အမျိုးသားတို့ ကျန်းမာဖို့ …
အမျိုးသားတို့ကျန်းမာဖို့က ကိုယ်ကိုယ်တိုင်အတွက်သာမက မိသားစုအတွက်ပါ အရေးကြီးတယ်နော်။ ကျန်းမာအောင် နေထိုင်ဖို့ကလည်း သိပ်အခဲယဉ်းကြီး မဟုတ်ပါဘူး။ ကြည့်ကြည့်ကြရအောင်။
ရောဂါဘယတွေမဖြစ်စေဖို့ အခြေခံတွေဖြစ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်တာ၊ မျက်စိကို ဂရုစိုက်တာ စတာလောက်နဲ့တင် ရပါတယ်။
>> ကာကွယ်ရေးကို အဓိက ဦးစားပေးပါ။
အကျင့်စရိုက် သေးသေးလေးတွေကနေစပြီး ပြုပြင်ပေးခြင်းဖြင့် ကျန်းမာရေး ကောင်းမွန်လာမှာပါနော်။
ဆေးလိပ်သောက်တာ၊ မလှုပ်မရှား ထိုင်ချည်းနေတာ၊ အစားအသောက်ကို သေချာမစားတာ၊ အရက်တွေ အများကြီးသောက်တာ၊ အဓိကကတော့ ဒီ (၄) မျိုးပါပဲ။
>> ၅-၂-၁-၀ ဆိုတာကို သတိပြုပါ။
● တစ်နေ့ကို အသီးအရွက် (၅) မျိုး
● ဖုန်း၊ ကွန်ပျူတာ၊ တီဗီမျက်နှာပြင်ကြည့်ချိန် တစ်ရက် (၂) နာရီ
● တစ်နေ့ကို အနည်းဆုံး (၁) နာရီ ကိုယ်လက်လေ့ကျင့်မှုနဲ့
● ဆေးလိပ်နဲ့ အချိုရည် (၀) ဆိုတာပါပဲ။
>> နောက်ခံရာဇဝင်ကို လိုက်ပါ။
ကိုယ့်မိသားစုဘိုးဘေးတွေရဲ့ ရောဂါရာဇဝင်တွေကို လိုက်မေးထားပါ။ ရောဂါဘယတွေ၊ နာတာရှည်ဝေဒနာတွေ၊ အရွယ်မတိုင် သေဆုံးတာတွေ၊ ကင်ဆာရောဂါတွေ ရှိခဲ့၊ မရှိခဲ့ကို မေးပါ။
>> လေ့ကျင့်ခန်းလုပ်ပါ။
တီဗီချည်းကြည့်နေမယ့်အစား ဘက်စ်ကတ်ဘောလေး ဆော့ပါ။ ရုံးမှာ (သို့) အိမ်မှာ လှေကားအတက်အဆင်း မှန်မှန်လုပ်ပေးပါ။ အကောင်းဆုံးကတော့ နေ့တိုင်းနေ့တိုင်း နာရီဝက်ကနေ ၁ နာရီလောက် လေ့ကျင့်ခန်းလေး ပုံမှန်လုပ်ပေးပါ။
>> ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
အဝလွန်နေရင် ဝိတ်လေး နည်းနည်း လျှော့လိုက်တာက အများကြီး တာသွားပါတယ်။ ကိုယ်အလေးချိန် ဘယ်လောက်ရှိရမလဲဆိုတာ သေချာမသိရင် ကိုယ်အလေးချိန်နဲ့ အရပ် ပျမ်းမျှတွက်ချက်မှု BMI ကို Online ကနေ လုပ်လို့ရပါတယ်။
Revicon 1

>> စိတ်ဖိစီးမှုတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ပါ။
တစ်ခါတလေ ကျန်းမာရေးကို ထိခိုက်စေတာ အချို အစားများတာလည်း မဟုတ်သလို လေ့ကျင့်ခန်း မလုပ်တာလည်း မဟုတ်ဘဲ တဖြည်းဖြည်း စုပြုံလာတဲ့ စိတ်ဖိစီးမှုတွေပါပဲ။ အလုပ်၊ မိသားစု၊ ဆက်ဆံရေး၊ ငွေရေးကြေးရေးတွေကို သေချာ စနစ်တကျ မဖြေရှင်းနိုင်ရင် စိတ်ဖိစီးမှုတွေ စုပုံလာမှာ အမှန်ပါပဲ။
>> စိတ်ကို ဖြေလျော့ပေးပါ။
တစ်ညကို ၇ - ၈ နာရီ၀န်းကျင် အိပ်ရေးဝအောင် အိပ်ပေးပါ။ စိတ်ဓာတ်ကျနေတာပဲဖြစ်ဖြစ်၊ စိတ်တိုဒေါသထွက်တာပဲဖြစ်ဖြစ်၊ စိတ်ပူပန်နေတာပဲဖြစ်ဖြစ် ယုံကြည်ရသူတစ်ယောက်ယောက်ကို ဖွင့်ဟပြောလိုက်ပါ။
>> အကျင့်ကောင်းတွေ မွေးမြူပါ။
ဆေးလိပ်ဟာ အဆုတ်ကင်ဆာနဲ့ နှလုံးရောဂါဖြစ်နှုန်းကိုသာ မြင့်တက်စေရုံတင်မကဘဲ ပန်းသေပန်းညှိုးရောဂါလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်ပါ။
အရက်ကို တစ်ရက် ၂ ခွက်ထက် ပိုမသောက်ပါနဲ့။ ၁ ခွက်ဆိုတာ ဘီယာ ၁၂ အောင်စ၊ ဝိုင် ၅ အောင်စ၊ အရက်ပြင်း ၁ အောင်စခွဲကို ဆိုလိုပါတယ်။ ဖြတ်ရတာ ခက်နေရင် နီးစပ်ရာဆရာဝန်နဲ့ တိုင်ပင်ပါ။
>> ကိုယ့်ကိုယ်ကို အချိန်တိုင်း ကာကွယ်ပါ။
လိင်မှုကိစ္စမှာ ကာကွယ်ခြင်းဖြင့် ခုခံအားနည်းကူးစက်ရောဂါတွေ ဆစ်ဖလစ်ကာလသားရောဂါတွေကို ကာကွယ်နိုင်သလိုပဲ တခြားနေရာတွေမှာလည်း ကာကွယ်ဖို့ လိုတယ်။
● စက်ဘီး၊ ဆိုင်ကယ်၊ စကိတ် ဘာစီးစီး ဦးထုပ်ဆောင်းပါ။
● ကားမောင်းရင် ခါးပတ်ပတ်ပါ။ ကြမ်းကြမ်းတမ်းတမ်း ကားမောင်းခြင်းဟာ ၅၀% သော ကားတိုက်မှုရဲ့ အကြောင်းရင်းပါတဲ့။
● လမ်းပေါ်အာရုံစိုက်ပါ။ ဖုန်းကို ပိတ်သာထားလိုက်ပါ။
● နေပူထဲထွက်ရင် နေရောင်ကာလိမ်းဆေးတွေ လိမ်း၊ ဦးထုပ်တွေ ဆောင်းပေးပါ။
● လေ့ကျင့်ခန်း စလုပ်ခါစမှာ လမ်းလျှောက်တာဖြစ်ဖြစ်၊ တခြားလှုပ်ရှားမှု အပျော့စားတစ်ခုခုပဲဖြစ်ဖြစ် တစ်နေ့ကို ၁၅ မိနစ်၊ တစ်ပတ်ကို ၃ ရက် လုပ်ပေးပြီး တစ်ပတ်စီ တဖြည်းဖြည်းချင်း တိုးတိုး လုပ်ပေးပါ။
● အအေးမိ တုပ်ကွေးရာသီမှာဆိုရင် တုပ်ကွေးကာကွယ်ဆေး ကြိုထိုးပြီး လက်ကို အမြဲတစေ သန့်စင်နေအောင် မကြာခဏ ဆေးကြောပေးသင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Revicon 2

(Unicode)
Dr. Mya Phoo Ngon (www.drmyanmar.com)





























