သုတ်ပိုးများ၏ မျိုးအောင်မှုကိုမြှင့်တင်ခြင်း
သုတ်ပိုးများအားလုံးသည် အမြဲတစေမျိုးမအောင်နိုင်ပါ။ သင်၏လူနေမှုပုံစံသည် သုတ်ပိုးများကိုမည်ကဲ့သို့ အကျိုးသက်ရောက်နိုင်ကြောင်းနှင့် မျိုးအောင်နိုင်သော အခွင့်အလမ်းကိုမြှင့်တင်ရန်မည်ကဲ့သို့ လုပ်ဆောင်သင့်ကြောင်းကို သိရှိရန်မှာ အရေးကြီးလှပါသည်။
သုတ်ပိုးများသည် မျိုးအောင်ရန်အသင့်ရှိပါသလား
အကယ်၍ ကလေးယူရန် အစီအစဉ်ရှိသော ဇနီးမောင်နှံများအနေဖြင့် အမျိုးသား၏သုတ်ပိုးများသည် မျိုးအောင်နိုင်ခြင်းရှိ/မရှိကို သိလိုကြပေလိမ့်မည်။ ထို့ကြောင့် ပထမဦးစွာ အမျိုးသားများမျိုးအောင်ရာ၌ အထောက်အကူပေးသောအချက်များကို လေ့လာထားရန်လိုအပ်ပြီး သုတ်ပိုးများ အကောင်းဆုံးစွမ်းဆောင်မှုပေးနိုင်သော အခြေအနေကိုလည်း နားလည်ထားသင့်ပါသည်။
သုတ်ပိုးများမျိုးအောင်နိုင်ခြင်းကို လွှမ်းမိုးနေသောအချက်များ
မျိုးအောင်ခြင်းသည် သုတ်ပိုးအရေအတွက်၊ လှုပ်ရှားမှုနှင့် တည်ဆောက်ပုံတို့တွင် များစွာတည်မှီနေပါသည်။
1. အရေအတွက်
အကယ်၍ သင်သည်သုတ်လွှတ်နိုင်ပါက ယေဘုယျအားဖြင့် မျိုးအောင်နိုင်ချေရှိသည်ဟုယူဆနိုင်ပါသည်။ ပုံမှန်အားဖြင့် သုတ်ရည်တစ်မီလီလီတာတွင် သုတ်ပိုးအရေအတွက်အနည်းဆုံး 15 သန်းမျှပါလေ့ရှိသည်။ သုတ်လွှတ်ချိန်တွင် သုတ်ပိုးအနည်းငယ်သာပါရှိပါက ကိုယ်၀န်ရရန်အခွင့်အလမ်းလွန်စွာပင်နည်းပါးပါသည်။
2. လှုပ်ရှားမှု
မျိုးအောင်နိုင်ရန် သုတ်ပိုးများသည် အမမျိုးဥရှိရာနေရာသို့ သားအိမ်၀၊ သားအိမ်နှင့် သားဥပြွန်များကို ဖြတ်သန်း၍ ကူးခတ်သွားရသည်။ ၎င်းကိုရွေ့လျားမှုဟုခေါ်သည်။ သုတ်ပိုးအရေအတွက် 40 ရာခိုင်နှုန်းထက်ပို၍ ရွေ့လျားနေပါက မျိုးအောင်နိုင်ချေမြင့်မားသည်။
3. တည်ဆောက်ပုံ (ရုပ်သွင်လက္ခဏာ)
ပုံမှန်သုတ်ပိုးတွင် ဘဲဥပုံဦးခေါင်းနှင့် ရှည်လျားသောအမြီးပါရှိပြီး ရွေ့လျားရန်အတွက် အတူတကွဟန်ချက်ညီညီလှုပ်ရှားရသည်။ သုတ်ပိုးတည်ဆောက်ပုံသည် အရေအတွက်နှင့်လှုပ်ရှားမှုများလောက် အရေးမပါသော်လည်း မူမှန်သုတ်ပိုးပုံစံအရေအတွက်များပြားပါက မျိုးအောင်နိုင်ရန် အခွင့်အလမ်းပိုမိုများပြားပါသည်။
အမျိုးသားများတွင် မျိုးမအောင်ရခြင်း အကြောင်းအရင်းများ
အမျိုးမျိုးသော ဆေးပညာဆိုင်ရာပြဿနာများကြောင့် အမျိုသားများတွင် မျိုးမအောင်ခြင်းပြဿနာဖြစ်ရခြင်းဖြစ်ပါသည်။ ၎င်းတို့မှာ -
- ယောကျာ်းဟော်မုန်း (testosterone) နှင့် သုတ်ပိုးထုတ်လုပ်ရန်လှု့ံဆော်သော ဦးနှောက်အတွင်းရှိအင်္ဂါအစိတ်အပိုင်းများတွင် ပြဿနာရှိနေခြင်း
- ေ၀ှးစေ့ရောဂါများ
- သုတ်ပိုးမထုတ်လုပ်နိုင်ခြင်းပြဿနာများ
အသက်အရွယ်ကြီးရင့်မှုသည်လည်း အရေးကြီးသောအခန်းကဏ္႑တွင်ပါ၀င်သည်။ သုတ်ပိုးရွေ့လျားနှုန်းနှင့် ပုံမှန်သုတ်ပိုးအရေအတွက်တို့သည် အသက်ကြီးလာသည်နှင့်အမျှ ကျဆင်းလာကြပြီး မျိုးပွားနှုန်းကိုထိခိုက်စေသည်။ အချို့သော ရှာဖွေတွေ့ရှိချက်များအရ အသက် 40 ပတ်၀န်းကျင် အမျိုးသားများသည် ငယ်ရွယ်သူများထက် မျိုးအောင်ရန် အချိန်ပိုမိုကြာမြင့်တတ်ကြောင်းသိရပါသည်။
မျိုးအောင်နိုင်သော သုတ်ပိုးများကိုထုတ်လုပ်နိုင်ရန်အတွက် လိုက်နာသင့်သည့်အချက်များ
လွယ်ကူရိုးရှင်းသော အောက်ပါအချက်များကိုလိုက်နာရုံဖြင့် မျိုးအောင်နိုင်သော သုတ်ပိုးများထုတ်လုပ်မှုကို ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ပါသည်။ ဥပမာအားဖြင့် -
1. ကိုယ်အလေးချိန်ကိုထိန်းသိမ်းပါ
ကိုယ်အလေးချိန်တိုးခြင်းသည် သုတ်ပိုးအရေအတွက် ကျဆင်းခြင်းနှင့် သုတ်ပိုးရွေ့လျားနိုင်မှုနည်းပါးခြင်းတို့နှင့် ဆက်စပ်လျက်ရှိကြောင်း သုတေသနပြုလုပ်ချက်မျာအးရ သိရှိရပါသည်။
2. အာဟာရပြည့်၀သော အစားအစာများကို စားပါ
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါ၀င်သော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကိုရွေးချယ်စားသုံးပေးပါ။
3. လိင်မှတဆင့်ကူးစက်တတ်သောရောဂါများမဖြစ်ပွားနိုင်ရန် မိမိကိုယ်ကိုကာကွယ်ပါ
အပျော်အပါးလိုက်စားခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။
4. စိတ်ဖိစီးမှုကိုလျော့ချပါ
လိင်စွမ်းဆောင်ရည်ကိုသာမက သုတ်ပိုးထုတ်လုပ်ရန်လိုအပ်သော ဟော်မုန်းများကိုပါ ကျဆင်းစေနိုင်သောကြောင့် စိတ်ဖိစီးမှုမှ ကင်းရှင်းစေရန်လိုအပ်ပါသည်။
ရှောင်ကြဉ်ရမည့်အချက်များ
သုတ်ပိုးများသည် အပူချိန်အလွန်မြင့်မားခြင်း (သို့) အဆိပ်အတောက်ဖြစ်စေသော ဓာတုပစ္စည်းများနှင့်ထိတွေ့ခြင်း စသောပတ်၀န်းကျင်ပြောင်းလဲခြင်းဆိုင်ရာအချက်များကိုခံနိုင်ရည်မရှိပေ။ ထို့ကြောင့်
1. ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ
ဆေးလိပ်သောက်သုံးပါက သုတ်ပိုးအရေအတွက်ကျဆင်းရုံမျှမက သုတ်ပိုးများလှုပ်ရှားမှုကိုလည်း ထိခိုက်စေသည့်အပြင် သုတ်ပိုးများ၏ပုံပန်းသဏ္႑ာန်ကိုပါပျက်ယွင်းစေနိုင်ပါသည်။
2. အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ
အရက်ကိုအလွန်အမင်းသောက်သုံးပါက ယောကျာ်းဟော်မုန်းထုတ်လုပ်မှုကို ကျဆင်းစေပြီး မျိုးမအောင်နိုင်ခြင်း အခြေအနေထိပါ ကြုံတွေ့နိုင်ပါသည်။
3. လိင်ဆက်ဆံစဉ် ချောဆီများသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ
ချောဆီများသုံးစွဲခြင်းကြောင့် မျိုးအောင်မှုနှုန်းကို ထိခိုက်ခြင်းရှိ/မရှိကို သေချာစွာသက်သေမပြနိုင်သေးသော်လည်း တတ်နိုင်လျှင် ရှောင်ကြဉ်သင့်ပါသည်။
4. ဆေးဝါးများကို သင်၏ဆရာ၀န်နှင့်တိုင်ပင်ပြီးမှသောက်သုံးပါ
အဘယ်ကြောင့်ဆိုသော် အချို့ဆေးများ (ဥပမာ- သွေးတိုးကျဆေးများ၊ စိတ်ကျရောဂါတွင်ကုသသောဆေးများ၊ ယောကျာ်းအားတိုးဆေးများ) သည် မျိုးအောင်ခြင်းဆိုင်ရာပြဿနာများနှင့်ဆက်စပ်လျက်ရှိသောကြောင့်ဖြစ်သည်။
5. ကင်ဆာရောဂါကုသခြင်းများ
ဓာတ်ကင်ခြင်းနှင့် ဆေးသွင်းခြင်းများသည် သုတ်ပိုးထုတ်လုပ်မှုကို များစွာကျဆင်းစေသောကြောင့် ကုသမှုမခံယူမီဆရာ၀န်နှင့် သေချာဆွေးနွေး၍ သုတ်ပိုးသိမ်းဆည်းခြင်းများကို ပြုလုပ်သင့်သည်။
6. အဆိပ်အတောက်များနှင့် ထိတွေ့ခြင်း
ဥပမာ- ပိုးသတ်ဆေးများ၊ ပြဒါး ကဲ့သို့သော အဆိပ်အတောက်ပစ္စည်းများနှင့်အမြဲတစေထိတွေ့နေသောအလုပ်ဆိုပါက အရောပြားနှင့်တိုက်ရိုက်မထိတွေ့စေရန် အကာအကွယ်ပစ္စည်းများကို စနစ်တကျအသုံးပြုပါ။
7. ကပ်ပယ်အိတ်အပူချိန်မြင့်မားပါက သုတ်ပိုးထုတ်လုပ်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်သောကြောင့် ချောင်ချောင်ချိချိရှိသော အတွင်းခံများသာ ၀တ်ဆင်ပါ။ နိုင်လွန် အတွင်းခံများအစား ချည်သားအတွင်းခံကိုသာ ၀တ်ဆင်ပါ။ အချိန်အကြာကြီး မထိုင်ပါနှင့်၊ ရေနွေးစိမ်ခြင်းများ ကိုရှောင်ကြဉ်ပါ။
Dr. Moe Thauk Pan




























