/
news/အမျိုးသားများနှင့်ကျန်းမာရေး/သုက်ပိုးပုံသဏ္ဌာန်-မမှန်တဲ့ရောဂါ-သို့မဟုတ်-teratospermia

သုက်ပိုးပုံသဏ္ဌာန် မမှန်တဲ့ရောဂါ (သို့မဟုတ်) Teratospermia

Category
အမျိုးသားများနှင့်ကျန်းမာရေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ ပုံမှန်သတ်မှတ်ချက်အရဆိုရင် သုက်ရည်ထဲမှာ ပုံမှန်သုက်ပိုးဟာ ၄% အောက်နည်းရင် သုက်ပိုးပုံသဏ္ဌာန် မမှန်တဲ့ရောဂါရှိတယ်လို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ Kruger သတ်မှတ် ချက်အရတော့ ပုံမှန်သုက်ပိုးဟာ ၁၅ % အောက်နည်းနေရင်ကို ဒီရောဂါရှိတယ်လို့ ပြောနိုင်ပါတယ်။

သုက်ပိုးတွေရဲ့ ပုံသဏ္ဌာန် မှန်၊ မမှန်ကို အဏုကြည့်မှန်ပြောင်းနဲ့ကြည့်ပြီး သိနိုင်ပါတယ်။ ပုံမှန်သုက်ပိုး တစ်ကောင်ဟာ အောက်ဖော်ပြပါအချက်တွေနဲ့ ပြည့်စုံဖို့လိုအပ်ပါတယ်။

• ဦးခေါင်းဟာ ဘဲဥပုံစံ ရှိရပါမယ်။

• အမြီးဟာ ရှည်လျားပြီး တစ်ခုတည်း ရှိရပါမယ်။

• ဦးခေါင်းနဲ့ အမြီးကြားမှာ အမြီးထက်နည်းနည်းပိုတုတ်တဲ့ လည်ပင်းပိုင်းဆိုတာ ရှိရပါမယ်။

• ဦးခေါင်းဟာ ၅ မိုင်ခရွန်မီတာရှိပြီး အမြီးကတော့ ၅၀ မိုင်ခရွန်မီတာ ရှည်ရပါမယ်။

ဒီအချက်တွေနဲ့မပြည့်စုံတဲ့ သုက်ပိုးတွေကို ပုံသဏ္ဌာန်မမှန်ဘူးလို့ သတ်မှတ်ပါတယ်။

Oligocare IA 1

သုက်ပိုးတွေ ပုံသဏ္ဌာန်မမှန်တာ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ -

• ရောဂါပိုးကြောင့်ဖြစ်စေ၊ ထိခိုက်မိလို့ဖြစ်စေ ဝှေးစေ့မှာ ကျန်းမာရေးပြဿနာရှိခြင်း

• ကပ်ပယ်အိတ်မှာ အရည်စုနေခြင်း

• ဆေးလိပ်သောက်ခြင်း

• အရက်အလွန်အကျွံသောက်ခြင်း

• ဓာတ်ရောင်ခြည်ကုသမှု ခံယူခြင်း၊ ကင်ဆာဆေးသွင်းခြင်း

• ဆီးချိုသွေးချိုရောဂါ

• မျိုးပွားအင်္ဂါအနီးတစ်ဝိုက် အပူချိန်မြင့်တက်စေသော အခြေအနေများ (ဥပမာ - အပူရှိန်ပြင်းပြင်းနဲ့ နီးကပ်စွာ အလုပ်လုပ်ရခြင်း၊ ရေပူစိမ်ချိုးလေ့ရှိခြင်း၊ ချွေးထုတ်ခန်း မကြာခဏသွားလေ့ရှိခြင်း၊ အတွင်းခံ ကြပ်ကြပ်ဝတ်ဆင်ခြင်း)

• မျိုးရိုးလိုက်သော ရောဂါများ

စတဲ့ အကြောင်းအရာတွေကြောင့် ဖြစ်နိုင်ပါတယ်။

Oligocare IA 2

သုက်ပိုးပုံသဏ္ဌာန်မမှန်တဲ့ရောဂါရှိတိုင်း ကလေး လုံးဝမရနိုင်တော့တာ မဟုတ်ပါဘူး။ ဖြစ်ရတဲ့အကြောင်းအရာ ပေါ် မူတည်ပြီးတော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့တိုင်ပင်ပြီး လိုအပ်တဲ့ကုသမှုတွေ ခံယူပေးရင် ကလေးရနိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ဘက်ကလည်း အာဟာရစုံလင်အောင်စားမယ်၊ အန်တီအောက်ဆီဒန့် ကြွယ်ဝ တာတွေ များများစားမယ်၊ လေ့ကျင့်ခန်းပုံမှန်လုပ်မယ်၊ လိုအပ်တဲ့ဖြည့်စွက်အားဆေးတွေကို သေချာမှီဝဲပေးမယ် ဆိုရင် သုက်ပိုးတွေ ပုံသဏ္ဌာန်မှန်လာအောင် ကူညီပေးနိုင်ပါတယ်။

 

Dr. Aye Hsu Mon (www.drmyanmar.com)