အမျိုးသားတွေမှာ ကိုယ်၀န်ရှိနိုင်ပါသလား?
ဦးကိုဟာ ဆီးလမ်းကြောင်း ပြဿနာနဲ့ ဆေးခန်းပြတဲ့အချိန်မှာ ဆရာ၀န်က သူ့အမျိုးသမီး ကိုယ်၀န် ရှိ၊ မရှိ စစ်ဆေးတဲ့ အတံလေးနဲ့ ဆီးစစ်ခိုင်းပါတယ်၊ အမျိုးသားတွေမှာ ကိုယ်၀န်ရှိနိုင်လို့လား။ သူတော့ နားမလည်နိုင်တာ အမှန်ပါ။
အမျိုးသားတွေမှာလည်း ကိုယ်ဝန် ရှိ၊ မရှိ စစ်တဲ့အတံလေးနဲ့ ဆီးစစ်ကြည့်ရင် ၂ ကြောင်း ပေါ်နိုင်ပါတယ်။ အဲ ... ဒီတော့ အဲဒီအမျိုးသားမှာ ကိုယ်ဝန်ရှိလို့လား။ ကိုယ်ဝန်ရှိလို့ ၂ ကြောင်းပေါ်တာတော့ မဟုတ်ရပါဘူး။ ဒီဆီးစစ်တဲ့အတံလေးက human chorionic gonadotropin (hCG) ဆိုတဲ့ ဟော်မုန်းမြင့်တက်မှုကို စစ်ဆေးတာဖြစ်လို့ ဒီဟော်မုန်းမြင့်တက်ရင် မျဉ်း ၂ ကြောင်း ပေါ်နိုင်ပါတယ်နော်။ အမျိုးသားတွေမှာ ဝှေးစေ့ကင်ဆာရှိရင် ဒီဟော်မုန်းမြင့်တက်ပြီး ဆီးစစ်ကြည့်လိုက်တဲ့အခါမှာ positive ပြနေတတ်ပါတယ်။ တစ်ခုမှတ်ထားရမှာက ဒီအတံနဲ့ စစ်ကြည့်လို့ မျဉ်း ၂ ကြောင်း မပေါ်တိုင်းတော့ ဝှေးစေ့ကင်ဆာမရှိဘူးလို့ သတ်မှတ်လို့မရပါဘူး။ တခြားကင်ဆာ အတော်များများမှာလည်း hCG ဟော်မုန်းကို ထုတ်နိုင်လို့ ဒီအကြောင်းကို လေ့လာကြည့်ကြရအောင်။
>> hCG နဲ့ ကိုယ်ဝန်ဆောင်
hCG ဆိုတဲ့ ဟော်မုန်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကိုယ်ဝန်ဆောင်အတွက် ဖြစ်ပြီးတော့ ပထမသုံးလပတ်အတွင်းမှာ သားဥအိမ်ကနေ progesterone လို့ခေါ်တဲ့ ဟော်မုန်းတွေ ထုတ်ပေးဖို့ လှုံ့ဆော်ခြင်းအားဖြင့် သားအိမ်နံရံတွေကို ထူလာစေပါတယ်။
သားဥမကြွေခင်လေးမှာ သားဥအိမ်က progesterone ကို ပုံမှန်ထုတ်ပေးပြီးတော့ - ကိုယ်အပူချိန် အနည်းငယ် တက်လာစေတယ်။ သားအိမ်ကြွက်သားတွေ ကျုံ့တာကို နည်းသွားစေတယ်။ ပြီးတော့ မွေးလမ်းကြောင်းထဲမှာ အချွဲတွေ ပိုထွက်လာစေပါတယ်။ ဒါတွေအားလုံးက သုတ်ပိုး အသက်ရှင်သန်ပြီးတော့ မမျိုးဥနဲ့ ပေါင်းစပ်ပေးနိုင်ဖို့အတွက် အထောက်အကူပြုတာပါ။ progesterone ပမာဏ ကျသွားပြီဆိုရင် သားအိမ်နံရံတွေ ကြွေကျပြီးတော့ ပါးလာပါတယ်။ ကိုယ်ဝန်ဆောင် အပတ် ၂၀ ကျော်ကျော်လောက် ဆိုရင်တော့ အချင်းကနေပြီးတော့ စတီးရွိုက်ဟော်မုန်းတွေ ထုတ်လုပ်လိုက်ပြီးတော့ hCG နဲ့ progesterone ရဲ့ အခန်းကဏ္႑ ပျောက်ကွယ်သွားပါတယ်။
>> hCG နဲ့ ကင်ဆာ
သားဥအိမ်၊ အစာအိမ်၊ အဆုတ်နဲ့ ဝှေးစေ့တွေနဲ့ ဆက်စပ်တဲ့ကင်ဆာတွေ၊ အသည်းနဲ့ endocrine system, အာရုံကြောစနစ်တွေနဲ့ ဆိုင်တာတွေမှာလည်း hCG ထုတ်ပါတယ်။ ပြီးတော့ ကျောက်ကပ်ပျက်စီးတဲ့ လူနာတွေမှာလည်း ဒီဟော်မုန်း အရမ်းကိုမြင့်တက်နေတာကို တွေ့ရပါတယ်။
အခုနကပြောခဲ့သလိုပဲ ကိုယ်ဝန်စစ်တဲ့ ဆီးစစ်တံလေးနဲ့ စစ်ကြည့်လို့ negative ပြတာနဲ့ ကင်ဆာ မရှိဘူးလို့တော့ ပြောလို့မရပါဘူး။ ဝှေးစေ့ကင်ဆာ အမျိုးအစားပေါင်းများစွာ ရှိပြီးတော့ အားလုံးက hCG ပမာဏ မမြင့်တက်စေပါဘူး။
hCG ကို ကိုယ်ဝန် ရှိ၊ မရှိ ကြည့်တာပဲမဟုတ်ဘဲနဲ့ တခြားအသုံးပြုတာတွေလည်း ရှိပါသေးတယ်။ hCG ထိုးပြီး ၄၈ နာရီအတွင်းမှာ သားဥကြွေစေတတ်လို့ အချို့ဆရာဝန်တွေက ဖန်ပြွန်သနေ္ဓအတွက မလုပ်ခင်မှာ ဒီနည်းကို သုံးတတ်ပါတယ်။ ပြီးတော့ hCG က testosterone ထွက်စေဖို့ အထောက်အကူပြုလို့ ခန္ဓာကိုယ်ကြွက်သားတွေ တောင့်တင်းချင်တဲ့သူတွေက ဒါကို ဖြည့်စွက်ဆေးအဖြစ်နဲ့ သောက်ကြပါတယ်။ ဒါက ဝှေးစေ့ကျုံ့ခြင်း ကဲ့သို့သော အချို့သော စတီးရွိုက်တွေရဲ့ နာတာရှည်ဆိုးကျိုးတွေကိုလည်း ကာကွယ်နိုင်ပါတယ်။
အမျိုးသားတွေမှာ ကိုယ်ဝန် ရှိ၊ မရှိ ဆီးစစ်တဲ့အတံနဲ့ စစ်ကြည့်လို့ positive ပေါ်ပြီဆိုရင် အနီးဝန်းကျင်မှာရှိတဲ့ ဆေးခန်းကိုသွားပြီးတော့ ကင်ဆာ ရှိ၊ မရှိ စစ်ကြည့်ဖို့ လိုတယ်နော်။ ဝှေးစေ့ကင်ဆာရဲ့ အခြားလက္ခဏာတွေကတော့ ဝှေးစေ့မှာ အလုံးအကျိတ် စမ်းမိခြင်း၊ ဝှေးစေ့ပုံစံနဲ့ အရွယ်ပြောင်းလာခြင်း၊ ဝှေးစေ့နေရာက နာခြင်း၊ အောင့်ခြင်း၊ ခါး (သို့) ဝမ်းဗိုက်မှာ တစ်ခုခု ဖိထားသလို၊ နာသလို အောင့်သလိုဖြစ်ခြင်း၊ ကပ္ပာယ်အိတ်နေရာက လေးနေသလို ပြည့်တင်းနေသလိုဖြစ်ခြင်း၊ ရင်သားများ ကြီးလာပြီး နာခြင်းတို့ ဖြစ်ကြပါတယ်။
ကောင်းတဲ့အချက်ကတော့ ဒီဝှေးစေ့ကင်ဆာက ကုလို့ရတဲ့ကင်ဆာအမျိုးအစားထဲမှာ ပါ,ပါတယ်။ ၅ နှစ် အသက်ရှင်သန်နိုင်နှုန်းတွေနဲ့ ပြောရရင် ကင်ဆာက ဝှေးစေ့အတွင်းမှာပဲ ရှိသေးတယ်ဆိုရင် 99%, ကင်ဆာက ဝှေးစေ့နဲ့ အနီးပတ်ဝန်းကျင်က တစ်သျှူးတွေ၊ အကျိတ်တွေဆီ ရောက်နေပြီဆိုရင် 96%၊ ကင်ဆာက အဝေးမှာရှိတဲ့ အင်္ဂါတွေဆီကို ပျံ့နေပြီဆိုရင် 73% လို့ ဆိုတဲ့အတွက် စောစောသိဖို့ မကြာခဏ စစ်ဆေးပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)





























