/
news/အမျိုးသားများနှင့်ကျန်းမာရေး/အမျိုးသားများသည်-ခွဲစိတ်မှုမခံယူမီ-ပန်းသေပန်းညှိုးဆိုင်ရာဆေးများ

အမျိုးသားများသည် ခွဲစိတ်မှုမခံယူမီ ပန်းသေပန်းညှိုးဆိုင်ရာဆေးများ သောက်သုံးခြင်းကိုရှောင်ရှားသင့်

Category
အမျိုးသားများနှင့်ကျန်းမာရေး

        ကျွမ်းကျင်ပညာရှင်တွေရဲ့အဆိုအရ အမျိုးသားများသည် ခွဲစိတ်မှုမခံယူမီတွင် Viagra ကဲ့သို့ ယောကျာ်း အင်္ဂါသန်မာခြင်းကို အထောက်အကူပြုစေနိုင်သောဆေးများမှီဝဲခြင်းကို ရှောင်ရှားသင့်ကြောင်း သိရပါတယ်။

          ၎င်းဆေးတွေမှာ နိုက်ထရစ်အောက်ဆိုဒ်ပါဝင်တာကြောင့် သွေးကြောကိုကျယ်စေပြီး ကြွက်သားများ ကိုပျော့စေနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ မေ့ဆေးနဲ့ခွဲစိတ်ရာမှာအသုံးပြုတဲ့ အခြားဆေးတွေနဲ့ပေါင်းပြီး လူနာရဲ့သွေးပေါင်ချိန်ဟာ အန္တရာယ်ရှိနိုင်တဲ့အနေအထားထိကျဆင်းနိုင်ကြောင်းကို အမေရိကန်မေ့ဆေး သူနာပြုအဖွဲ့ကြီး (AANA) က ပြောဆိုခဲ့ပါတယ်။

          ထပ်မံ၍အကြံပေးထားတာကတော့ Vigra ကဲ့သို့ဆေးမျိုးကို ခွဲစိတ်မှုမခံယူမီတစ်ရက်အလိုကပင် စတင်ရှောင်ရှားသင့်ကြောင်း၊ အကြောင်းမှာ ၎င်းဆေးများဟာအာနိသင်ပြယ်ဖို့အတွက် 24 နာရီကျော်လောက် လိုတာကြောင့်ဖြစ်ကြောင်း သိရပါတယ်။

          ဒါ့အပြင်အမျိုးသားတွေအနေနဲ့ မေ့ဆေးဆရာဝန်ကို ထိုကဲ့သို့ဆေးမျိုးသုံးစွဲထားခြင်းရှိ/မရှိကို ကြိုတင်ပြောကြားထားရန်မှာလည်း အလွန်ပင်အရေးကြီးလှပါတယ်။ AANA ရဲ့ဥက္ကဋ္ဌဖြစ်သူ Juan Quintana က လူနာတွေအနေနဲ့ ၎င်းတို့သုံးစွဲထားတဲ့ဆေးနဲ့ပတ်သက်ပြီး မေ့ဆေးကျွမ်းကျင်ပညာရှင်ကိုပြောပြဖို့ ဝန်မလေးသင့်ဘူးလို့လည်း ဆိုထားပါတယ်။

          လူနာတွေအနေနဲ့ ဒီလိုဆေးမျိုးတွေသာမက မိမိမှီဝဲနေတဲ့အခြားဆေးဝါးများ၊ ဖြည့်စွက်အာဟာရများနဲ့ ဂျင်ဆင်းကဲ့သို့သော တိုင်းရင်းဆေးများအကြောင်းကိုလည်း ဆရာဝန်ကိုကြိုတင်အသိပေးထားသင့်ပါတယ်။

 

Dr. Moe Thauk Pan

www.drmyanmar.com