/
news/အမျိုးသားများနှင့်ကျန်းမာရေး/အမျိုးသားများနှင့်-တစ်ကိုယ်ရည်-အာသာဖြေခြင်း

အမျိုးသားများနှင့် တစ်ကိုယ်ရည် အာသာဖြေခြင်း

Category
အမျိုးသားများနှင့်ကျန်းမာရေး

          အမျိုးသားများ ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်နိုင်တဲ့ သေချာတဲ့ အလုပ်တစ်ခုကတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အာသာဖြေခြင်းနဲ့ ပတ်သက်ပြီး အမျိုးသားများ မသိသေးတဲ့အချက်များ ရှိနေပါသေးတယ်။ ဒါတွေကတော့ ...

 

1.      တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ လိင်ဆက်ဆံခြင်းလောက် ကျန်းမာရေးအကျိုး မရရှိစေနိုင်ပါဘူး။

          လိင်ဆက်ဆံခြင်းဟာ အမျိုးသားတွေမှာ သွေးပေါင်၊ နှလုံးနဲ့ ဆီးကျိတ် ကျန်းမာရေးတို့ကို အကျိုးပြုပါတယ်။ ဒါပေမဲ့ တစ်ကိုယ်ရည် အာသာဖြေခြင်းမှာတော့ ဒီအကျိုးတရားတွေ မရရှိစေနိုင်ပါဘူး။ ဒါပေမဲ့ လေ့လာစမ်းသပ်မှုတစ်ခုမှာတော့ အာသာဖြေခြင်းက ဆီးကျိတ်ကင်ဆာဖြစ်နှုန်းကို လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။

 

2.      တစ်ကိုယ်ရည် အာသာဖြေခြင်းမှာလည်း ဆိုးကျိုးများ ရှိနေနိုင်ပါတယ်။

          အာသာဖြေခြင်းဟာ ဆိုးကျိုးမရှိသလောက် နည်းပါတယ်။ အာသာဖြေခြင်းဖြင့် လိင်မှ ကူးစက်ရောဂါရနိုင်ခြေနဲ့ ကိုယ်ဝန်ရနိုင်ခြေ မရှိပါဘူး။ ဒါပေမဲ့ အန္တရာယ်လုံးလုံး မရှိတာမျိုးတော့ မဟုတ်ပါဘူး။

          မကြာခဏ အာသာဖြေခြင်း ဒါမှမဟုတ် ကြမ်းကြမ်းတမ်းတမ်း လုပ်ကိုင်ခြင်းကြောင့် ထိခိုက်အနာတရများ ဖြစ်တတ်ပါတယ်။ ရံဖန်ရံခါ ရှားရှားပါးပါး ယောင်္ကျားအင်္ဂါအတွင်းရှိ သွေးများနဲ့ ပြည့်နေတဲ့ အခန်းငယ်များ ပေါက်ထွက်တတ်ပြီး အင်္ဂါကျိုးခြင်းအထိ ဖြစ်တတ်ပါတယ်။

 

3.      တစ်ကိုယ်ရည် အာသာဖြေခြင်းမှာ အကြိမ်အရေအတွက်က အရေးမကြီးပါဘူး။

          တချို့အမျိုးသားများဟာ သူတို့ကိုယ်သူတို့ အာသာဖြေတဲ့ အကြိမ်များနေပြီလို့ တွေးထင်တတ်ကြပါတယ်။ တကယ်တော့ တစ်ရက် ဒါမှမဟုတ် တစ်ပတ်အတွင်း ဘယ်နှကြိမ် အာသာဖြေလေ့ ရှိတယ်ဆိုတာဟာ အရေးမကြီးပါဘူး။

          အဓိကကျတာကတော့ ကျန်းမာရေး ကောင်းမွန်ပြီး ဘဝကို သာယာပျော်ရွှင် ကျေနပ်စွာ ဖြတ်သန်းနိုင်ဖို့ပါပဲ။ ဒါပေမဲ့ အာသာဖြေခြင်းကို စွဲလန်းပြီး အလုပ်ပျက် အကိုင်ပျက် ဖြစ်လာမယ်၊ ကိုယ့်ချစ်သူ၊ ဇနီးမယားနဲ့ အဆင်မပြေ ဖြစ်လာမယ်ဆိုရင်တော့ ကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံပြသသင့်ပါတယ်။

 

4.      တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ သင့်အချစ်ရေးနဲ့ မသက်ဆိုင်၊ မပတ်သက်ပါဘူး။

          အမျိုးသားအများစုဟာ လူလွတ်ဖြစ်နေတဲ့အချိန်၊ ချစ်သူဇနီးမယားနဲ့ အဆင်မပြေ ဖြစ်နေတဲ့အချိန်၊ ဒါမှမဟုတ် သာယာချမ်းမြေ့တဲ့ အချစ်လမ်းခရီးကို ဖြတ်သန်းနေရတဲ့အချိန် ဘယ်အချိန်မျိုးမှာမဆို အာသာဖြေလေ့ ရှိကြပါတယ်။ ဒါဟာ အိမ်ထောင်ဖက်နဲ့ မဆိုင်ပါဘူး။ လေ့လာစမ်းသပ်သူတစ်ဦးက တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ အမျိုးသားအများစုအတွက် စိတ်ဖိစီးမှုကို လျှော့ချနိုင်ဖို့၊ အလုပ်မစခင် ခေါင်းရှင်းနိုင်ဖို့၊ ဒါမှမဟုတ် အိပ်ပျော်စေနိုင်ဖို့ အထောက်အကူပြုနိုင်တယ်လို့ ဆိုပါတယ်။

 

5.      တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ အိမ်ထောင်ရေး သာယာစေနိုင်ပါတယ်။

          တစ်ကိုယ်ရည် အာသာဖြေခြင်းကြောင့် အမျိုးသားများဟာ အိမ်ထောင်ရေးဘဝမှာလည်း သာယာမှုကို ရစေနိုင်ပါတယ်။ လေ့လာစမ်းသပ်သူက အမျိုးသမီးတွေမှာလည်း အမျိုးသားတွေလို တစ်ကိုယ်ရည် အာသာဖြေပါက အိမ်ထောင်ရေးဘဝ ပိုမိုသာယာလာနိုင်မယ်လို့ ဆိုပါတယ်။

          အမျိုးသားအများစုမှာ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့ ဆိုပါသေးတယ်။ တစ်ကိုယ်ရည် အာသာမဖြေသူတစ်ဦးမှာ စိတ်ပူပန်လွန်ရောဂါနဲ့ အခြားကျန်းမာရေးပြဿနာများ ရှိနေနိုင်တယ်လို့ သိရပါတယ်။

Dr. Emerald (www.drmyanmar.com)