/
news/အမျိုးသားများနှင့်ကျန်းမာရေး/အမျိုးသားများအတွက်-လိုအပ်သော-ကျန်းမာရေး-စစ်ဆေးချက်များအကြောင်း

အမျိုးသားများအတွက် လိုအပ်သော ကျန်းမာရေး စစ်ဆေးချက်များအကြောင်း

Category
အမျိုးသားများနှင့်ကျန်းမာရေး

    အမျိုးသား တော်တော်များများအနေဖြင့် အလုပ်များလို့သော်လည်းကောင်း၊ မလိုအပ်ဘူး ထင်လို့သော်လည်းကောင်း ကျန်းမာရေးစစ်ဆေးမှုများကို ပုံမှန်ပြုလုပ်ကြခြင်း နည်းပါးပါတယ်။ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် ရောဂါတော်တော်များများကို ကာကွယ်နိုင်တာမို့ အမျိုးသားတွေအနေနဲ့ ဦးစားပေးစစ်ဆေးသင့်သော စစ်ဆေးမှုများကို တင်ပြလိုက်ပါတယ်။

>>    နှလုံးစစ်ဆေးမှုများ
●    သွေးပေါင်ချိန်
    သွေးပေါင်ပုံမှန်ရှိသူများ၊ အသက် ၄၀ အောက် အမျိုးသားများနဲ့ သွေးတိုးမျိုးရိုး မရှိသူများအနေဖြင့် ၂ နှစ်တစ်ကြိမ် သွေးပေါင်ချိန်ဖို့ လိုအပ်ပါတယ်။
    အသက် ၄၀ ကျော်သူများနဲ့ သွေးတိုးရှိသူများ၊ မျိုးရိုးတွင် နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ သွေးတိုးရှိသူများအနေနဲ့တော့ လစဉ် သွေးပေါင်တိုင်းသင့်ပါတယ်။

●    သွေးတွင်းကိုလက်စထရောနဲ့ Triglycerides
    အသက် ၄၅ နှစ်နဲ့အထက် ရှိသူများအနေဖြင့် ၅ နှစ်တစ်ကြိမ် စစ်ဆေးဖို့လိုပြီး အသက် ၄၀ အရွယ် မျိုးရိုးရှိသူများ၊ အဝလွန်သူများ၊ သွေးတိုးနဲ့ ဆီးချိုရှိသူများကတော့ နှစ်စဉ်စစ်ဆေးသင့်ပါတယ်။

●    အဝလွန်ခြင်းအတွက် BMI စစ်ဆေးမှု
    အသက် ၄၀ အောက်ဖြစ်ပါက ၂ နှစ်တစ်ကြိမ် စစ်သင့်ပြီး အသက် ၄၀ အထက်ကတော့ နှစ်စဉ်စစ်ဆေးသင့်ပါတယ်။

●    ECG
    အသက် ၅၀ အထက်လူကြီးများအနေနဲ့ ၂ နှစ်တစ်ကြိမ် ECG ဆွဲသင့်ပါတယ်။

>>    ဆီးကျိတ်စစ်ဆေးမှုများ
    အမျိုးသားထုကို ခြိမ်းခြောက်လျက်ရှိသော ရောဂါများအနက် ဆီးကျိတ်ကင်ဆာလည်း အပါအဝင်ဖြစ်တာ ငြင်းလို့မရပါဘူး။ ဒါကြောင့် အသက် ၅၀ ကနေ ၇၀ အရွယ် အမျိုးသားတိုင်းအနေနဲ့ Prostae specific antigen (PSA) ကို နှစ်စဉ်စစ်ဆေးသင့်ပါတယ်။

>>    အူလမ်းကြောင်း စစ်ဆေးမှုများ
    သင်သိပါသလား။ အူလမ်းကြောင်းကင်ဆာရောဂါများရဲ့ ၉၀ ရာနှုန်းဟာ စောစီးစွာ သိရှိခြင်းဖြင့် အောင်မြင်စွာ ကုသနိုင်တယ်ဆိုတာ။
    အသက် ၅၀ မှ ၇၄ နှစ်အတွင်း အမျိုးသားများအနေဖြင့် အူလမ်းကြောင်းကင်ဆာ စစ်ဆေးချက်များကို ပြုလုပ်ခြင်းဖြင့် စောစီးစွာ သိရှိနိုင်မှာ ဖြစ်ပါတယ်။
●    မစင်ကနေ FOBT ဟုခေါ်သော စစ်ဆေးမှုပြုလုပ်ခြင်းကို အသက် ၅၀ နှင့်အထက် သို့မဟုတ် မျိုးရိုးတွင် အူလမ်းကြောင်းကင်ဆာ ရှိသူများအနေဖြင့် အသက် ၄၀ ကျော်တာနဲ့ ၂ နှစ်တစ်ခါ ပြုလုပ်သင့်ပါတယ်။
●    သင့်တွင် အူလမ်းကြောင်းကင်ဆာ ဖြစ်နိုင်ခြေများပါက အူမှန်ပြောင်းကြည့်ခြင်းကို ၅ နှစ်တစ်ခါ ပြုလုပ်သင့်ပါတယ်။
    ကဲ ... ဒါဆိုရင်တော့ ကျန်းမာရေးအတွက် ဘယ်လိုစစ်ဆေးမှုများ ပြုလုပ်သင့်တယ်ဆိုတာ သိရှိပြီမို့ ဒီနှစ်က စတင်ပြီး ပုံမှန်စစ်ဆေးကြဖို့ အကြံပြုလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)