အမျိုးသားတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာများ
ကျန်းမာရေးပြဿနာလို့ပြောရင် အမျိုးသားတွေမှာ အဖြစ်များတဲ့ရောဂါ၊ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ရောဂါ စသည်ဖြင့် ကွဲပြားချက်လေးတွေ ရှိပါတယ်။ ဒီနေ့တော့ အမျိုးသားတွေမှာ အဖြစ်များတဲ့ရောဂါတွေကို မျှဝေပေးချင်ပါတယ်။
1. အူကျခြင်း
အူကျတာကတော့ အမျိုးသားတွေမှာ အဖြစ်များတဲ့ပြဿနာတစ်ခု ဖြစ်ပြီးတော့ 25% လောက်သော အမျိုးသားတွေမှာ ဖြစ်တာကို တွေ့ရပါတယ်။ အမျိုးသားတွေမှာ သန္ဓေသားဘဝမှာ ဝှေးစေ့လေးက ဝမ်းဗိုက်နံရံက အပေါက်လေးကိုဖြတ်ပြီး အောက်က သူ့နေရာမှန်ကို ဆင်းသက်လာရပါတယ်။ ဒီအပေါက်လေးက ကြွက်သားတွေက အချိန်ကြာလာလို့ဖြစ်ဖြစ် အကြောင်းတစ်စုံတစ်ရာကြောင့်ပဲဖြစ်ဖြစ် အားနည်းလာတဲ့အခါမှာ အူက ဒီထဲကနေ ကျွံထွက်လာနိုင်ပါတယ်။ ဒါက မျိုးရိုးလည်း လိုက်တတ်ပါတယ်။ အူကျွံပြီဆိုရင်တော့ ခွဲစိတ်ဆရာဝန်နဲ့ပြသပြီးတော့ လိုအပ်ရင် ခွဲစိတ်ကုသဖို့ လိုပါတယ်။
2. ခါးရိုးညပ်ခြင်း
ခါးနာတာက အမျိုးသမီးတွေထက်စာရင် အမျိုးသားတွေမှာ ပိုပြီးအဖြစ်များပါတယ်။ ပြင်းထန်တဲ့ အားကစားတွေ၊ အကြာကြီးထိုင်ပြီး လုပ်ရတဲ့ ရုံးအလုပ်တွေနဲ့ မကွေးမဆန့်နေတာတွေက ခါးနာတာကို ပိုဆိုးစေပါတယ်။
လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် အရိုးကို ထောက်ပံ့ပေးနေတဲ့ကြွက်သားတွေကိုသန်မာစေပါတယ်။
3. ကျောက်ကပ် ကျောက်တည်ခြင်း
ကျောက်ကပ် ကျောက်တည်တာကလည်း အမျိုးသားတွေမှာ 2 ဆ ပိုဖြစ်နိုင်ချေ များပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဟော်မုန်းကြောင့်ပါ။ ဒီတော့ ကျောက်ကပ် ကျောက်မတည်အောင် ကာကွယ်ဖို့အတွက် ရေများများ သောက်ပါ။ တစ်နေ့ကို ရေ 10 ဖန်ခွက်လောက် သောက်ပေးရင် ဆီးများများ သွားစေပြီးတော့ ကျောက်ဖြစ်နိုင်ချေကိုလည်း လျှော့ချပေးပါတယ်။
4. အရေပြားကင်ဆာ (melanoma)
Melanoma လို့ခေါ်တဲ့ အရေပြားကင်ဆာကလည်း အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသားတွေက ဖုံးကွယ်စရာ ရင်သားမရှိတဲ့အခါ နေပူထဲတွေမှာလည်း အင်္ကျီတွေ ချွတ်ပြီးနေတော့ နေနဲ့ အထိများပါတယ်။ ဒီတော့ ကျောပြင်၊ လက်၊ လည်ပင်း၊ ပခုံး စတဲ့ နေရောင်ထိတွေ့မှုနေရာမှာ အရေပြားကင်ဆာတွေ ပိုဖြစ်တာပေါ့။
ဒီတော့ နေပူကြီးတွေမှာ အင်္ကျီချွတ်နဲ့ အကြာကြီးမနေပါနဲ့။ ကိုယ်အလေးချိန်လည်း ချပါ။ အဝလွန်တဲ့ အမျိုးသားတွေက ပုံမှန်အမျိုးသားတွေထက် အရေပြားကင်ဆာဖြစ်နိုင်ချေ 40% ပိုများပါသတဲ့။
5. ခံတွင်းကင်ဆာ
ခံတွင်းကင်ဆာက အမျိုးသားတွေမှာ ဘာလို့ပိုအဖြစ်များလဲဆိုရင် ဆေးလိပ်နဲ့ ဆေးရွက်ကြီးတွေကြောင့်ပါပဲ။ ကွမ်းစားတာ၊ ဆေးငုံတာနဲ့ ဆေးလိပ်သောက်တာတွေကို အမျိုးသားတွေက ပိုလုပ်တော့ သူတို့မှာ ပိုအဖြစ်များတာပေါ့။ ဒီတော့ ခံတွင်းကင်ဆာ မဖြစ်အောင် ဆေးလိပ်နဲ့ ဆေးရွက်ကြီး ရှောင်ပါ။ လိမ္မော်သီး စားပါ။ ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွေ အစားများတဲ့ အမျိုးသားတွေက မစားတဲ့သူတွေထက်စာရင် ခံတွင်းကင်ဆာ ဖြစ်နိုင်ချေ 30% လောက် နည်းပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























