/
news/အမျိုးသားများနှင့်ကျန်းမာရေး/အမျိုးသားများတွင်-ရင်သားများ-ကြီးထွားလာခြင်း

အမျိုးသားများတွင် ရင်သားများ ကြီးထွားလာခြင်း

Category
အမျိုးသားများနှင့်ကျန်းမာရေး

          " ဟာ ... ဒီကောင် နို့စူနေတယ်ဟ "

          တဟီးဟီး ... တဟားဟား စနောက်သံကြားမှာ သူ နေရာမှပင် အငွေ့ပျံထွက်ပြေးချင်လာသည်။

          သူငယ်ချင်းတွေ ပြောသလိုပင် သူ့ ရင်သားများက အနည်းငယ် စူထွက်နေသည်။

          သူ ပုံမှန်မဟုတ်တော့ဘူးလား ... ရောဂါတစ်ခုခု ရှိနေတာလား ...

          ရှက်ခြင်း နှင့် ကြောက်ခြင်းကြောင့် ဘယ်ပြေးပုန်းရမည်ပင် မသိတော့ချေ။

 

==========================================================

 

          အမျိုးသားများ၏ ရင်သားများ အကြောင်းတစ်ခုခုကြောင့် ကြီးထွားလာခြင်းကို ဆေးပညာအရ gynaecomastia လို့ ခေါ်ပါတယ်။ ရင်သားကို ဖွဲ့စည်းတည်ဆောက်ထားသော တစ်သျှူးများ ကြီးမားလာခြင်းကို ဆိုလိုပြီး ဝဖြိုးသောကြောင့် အဆီများ စုပုံလာခြင်းကို ခေါ်ဆိုခြင်း မဟုတ်ပါဘူး။

●        Gynaecomastiaဟာ ရင်သားတစ်ဖက်တည်း သို့မဟုတ် နှစ်ဖက်စလုံးတွင် ဖြစ်ပေါ်နိုင်ပါတယ်။

●        အသက်အရွယ်မရွေးတွင် ဖြစ်ပွားနိုင်ပြီး မွေးကင်းစယောက်ျားလေးများတွင်လည်း ဖြစ်နိုင်ပါတယ်။

●        Gynaecomastia ဖြစ်ပေါ်ပါက ရင်သားဟာ ကြီးထွားလာပြီး နို့သီးခေါင်းအနောက်ဘက်တွင် အလုံးများကို စမ်းမိနိုင်ပါတယ်။ နာကျင်မှုလည်း ရှိနိုင်ပါတယ်။

          Gynaecomastia ဖြစ်စေသော အဓိက အကြောင်းရင်းမှာ ဟော်မုန်းပြောင်းလဲခြင်းကြောင့် ဖြစ်ပါတယ်။ မွေးဖွားသောအချိန်၊ လူပျိုစဖြစ်ချိန်နှင့် အသက်ကြီးရင့်ချိန်များတွင် ကိုယ်ခန္ဓာမှာ ဟော်မုန်းများ ပြောင်းလဲခြင်း ဖြစ်ပေါ်ပါတယ်။ အီစတိုဂျင်ဟိုမုန်းနှင့် တက်စတိုစတီရုန်းဟိုမုန်းများ မမျှတမှုကြောင့် ရင်သားများ ကြီးထွားလာခြင်း ဖြစ်ပါတယ်။ အသက် ၅ဝ နှင့်အထက် လူကြီးများတွင် ပိုမိုအဖြစ်များကြောင်း တွေ့ရပါတယ်။

 

>>    ရင်သားကြီးထွားခြင်းကို ဖြစ်စေသော အခြားအကြောင်းအရာများကတော့ -

●        အဒရီနယ်ဂလင်း၊ ဦးနှောက်ရှိဂလင်းနှင့် ဝှေးစေ့တွင် အကျိတ်ဖြစ်ခြင်း

●        သိုင်းရွိုက်လှုပ်ရှားမှုများသောရောဂါ

●        တက်စတိုစတီရုန်းနည်းသောရောဂါ

●        ကျောက်ကပ်ရောဂါ

●        အသည်းရောဂါ

●        ဆေးဝါးများ (HIV ဆေးများ၊ ခီမိုဆေးများနှင့် ဓာတ်ကင်ခြင်း၊ ပိုးသတ်ဆေးများ၊ နှလုံးဆေးများ၊ စိတ်ရောဂါဆေးများ၊ အစာအိမ်ဆေး (proton pump inhibitor) နှင့် ဟီးရိုးအင်း၊ အန်ဖက်တမင်း၊ ဆေးခြောက်၊ ဘိန်းစသောမူးယစ်ဆေးဝါးများ)

●        အဝလွန်ခြင်း၊ အရက်သေစာ အလွန်အကျွံသောက်ခြင်း

●        အီစတိုဂျင်ဟိုမုန်းများ သောက်ခြင်း

          စသည်တို့ ဖြစ်ပါတယ်။

          Gynaecomastia ဖြစ်နေတယ်လို့ သံသယရှိပါက ဆရာဝန်နှင့် ပြသတိုင်ပင်ပြီး အဖြေရှာသင့်တယ်နော်။

          Gynaecomastiaဟာ ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်တာမို့ ကြိုတင်ကာကွယ်ခြင်း မပြုလုပ်နိုင်ပါဘူး။ ဖြစ်ပေါ်စေသော အကြောင်းရင်းကို အဖြေရှာပြီး သင့်တော်တဲ့ ကုသမှုပုံစံကို ဆရာဝန်က ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။

          ထို့ပြင် အဝလွန်နေသူများအနေဖြင့် ၀ိတ်ချခြင်း၊ အရက်လျှော့ခြင်းစသော လူနေမှုပုံစံ ပြောင်းလဲခြင်းကိုလည်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။

          မွေးကင်းစကလေးများနှင့် ဆယ်ကျော်သက်များတွင် ရင်သားကြီးထွားခြင်းဟာ ၆ လကနေ ၂ နှစ်အတွင်းမှာ နဂိုအတိုင်း ပြန်သေးသွားနိုင်တာမို့ စိုးရိမ်စရာမရှိပါဘူး။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)