်း လက်ခံတဲ့ ဇနီးသည်ပါ။  ဂျော့ကို ဝလာတယ်လို့ ယူဆတဲ့အတွက် သူရဲ့ နေ့စဉ်အစားအစာမှာ အဆီနဲ့ အချိုတွေကို လျှော့ချလိုက်ပြီး အသီးအရွက်၊ ငါး၊ ပါစတာနဲ့ အသား အနည်းငယ် ပါ၀င်စေပါတယ်။

●        ဂျော့ဟာ သူအကြိုက်ဆုံးဖြစ်ခဲ့တဲ့ အရက်တွေကနေ ဝေးဝေးနေခဲ့တာ ကြာပါပြီတဲ့။ ဗော်ကာလို Tequila လိုဟာမျိုးတွေကနေ တတ်နိုင်သလောက် ဝေးဝေးနေပါသတဲ့။ အရက်ရှောင်တဲ့ရလဒ်ကတော့ အံ့မခန်းပါပဲ။ သူဟာ ယခင်ကထက် ပိုမိုပျော်ရွှင်လာပြီး ဘဝကို ကျေနပ်နှစိသိမ့်လာတယ်လို့ ခံစားရပါသတဲ့။

          ၂၀၁၈ မှာ ဂျော့ဟာ အသက်အရွယ်အနေအထားတစ်ခုကို ရောက်ပါပြီ။ သူဟာ ကာလရှည်ကြာ ကျန်းမာရေးဒုက္ခတွေကို ခံစားခဲ့ရပေမယ့် စိတ်မလျှော့ခဲ့တဲ့အတွက် အခုလို ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပြန်လည်ရရှိတာ ဖြစ်ပါတယ်။ အန်ကယ်တို့လည်း စိတ်ဓာတ်မာမာနဲ့ မိမိကိုယ်မိမိ ပြန်လည်ထူထောင်ခြင်းအားဖြင့် ထာဝရနုပျိုကျန်းမာဖို့ ကြိုးစားလိုက်ကြရအောင်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)