Laptop နဲ့ မျိုးဆက်ပွား ကျန်းမာရေး
အခုခေတ်ကာလမှာ Laptop ဆိုတဲ့ ကိုယ်ပိုင် အိတ်ဆောင်ကွန်ပျူတာတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာကို တွေ့ရပါတယ်။ Laptop ဆိုတဲ့ အမည်အတိုင်းပဲ အလွယ်တကူ ပေါင်ပေါ်တင်ပြီး အသုံးပြုလာကြတဲ့အခါ မျိုးပွားအင်္ဂါမှာ အပူလွန်ကဲပြီး သားသမီးရဖို့ ခက်ခဲတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ မော်ဒယ်မြင့် နောက်ဆုံးပေါ် laptop တွေမှာ စက်မပူအောင် နည်းပညာတွေ တိုးမြှင့်ထားပေမယ့် ကလေးရဖို့ ကြိုးစားနေကြတဲ့ အမျိုးသားတွေအတွက်ကတော့ စိုးရိမ်စရာ အနေအထားမှာ ရှိနေပါသေးတယ်။
ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေအတွက် ကလေးရနိုင်ဖို့ရာ ကပ္ပာယ်ဝှေးစေ့ရဲ့ အပူချိန်ဟာ အရေးပါလှပါတယ်။ လေ့လာစမ်းသပ်မှုတွေအရ ပေါင်ပေါ် Laptop တင်ပြီး အသုံးပြုတတ်တဲ့ အမျိုးသားတွေမှာ ကပ္ပာယ်အိတ် အပူချိန်ဟာ အတော်အသင့် တက်လာတာကို စိုးရိမ်ဖွယ် တွေ့ရှိရပါတယ်။ 1 နာရီမျှ အသုံးပြုမိတဲ့အခါ အပူချိန် 5 ဒီဂရီဖာရင်ဟိုက်အထိ တက်သွားနိုင်ပါတယ်။
ဒီလိုပေါင်ပေါ်တင်ပြီး အသုံးပြုကြတဲ့အခါ ခြေနှစ်ချောင်းကို ပူးကပ်ထိုင်လေ့ရှိတဲ့အတွက် အပူချိန် ပိုတက်နိုင်ကြောင်း တွေ့ရှိရပါတယ်။ ဒုတိယအချက်အနေနဲ့ Laptop နဲ့ လက်ကိုင်ဖုန်း အစရှိတဲ့ ဆက်သွယ်ရေး လျှပ်စစ်ပစ္စည်းတွေကနေ ထွက်လာတဲ့ လျှပ်စစ်သံလိုက်လှိုင်းဟာ အမျိုးသားတွေသာမက အမျိုးသမီးတွေမှာပါ မျိုးဆက်ပွား ကျန်းမာရေးကို အန္တရာယ် ရှိစေပါတယ်။
နောက်ဆုံးအချက်အနေနဲ့ နည်းပညာများ အစွမး်ကုန် ဖွံ့ြဖ်ိုးတိုးတက်နေတဲ့ ဒီဘက်ခေတ်ပိုင်းမှာ လူတွေဟာ လှုပ်ရှားမှုနည်းပြီး အထိုင်များလာကြပါတယ်။ လေ့ကျင့်ခန်း လှုပ်ရှားမှုတွေဟာ အမျိုးသားတွေမှာ သုတ်ကောင်အရေအတွက်ကို များပြားစေနိုင်စွမ်းရှိတဲ့အတွက် မျိုးဆက်ပွားရေးကို ကူညီထောက်ပံ့ပေးပါတယ်။ အထိုင်များလာတာဟာ မျိုးဆက်ပွားရေးကို သာမက ကျန်းမာရေးကိုပါ ဆုတ်ယုတ်စေနိုင်ကြောင်း သတိပြုသင့်ပါတယ်။
ဒါကြောင့် အခုပဲ ပေါင်ပေါ်က Laptop ကို ပိတ်၊ ထိုင်ရာကထပြီး အကြောပြေ၊ အညောင်းဆန့် သွေးပူလေ့ကျင့်ခန်းလေး လုပ်လိုက်ကြရအောင်။ သြော် ဒါနဲ့ ... Laptop ကိုလည်း စားပွဲပေါ်မှာ တင်သုံးကြဖို့ မမေ့ကြနဲ့နော်။
Dr. Emerald (www.drmyanmar.com)






























