/
news/အမျိုးသားများနှင့်ကျန်းမာရေး/အူကျတဲ့အခါ

အူကျတဲ့အခါ

Category
အမျိုးသားများနှင့်ကျန်းမာရေး

         အူကျတယ်ဆိုတာ ဘာလဲသိကြရဲ့လား။ မသိသေးရင်လည်း စိတ်မပူပါနဲ့။ ဆွေးနွေးကြည့်ကြရအောင်နော်။

          အူကျတယ်ဆိုတာဟာ တကယ်တော့ ပေါင်ရင်းနား တစ်ဝိုက်မှာရှိတဲ့ လျော့ရဲရဲနေရာကနေ အထဲက တစ်သျှူးတွေ၊ ကလီစာတွေ ထွက်ကျလာတာပါ။ ဒါကြောင့် ပေါင်ရင်းနားနဲ့ ကပ္ပာယ်အိတ်မှာ အလုံးကြီး ထွက်လာတာပေါ့။ တစ်ခါတလေလည်း နာတာ ကျင်တာ၊ လေးလေးကြီး ဖြစ်နေတာ၊ ဟာခနဲ ဖြစ်သွားတာမျိုးတွေ ခံစားရလိမ့်မယ်။

          ဝမ်းဗိုက်ကြွက်သားတွေ လျော့ရဲနေလို့ အူကျတာပါ။ အထူးသဖြင့် အလေးအပင် မလိုက်တာ၊ ညှစ်လိုက်တာ၊ ချောင်းဆိုးလိုက်တာကြောင့် ရုတ်တရက် ထွက်ကျလာနိုင်တယ်။ သူ့အလိုလို ယူပစ်လိုက်သလို ပြန်ပျောက်သွားတယ်ဆိုတာ လုံးဝမရှိဘူး။ တဖြည်းဖြည်းနဲ့ ပိုပိုပြီးဆိုးလာတာပဲရှိမယ်။

          ဘာပြဿနာမှမပေးရင် ခွဲဖို့ကို အေးအေးဆေးဆေး စောင့်ရပါလိမ့်မယ်။ အူကျတယ်ဆိုတာ ပိုဆိုးလာတာလည်း ရှိသလို သေးသေးလေးနဲ့ မနာတဲ့ဟာမျိုးဆို တစ်သက်လုံး ဒီအတိုင်းလေးပဲလည်း ရှိနေနိုင်တယ်။

          ဆရာဝန်ရက်ချိန်းတွေ သေချာပြဖို့တော့ လိုလိမ့်မယ်နော်။

          အူကျနေပြီဆိုရင် ယောက်ယက်မခက်သွားနဲ့ဦး။ စိတ်အေးအေးထားပြီး ပိုမဆိုးလာအောင် ကိုယ့်ဟာကိုယ် စောင့်ရှောက်ရမှာပေါ့။

          အကိုက်အခဲပျောက်ဆေးတွေကို ဆရာဝန် ညွှန်တဲ့အတိုင်းသာ သောက်ပါ။

          ဆရာဝန် ဆေးမညွှန်ထားရင်လည်း ဆေးဆိုင်မှာ အလွယ်တကူ ဆေးဝယ်သောက်လို့ ရ၊ မရကို ဆရာဝန်ကို မေးမြန်းကြည့်လို့ရတယ်။

          ဖြစ်နိုင်ရင် အလေးအပင် မ,မပါနဲ့။ မတတ်နိုင်လို့ မ,ရမယ်ဆိုရင်တောင် မှန်မှန်ကန်ကန်နည်းလမ်းနဲ့ မ,လို့ရတယ်။ ဒူးကိုကွေး၊ ခါးကိုဆန့်ပြီး လက်နဲ့ခြေထောက်ကိုပဲ အားပြုပါ။ အလေးကို ကိုယ်နဲ့ တတ်နိုင်သမျှ ကပ်ပြီးတော မလိုက်ပါ။ ခါးကို လိမ်တာ၊ ကုန်းတာမျိုးလုပ်မယ့်အစား ခြေထောက်ကိုပဲ သုံးပေးပါ။

          အဝလွန်နေရင် ကိုယ်အလေးချိန် လျှော့ချဖို့ ကြိုးစားကြည့်ပါ။

          အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆံတွေ များများစားသင့်တယ်။ ဒီအစားအသောက်တွေမှာ အမျှင်ပါလို့ ဝမ်းသွားရ လွယ်စေတယ်။

          နောက်ပြီး ဆေးလိပ် မသောက်နဲ့နော်။ ဆေးလိပ်သောက်ရင် ချောင်းဆိုးပြီး အူကြီး ပိုကျွံကျလာလိမ့်မယ်။ ဆေးလိပ်ဖြတ်ဖို့ မလွယ်ရင်လည်း ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘယ်လိုဖြတ်ရမလဲဆိုတာ ဆွေးနွေးကြည့်ပါ။

          အိမ်မှာ ကိုယ့်ဟာကိုယ် စောင့်ရှောက်လျက်နဲ့ ပိုဆိုးလာရင် ဆရာဝန်၊ ဆရာမနဲ့ ပြဖို့လိုလာပြီပေါ့။

●        ဗိုက်နာလာတာ

●        အန်တာ

●        လေ မလည်၊ ဝမ်း မသွားတာ

●        လှဲနေရင်း ဖွဖွလေး ဖိထည့်ကြည့်လို့ မရတော့တာ

●        အူကျနေတဲ့ အလုံးလေးနီရဲပြီး နာလာတာ

          ဒီလိုလက္ခဏာတွေကို စောင့်ကြည့်ထားတာ မမှားဘူးပေါ့။ တစ်ခုခုဖြစ်လာရင် ဆရာဝန်နဲ့ ချက်ချင်းပြရပါမယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)