အိပ်ချိန်မမှန်ခြင်းကြောင့် မျိုးပွားနိုင်စွမ်း ထိခိုက်ခြင်း
အိပ်တာ များတာပဲဖြစ်ဖြစ်၊ နည်းတာပဲဖြစ်ဖြစ် အမျိုးသားသုတ်ပိုးရဲ့ မျိုးပွားနိုင်စွမ်းကို ထိခိုက်စေနိုင်တယ်တဲ့နော်။
အိပ်ချိန်နဲ့ အမိျုးသားတွေရဲ့ မျိုးပွားနိုင်စွမ်းကို လေ့လာထားတဲ့ လေ့လာမှုအသစ်တစ်ခုမှာ တစ်ညကို ၆ နာရီအောက်သာ အိပ်သူတွေ၊ ညနက်မှ အိပ်သူတွေ၊ တစ်ညကို ၉ နာရီထက် ပိုကြာကြာအိပ်သူတွေဟာ သုတ်ပိုးပျက်စီးမှုများတာကို တွေ့ရတယ်။
ဒီလေ့လာမှုမှာ ကျန်းမာတဲ့တရုတ်အမျိုးသား ၉၈၁ ယောက်ကို အိပ်ချိန်အလိုက်ခွဲပြီး လေ့လာကြည့်ထားတယ်။
အုပ်စု A မှာ တစ်ညကို ၈ နာရီကနေ ၁၀ နာရီအတွင်း အိပ်တတ်ပြီး အုပ်စု B က ၁၀ နာရီနောက်ပိုင်း အိပ်တယ်။ အုပ်စု C ကတော့ ညသန်းခေါင်ကျော်မှ အိပ်တတ်တယ်။
အိပ်တဲ့ကြာချိန်ပေါ် မူတည်ပြီးတော့လည်း ၆ နာရီအောင် အိပ်ချိန်ရှိသူ အုပ်စု ၁၊ ၇ နာရီကနေ ၈ နာရီထိ အိပ်ချိန်ရှိသူ အုပ်စု ၂၊ ၉ နာရီထက် ပိုအိပ်သူ အုပ်စု ၃ ဆိုပြီးတော့ ၃ အုပ်စု ခွဲထားတယ်။
ဒီလိုအိပ်ချိန်အမျိုးမျိုးပေါ် မူတည်ပြီး သုတ်ပိုးရဲ့ပုံသဏ္ဌာန်၊ ပမာဏ၊ ရှင်သန်နိုင်မှု၊လှုပ်ရှားမှုတွေကို လေ့လာကြည့်ထားတယ်။
ဒါ့အပြင် သုတ်ပိုးဆန့်ကျင် အင်တီဘော်ဒီတွေကိုလည်း လေ့လာစမ်းသပ်ကြည့်သေးတယ်။ ဒီအင်တီဘော်ဒီတွေဟာ သဘာဝအတိုင်းဖြစ်လာတဲ့ အင်တီဘော်ဒီတွေဖြစ်ပြီး မျိုးပွားနိုင်စွမ်းကို ထိခိုက်စေနိုင်တယ်။
တခြားလူတွေနဲ့ ယှဉ်ကြည့်လိုက်တဲ့အချိန်မှာ ညဘက် သိပ်မအိပ်တဲ့လူတွေမှာ သုတ်ပိုးအရေအတွက်နဲ့ ရှင်သန်နိုင်နှုန်း ပိုနည်းတာကို တွေ့ရတယ်။
ပြီးတော့ ညသန်းခေါင်ကျော်မှ အိပ်ရာဝင်တာနဲ့ အ,အိပ်များတာတွေကလည်း သုတ်ပိုးရဲ့ကွာလတီကို ထိခိုက်စေနိုင်သေးတယ်တဲ့။
ပုံမှန်အိပ်သူတွေ၊ အိပ်ချိန်ကြာသူတွေထက်စာရင် အ,အိပ်နည်းသူတွေရဲ့ သုတ်ပိုးလှုပ်ရှားနိုင်စွမ်းက ပိုနည်းတယ်။
အိပ်ချိန်နည်းသူ၊ များသူ၊ အိပ်ချိန် နောက်ကျသူတွေအားလုံးမှာ သုတ်ပိုး ကျန်းမာရေးချို့ယွင်းတာကို တွေ့ရတယ်။
ပိုလေ့လာဖို့လိုသေးတာက အိပ်ချိန် ပုံမှန်ပြန်ဖြစ်ပြီးနောက်မှာ သုတ်ပိုး ပုံမှန်ပြန်ဖြစ်၊ မဖြစ် ဆိုတာပါပဲ။
အဲဒါကြောင့် အမျိုးသားတွေ မျိုးပွားနိုင်စွမ်းကောင်းစေဖို့ လူနေမှုပုံစံတွေကို ပြုပြင်ပြောင်းလဲဖို့ လိုလာပြီနော်။
Dr. Mya Phoo Ngon (www.drmyanmar.com)